New Artical

ရဲယိုပင်၊ ရဲယိုသီး၊ ရဲယိုရွက် တို့ရဲ့ကောင်းခြင်းများ

 

ရဲယိုပင် (Noni)  

‘ရဲယို' ရဲ့ ရုက္ခအပင်လောက' အမည်က တော့ မိုရင်ဒါ-စီထရိုဖိုးလီးယား (Morinda Citrofolia) ဖြစ်ပါတယ်။မြန်မာပြည်မှာ ‘ရဲယို' လို့ လူအများ သိကြတဲ့ခြုံပင်၊ အပင်ပု တမျိုး (တချို့လည်းအပင်မြင့်)ဖြစ်ပါတယ်။  ’ရဲယိုရွက်' နဲ့ ‘ငါးပေါင်းထုတ်' စားဖူးသူ၊ ရဲယိုသီးမှည့်ကို ဆားနဲ့တို့စား၊ချောင်းဆိုး ပျောက်သူ များက ( ‘ရဲယို’ များ အဆန်းလား၊ ဒို့များ သိပြီးသား) လို့ ဆိုကြမှာပါ။ ‘ရဲယို’ ဟာ အပွင့်၊ အသီး၊ အရွက်၊ အကိုင်း အခက်၊ ပင်စည်၊ အခေါက်၊ အမြစ် မကျန် တပင်လုံးဟာဆေးဖက်ဝင် ဘယဆေးပင်ဖြစ်ပါတယ်။ ရဲယိုသီးမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေဟာ “CD4 Count” ခေါ်တဲ့ ကိုယ်ခန္ဓာ ခုခံစွမ်းအား၊ အနိမ့်အမြင့်ကို ပြတဲ့ ဓာတ်ခွဲစမ်းသပ်မှုမှာ အမှန်တကယ် “CD4Count” မြင့်တက်စေတာကိုခေတ်မီဆေး သိပ္ပံ သုတေသနတွေက  ဖော်ပြ နေကြပါတယ်။

HIV/AIDS လူနာတွေမှာဆိုရင် ရောဂါအဆင့်မြင့် လာတာနဲ့အမျှ သူတို့ရဲ့ “CD4 Count” ဟာ တဖြည်းဖြည်း ကျဆင်းလာတတ်ပါတယ်။  “CD4 Count” မြင့်တက် လာတာနဲ့ အတူရောဂါဝေဒနာ သက်သာ၊ တိုးတက် လာနိုင်ပါတယ်။ အလားတူပဲကင်ဆာရောဂါလို့ ခေါ်တဲ့ ခန္ဓာကိုယ် ကလပ်စည်း တွေ၊ ဆဲလ်တွေ၊ ထိန်းမနိုင် သိမ်းမရ၊အဆမတန် ပုံမှန်မဟုတ် တိုးပွားလာတာ (ဒါကြောင့် မြန်မာ တိုင်းရင်းဆေး ဆရာတွေက ‘မြစ်ပွားနာ’လို့ ‘ကင်ဆာ' ရောဂါကို ခေါ်လေ့ ရှိကြပါတယ်။  အဓိပ္ပါယ် ကတော့ သစ်ပင်မှာ အမြစ်တွေ ပွားများလာသလို၊ ဆဲလ်တွေ ပွားများလာတာမျိုး ဖြစ်လို့ပါ) ကိုထိန်း ချုပ် ဟန့်တားနိုင်တဲ့ အင်န်သရာကွီနုန်း(Anthraquinone) တမျိုးဖြစ်တဲ့ ‘ဒင်မနာကင်န်သားလ် (Dam nacanthal) ခေါ် ဓာတ်ပစ္စည်းတွေရဲယိုသီးမှာ ပါဝင်တာကိုး ၁၉၉၃-ခုနှစ်မှာ ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့ရဲ့ ‘အီအို’တက္ကသိုလ်က ဖော်ထုတ် ကြေညာခဲ့ပါတယ်။ ရဲယိုသီးမှာပါဝင်တဲ့ ‘စကော်ပိုလက်တင်နဲ့ တခြားသော ဓာတုပစ္စည်းတွေဟာ သွေးတိုးကို ကျ ဆင်းစေတာ၊ ယောင်ရမ်းမှုကို ကျဆင်း လျော့ပါးစေတာ၊ ရောဂါပိုးမွှားတွေကို သေစေတဲ့ သတ္တိ။ မှို ရောဂါတွေကိုနိုင်တဲ့သတ္တိ အဖုအကြိတ်တွေကို လျော့နည်း၊ သေးငယ်၊ ပျောက်ကွယ်စေတဲ့ အာနိသင် တွေ ရှိတာကိုလေ့လာ စမ်းသပ်မှုတွေမှာ တွေ့ရှိရပါတယ်။

