New Artical

ဆား၏ ကျန်းမာရေးနှင့် အခြားအတွက် အသုံးဝင်ပုံများ


ဆား၏ ကျန်းမာရေးနှင့် အခြားအတွက် အသုံးဝင်ပုံများ

ဆားဟာ ဟင်းချက်ရာမှာ မရှိမဖြစ် အလွန်အသုံးဝင်ပါတယ်။ ဆားက ရသာ အာရုံ ငါးပါးဖြစ်တဲ့ အချို၊ အချဉ်၊ အငန်၊ အခါးနဲ့ အဖန်ထဲက အငန်အရသာကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် လူတွေက ဆားကို လျှော့ပြီး အသုံးပြုနေရတာက ဆားအသုံးများတာကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်တယ် ဆိုတာကိုတော့ လူသိများကြလို့ပါ။ ဆားကို ဟင်းရဲ့အရသာကောင်းမွန်ဖို့အပြင် အောက်ပါတို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ 

လည်ချောင်းနာ သက်သာစေခြင်း

အအေးမိတာ၊ လေထုခြောက်သွေ့တာ၊ အလွန်အမင်း အော်ဟစ်ပြောဆိုရတာ ဒါမှမဟုတ် လည်ချောင်းထဲ ရောဂါပိုးဝင်ရောက်တာကြောင့် ဖြစ်တဲ့ လည်ချောင်းနာရောဂါကို ဆားအသုံးပြုပြီး သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ ဆား ရည်နဲ့ အာလုတ်ကျင်းလိုက်တာက နာကျင်မှုဝေဒနာနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ဆားဟာ ပိုးသေစေတဲ့ ဂုဏ်သတ်္တိရှိတဲ့အတွက် လည်ချောင်းနာတာကို ဖြစ်စေတဲ့ ရောဂါပိုးကို တွန်းလှန်နိုင်ပါတယ်။  ရေနွေးတစ်ခွက်ထဲကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စာထည့်ပြီး ပျော် ဝင်အောင် မွှေပါ။ ပြီးရင် စက္ကန့်အနည်းငယ်ခန့် အာလုတ်ကျင်းပြီး ထွေးထုတ်လိုက်ပါ။ တစ်နေ့တာအတွက် မကြာခဏ ပြုလုပ်ပေးနိုင်ပါတယ်။ 

ပါးစပ်နာ သက်သာစေခြင်း

ခံတွင်းထဲက အမြှေးပါးတွေမှာ အနာရှိနေရင် ပူစပ်ပူလောင်ဖြစ်တာ၊ နာကျင်တာ၊ အဖျားရှိတာနဲ့ Lymph အကျိတ်ရောင်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းလိုက်တာက အနာမှာ စုဆောင်းနေတဲ့အရည်တွေကို  လျော့ကျစေနိုင်တဲ့အတွက် အနာကျက်နှုန်း ပိုမိုမြန်ဆန်သွားနိုင်ပါတယ်။  လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ ဆားကို ရေနွေးခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ ထဲထည့်ပြီး သေချာမွှေပါ။ ပါးစပ်အတွင်း စက္ကန့် ၂၀ ခန့်ထားကာ ပလုတ်ကျင်းပြီး ထွေးပစ်လိုက်ပါ။ တစ်နေ့ကို သုံးကြိမ် သို့မဟုတ် လေးကြိမ်ပြုလုပ်နိုင်ပါတယ်။ 

ခြေဖဝါးနာကျင်မှု သက်သာစေနိုင်ခြင်း

ခြေချောင်း၊ ခြေဖနောင့်၊ ခြေဖဝါး ဒါမှမဟုတ် ခြေချင်းဝတ်နာကျင်နေရင် ဆားရည်စိမ်ပြီး နာကျင်တာ သက်သာအောင် ပြုလုပ်နိုင်ပါတယ်။  ခွက်တစ်ဝက်စာ ဆားကို ရေနွေးဇလုံနဲ့ ရောမွှေပါ။ အဲဒီဆားရည်ထဲကို သင့်ခြေထောက်ကို ၁၀-၁၅ မိနစ်အထိ စိမ်ထားပါ။ ပြီးရင် ခြေထောက်ကို ခြောက်သွေ့အောင်ပြုလုပ်ပြီး ငါးမိနစ်ခန့် နှိပ်နယ်ပေးပါ။ တစ်နေ့ တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။ 

မျက်စိနီရဲမှု သက်သာစေခြင်း

မျက်မြှေးရောင်ရောဂါကြောင့် မျက်စိယားယံတာ၊ မျက်စိနီတာတွေ ဖြစ်နေရင် ဆားနဲ့ သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဆားဟာ ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးမွှားလိုမျိုး ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းရှိတာကြောင့်ပါ။ နာကျင်မှုဝေဒနာလည်း သက်သာနိုင်ပြီး မျက်စိနီတာလည်း လျော့ကျသွားနိုင်ပါတယ်။  ခွက်တစ်ခွက်စာရေကို ပွက်ပွက်ဆူအောင် ကျိုပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ဆားထည့်ပါ။ ပြီးရင် အအေးခံပါ။ ဒီဆားရည်ကို မျက်စဉ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ 