ရဲယိုသီး

ရဲယိုပင်ရဲ့ အစိတ်အပိုင်းတွေမှာ ပါဝင်တဲ့ ဓါတုပစ္စည်း တွေကတော့ အင်သရာကွီနုန်း အမျိုး မျိုး ရောနှောပါဝင်မှု၊ အော်ဂဲနစ်အက်ဆစ်အမျိုးမျိုးနဲ့ ဗီတာမင်အမျိုးမျိုး ပါဝင်တာတွေ့ရပါတယ်။ ဒါ့အ ပြင် ကလူးကို့စ် ကွန်ပေါင်း၊ အက်စပရူလိုစီဒစ်-အက်ဆစ်၊ သတ္တုဓာတ်အဖြစ် ပိုတက်စီယမ်၊ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဆဲလီနီယမ် စတာတွေ ဖြစ်ကြပြီးအာဟာရဓာတ် အခြေခံဖြစ်တဲ့ ကာဘိုဟိုက်ဒြိတ်၊ ကစီ၊ သကြားဓာတ်၊ အဆီဓာတ်၊ အသားဓာတ် ပရိုတင်းတွေပါဝင် ပါတယ်။ သကြားဓာတ်အမျိုးမျိုးဖြစ်တဲ့ဂလူးဂို့စ်၊ ဖရပ်(ဂ်)တို့စ်၊ နို့သကြား ကယ်လက်တို့စ်၊ ကလူးကို ဆိုက်တွေ ပါဝင်ပြီး ရဲယိုသီး ရဲယိုရွက်တွေ ပါဝင်တဲ့ ကလူးကို ဆိုက်တွေဟာ‘အိုမင်းရင့်ယော်ခြင်း’ ကို ကာကွယ် တဲ့ သတ္တိရှိတဲ့အင်တီ အောက်ဆီဒင့် များအဖြစ် ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အရာတွေ ဖြစ်ပါတယ်။မိမိတို့မှာ စွဲကပ် ခံစားနေရတဲ့ ကင်ဆာရောဂါ၊ HIV/AIDS ခန္ဓာကိုယ် ခုခံစွမ်းအား ကျဆင်းမှုရောဂါစတဲ့ ပြင်းထန်ပြီး ထိရောက်တဲ့ ဆေးမရှိသေးတဲ့ ရောဂါတွေကြောင့် မျှော်လင့်ချက် ရောင်ခြည်ကင်းမဲ့ နည်းပါးသလို ဖြစ်နေသူတွေ အတွက် ‘ရဲယို’ ဟာ ‘ရဲဆေး’၊ ‘အားဆေး’ ပမာ အားတက်စရာဆေးတလက်ပမာ ဖြစ်လာ ခဲ့ပါတယ်။

သဘာဝဆေးဖက်ဝင် ပစ္စည်းအဖြစ် သဘာဝ အခြေခံဆေး (Herbal Medicine) ဖြစ်တာကြောင့် လည်း လူအများစုဟာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးအာနိသင်များတဲ့ အနောက် တိုင်းဆေးမျိုး လို ဆေးများထက်ပိုမိုစိတ်ဝင်စား အားကိုးလိုစိတ်နဲ့ အတူ တိရိစ္ဆာန် ဓာတ်ခွဲစမ်းသပ်မှု မှသည် လူသား လူနာဖြင့်လက်တွေ့ စမ်းသပ်မှုများအထိကြာရှည်စွာ စောင့်မနေနိုင်တော့ဘဲ ရောဂါ ဝေဒနာရှင် တွေဟာ ရဲယိုသီး၊ရဲယိုပင်ထွက်ပစ္စည်း၊ နော်နီဖျော်ရည်၊ ဆေးတောင့်၊ ဆေးမှုန့်တွေကို လက်တွေ့ သုံး စွဲကြည့်ကြပါတယ်။ (တိရိစ္ဆာန်ဓာတ်ခွဲခန်း စမ်းသပ်မှုတွေမှာ ရဲယိုရဲ့ အစွမ်းထက်မြက်မှုများစွာ ရှိတာ ကိုတွေ့ရှိခဲ့တာကြာခဲ့ပါပြီ။)

အဲဒီလိုစမ်းသပ် သုံးစွဲကြသူတွေထဲမှာ ဝေဒနာရှင် လူနာများသာမက အရှေ့တိုင်း တိုင်းရင်းဆေး၊ ဘယဆေး၊ သဘာဝဖြစ် ဆေးပညာကို စိတ်ဝင်စားကြသူ၊ အနောက်တိုင်း ဆေးပညာရှင် ဆရာဝန် တချို့လည်း ပါဝင်ပါတယ်။သုတေသီ ပညာရှင်ကြီးတွေရဲ့စမ်းသပ် သုတေသနတွေက သိရှိလာရတာ ကတော့ ရဲယိုပင်ရဲ့ အစိတ် အပိုင်းအားလုံး အာနိသင် အမျိုးမျိုးရှိတာ၊ အကျိုးရှိစေတာ ဖြစ်ပါတယ်။

‘အရွက်’

ကို ထိခိုက် ဒဏ်ရာတွေမှာ အနာပေါ်အုံတဲ့ ဆေးပတ်တီးအဖြစ် သုံးတာ၊ အရွက်ကို ထောင်းထုပြီး အနာအုံဆေး၊ထည့်ဆေးအဖြစ်သုံးနိုင်သလို အခြား အစိတ်အပိုင်း တွေကို ရောမွှေ ကြိတ်ဝါးစားခြင်းနဲ့ ဆီးချိုရောဂါ မှာသုံးတတ်ကြပါတယ်။ ရဲယိုရွက် သုံးပုံနောက်တနည်းက ရဲယိုရွက်နဲ့ ဆီရောပြီး အဆစ်အမြစ် ယောင်ရမ်း တာ၊ လေးဘက်နာကြောင့် ယောင်ရမ်းတာမျိုး) ‘ဂေါက်’ အဆစ်အမြစ်ယောင်ရောဂါတွေမှာ၊ ခြေလက် ထုံကျင် နာတွေမှာ၊ ပွေးအရေပြားရောဂါတွေမှာ သုံးတာတွေ ဖြစ်ပါတယ်။ တိုင်းရင်းဆေးအဖြစ် တခြားအသုံးပြုနိုင်၊ အသုံးဝင်ပုံတွေကတော့ ချောင်းဆိုးရောဂါ၊ အော့အန်ဗိုက်ထိုးနာ (မလေးရှား နိုင်ငံတွင်သုံး)။ချောင်းဆိုး သွေးပါ၊ တီဘီအဆုတ်ရောဂါ၊ အစာအိမ် နာ၊ ခံတွင်းပျက်ခြင်း၊ဝမ်းဗိုက် ယောင်ရမ်းခြင်း၊ ရာသီလာစဉ် ဗိုက်နာခြင်း၊ အူကျွံခြင်း၊ ဗီတာမင်အေ ချို့ တဲ့ခြင်း၊ သွေးတိုးခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ အတွင်းကြေဒဏ်ရာရခြင်း၊ ဝေဒနာရောဂါ စုံစုံ လင်လင်ပါဝင်တာတွေ့ရပါတယ်။

‘ရဲယိုပွင့်’

ကိုတော့ မျက်စေ့ရောဂါ (မျက်စေ့စွန်ခြင်း)၊ အရေပြားအနာ၊ ပြည်တည်နာ၊ ဝမ်းပျော့ပျော့ သွားစေတဲ့ အာနိသင်ကြောင့် ဝမ်းပျော့ပျော့ သွားဆေးအဖြစ်သုံးနိုင်ပါတယ်။

‘အခေါက်’ ရဲ့ အသုံးဝင်ပုံက အသားဝါ၊ အသည်းရောင်ရောဂါ၊ သွေးတိုးရောဂါတွေမှာ သုံးနိုင်တာ ဖြစ်ပါတယ်။