သွားတိုက်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

သွားတိုက်ဆေး မရှိတဲ့အခါမှာ ဆားကို သွားတိုက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဆားက သွားမှ သွားချေးဖတ်တွေကို ဖယ်ရှားနိုင်တဲ့အတွက် ခံတွင်းပြဿနာ ဖြစ်နိုင်ခြေကို လျော့ကျသွားနိုင်ပါတယ်။  သွားပွတ်တံပေါ်မှာ ဆားထည့်ပြီး သွားတိုက်ပေးပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။ ဆားနဲ့ မုန့်ဖုတ်ဆော်ဒါကို ပမာဏတူညီစွာ ပေါင်းစပ်ပြီးတော့လည်း သွားတိုက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ 

မျက်လုံးဖောင်းအစ်မှု သက်သာနိုင်ခြင်း

ညအိပ်ရေးမဝတာကြောင့်ပဲဖြစ်ဖြစ်၊ ငိုရလွန်းတာကြောင့်ပဲဖြစ်ဖြစ် မျက်လုံးဖောင်းအစ်နေရင်လည်း ဆားကို အသုံးပြုနိုင်ပါတယ်။ ဆားက အရည်ဓာတ်တွေကို ဆွဲယူနိုင်ပြီး အရေပြားကို တင်းရင်းမှုရှိစေနိုင်တာကြောင့်ပါ။  လက်ဖက်ရည်ဇွန်းတစ်ဝက်စာ ဆားကို ရေနွေးတစ်ခွက်ထဲ ထည့်ဖျော်ပါ။  အဲဒီဆားရည်ထဲကို နားကျပ်တံဂွမ်းနှစ်ပေးပြီး အဲဒီဂွမ်းကို ဖောင်းအစ်နေတဲ့မျက်ခွံပေါ်မှာ မိနစ်အနည်းငယ်ခန့် တင်ထားပေးပါ။

ပိုးကောင်တုပ်ခြင်းမှ သက်သာနိုင်ခြင်း

ပိုးကောင်ကိုက်ခံရ၊ တုပ်ခံရရင် အလွန်နာကျင်ပြီး ယားယံတတ်ပါတယ်။ ဆားရဲ့ ပိုးသေစေတဲ့ ဂုဏ်သတ်္တိ၊ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ အစွမ်းနဲ့ နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တာကြောင့် အကောင်ကိုက်ခံရ တဲ့အခါမှာ ဆားကို အသုံးပြုနိုင်ပါတယ်။  ပိုးကောင်ကိုက်ခံရတဲ့နေရာကို ဆပ်ပြာရေနွေးနဲ့ သေချာဆေးကြောပေးပါ။ ဆားကို ရေနဲ့ပျစ်ပျစ်ဖျော်ပြီး ကိုက်ခံရတဲ့နေရာပေါ် အုံထားပေးပါ။ မိနစ် ၂၀ လောက်ထားပြီးတော့မှ ရေဆေးချပါ။ 

နှာစေး၊ နှာပိတ် သက်သာနိုင်ခြင်း

ဆားဟာ ချွဲတွေကို ပျော်ဝင်စေအောင် ကူညီနိုင်တဲ့အတွက် နှာပိတ်တာ သက်သာပြီး အလွယ်တကူ နှပ်ထွက်သွားနိုင်ပါတယ်။ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ဆားကို ရေနွေး နှစ်ခွက်စာနဲ့ရောစပ်ပါ။ အဲဒီဆားရည်ကို နှာခေါင်းထဲ အစက်ချပေးပါ။ တစ်နေ့ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ 

ကြက်ဥအကျက်မြန်စေခြင်း

ကြက်ဥပြုတ်တဲ့အခါမှာ ရေနွေးထဲ ကြက်ဥမထည့်ခင် ဆားအနည်းငယ်ကို ရေနွေးထဲထည့်လိုက်တာက ကြက်ဥအကျက်မြန်စေပါတယ်။ ဆားက ရေနွေးအဆူမြန်အောင် ကူညီနိုင်တာကြောင့်ပါ။ 

ငွေထည်ပစ္စည်းများကို တောက်ပြောင်စေခြင်း

အိမ်သုံးဆားက ငွေထည်ပစ္စည်းပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဇလုံတစ်ခုထဲကို ရေနွေးပူပူလောင်းထည့်ပါ။ အဲဒီရေနွေးထဲကို ဆားနဲ့ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်း နှစ်ဇွန်းစီ ထည့်ပေးပါ။ ရှလကာရည် စားပွဲဇွန်း တစ်ဇွန်းစာ ထည့်နိုင်ရင် ပိုကောင်းပါတယ်။ သင် တောက်ပြောင်စေချင်တဲ့ ငွေထည်ပစ္စည်းကို အဲဒီအရည်ထဲ သုံးမိနစ်မှ ငါးမိနစ်ခန့် စိမ်ထားပါ။ ကြေးတွေ သိပ်များနေရင်တော့ သွားပွတ်တံအသုံးပြုပြီး တိုက်ချွတ်ပေးနိုင်ပါတယ်။ ပြီးရင် ဆပ်ပြာရေနွေးနဲ့ ပြန်လည်ဆေးကြောလိုက်ပါ။                                                 

Credit :  ဒေါက်တာခင်မိုးမိုး

Good Health Journal

No comments