‘ရဲယိုပင်အမြစ်’ မှာ အနာအကျင် သက်သာစေတဲ့သတ္တိ၊စိတ်ကို ငြိမ်းချမ်းစေတဲ့ အာနိသင် တွေရှိတာအပြင် ခုနောက်ဆုံး စိတ်ဝင်တစား ဆေးသုတေသန အာရုံစိုက် လုပ်နေကြတာကတော့ ဓာတ်ခွဲခန်းတိရစ္ဆာန် စမ်းသပ်မှုတွေမှာ ရဲယိုပင် အမြစ်မှာ ပါဝင်တဲ့ ‘ဒင်မနာ ကင်န်သော’ ဆိုတဲ့ ဓာတ် ပစ္စည်းဟာကင်ဆာရောဂါဆဲလ်များ ပွားများခြင်းကို ဟန့်တားစေနိုင်တယ် ဆိုတာပါပဲ။

ရဲယိုရွက်၊ ရဲယိုသီးတို့ဟာ ရောဂါများကို ကာကွယ် ပေးရုံမက ရောဂါကြီး တချို့ကိုလည်း ပျောက်ကင်းတာကို တွေ့ရပါတယ်။

ရဲယိုသီးဟာ သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ကြောင့် ဖြစ်သော ပူလောင်ခြင်း၊ အစာမကြေခြင်း၊ အထက်သို့ လေတက်ခြင်း၊ သည်းခြေ လှုပ်ရှားခြင်းတို့ကို ပျောက်ကင်း စေပါတယ်။ ၎င်းအပြင် ရဲယိုသီးဟာ သွေးတိုးကို ချပေးနိုင်ခြင်း၊ ရောဂါပိုးများကို ခုခံပေးနိုင်ခြင်းတို့ကို တွေ့ရှိရပါတယ်။ အစာမကြေခြင်းနှင့် နှလုံးပျက်စီးမှု အန္တရာယ်မှ ကာကွယ် ပေးနိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်သော အခြေအနေများနှင့် ကင်ဆာ အကျိတ်အလုံး ကြီးထွားမှုကို ထိန်းချုပ် ပေးနိုင်ကြောင်း လေ့လာ သိရှိရပါတယ်။ ရဲယိုသီး၊ ရဲယိုရွက်တို့ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်း ပေးနိုင်ခြင်း၊ ခန္ဓာကိုယ် စွမ်းအားကို တိုးပွားစေခြင်း တို့ကိုလည်း ဖြစ်စေနိုင် ပါတယ်။ နာကျင်ခြင်း ဝေဒနာကိုလည်း လျော့ပါး စေနိုင်ပါတယ်။ ရဲယိုရွက်ကို ပြုတ်၍ လည်းကောင်း၊ ငါးနှင့်ချက်၍ လည်းကောင်း စားသုံးကြသလို ရဲယိုသီးမှည့်ကိုလည်း ထန်းလျက်နှင့်ရော၍ စားသုံးကြပါတယ်။ ယခုအခါ ခေတ်နှင့်လျော်ညီစွာ ရဲယိုဓာတ်စာရည်၊ ရဲယိုပေါင်းရည်၊ ရဲယိုသီးယိုဟူ၍ ထုတ်လုပ် ရောင်းချ လာကြသည်ကို တွေ့ရှိရပါတယ်။ မည်သို့ပင် ဖြစ်စေ ရောဂါ အပေါင်းမှ ကာကွယ် ပျောက်ကင်းစေသော ရဲယိုသီး၊ ရဲယိုရွက်၏ အစွမ်းကို အများပြည်သူများ သိရှိနိုင်ရန် ရေးသား တင်ပြ လိုက်ပါတယ်။ ။

နေ့တိုင်း ရဲယို ရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ် တို့စားတာ အစာအိမ်ရောဂါ ပျောက်ကြောင်း။ အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့် ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါ လက်တွေ့ ပျောက်ကင်းနိုင် ကြောင်း ရေးသား ထား ပါတယ်။

Credit ဒေါက်တာသီဟမောင်(မယ်တော်ဆေးခန်း)



No comments