New Artical

တားဆေးရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်


ကိုယ်ဝန်ရချင်လို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် နေ့စဉ်သောက်တားဆေးကို ရပ်လိုက်တဲ့အခါ ကြုံရနိုင်တဲ့အခြေအနေတွေကို ပြောပြပေးသွားပါ့မယ်။

နေ့စဉ်သောက်တားဆေးတွေက ဟော်မုန်းတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ပျိုမေတို့အတော်များများသိပြီး ဖြစ်မှာပါ။ ခန္ဓာကိုယ်ရဲ့ပုံမှန်ဖြစ်စဉ်တွေအားလုံးနီးပါးအပေါ်ကို ဟော်မုန်းဓာတ်တွေသက်ရောက်မှုရှိတာကြောင့် ဟော်မုန်းပါတဲ့တားဆေးတွေ ရပ်လိုက်တဲ့အချိန်မှာလည်း ကိုယ်တွင်းပြောင်းလဲမှုတွေဖြစ်လာမှာ သေချာပါတယ်။ နေ့စဉ်သောက်တားဆေးသောက်သုံးမှုကို ရပ်လိုက်ရင် ခန္ဓာကိုယ်မှာဘာတွေဖြစ်လာနိုင်လဲဆိုတော့

၁ – ကိုယ်ဝန်ရသွားနိုင်ပါတယ်

နောက်နေတာမဟုတ်ပါဘူး။ တကယ်ဖြစ်ပါတယ်။ တားဆေးဆက်မသောက်တော့တာနဲ့ ရက်ပိုင်းအတွင်းမှာပဲ ဟော်မုန်းတွေကို ခန္ဓာကိုယ်ထဲကစွန့်ထုတ်လိုက်ပြီး သားဥပြန်ကြွေနိုင်ပါတယ်။ သားဥကြွေပြီဆိုတာနဲ့ ကိုယ်ဝန်ပြန်ရနိုင်တာကြောင့် ကလေးယူဖို့အစီအစဉ်မရှိသေးရင် ကွန်ဒုံးလိုမျိုး တခြားသားဆက်ခြားနည်းတစ်ခုခုကို ဆက်သုံးစွဲဖို့ အကြံပေးချင်ပါတယ်။

၂ – ရာသီပုံမှန်ပြန်လာဖို့ နည်းနည်းစောင့်ရတတ်တယ်

ဟော်မုန်းနဲ့ဆိုင်တဲ့ကိစ္စတွေအကုန်လုံးက နည်းနည်းရှုပ်ထွေးပါတယ်။ တားဆေးရပ်လိုက်တာနဲ့ ရာသီပုံမှန်ပြန်လာတဲ့သူတွေရှိသလို တချို့ကျလည်း ၂လ၊ ၃လလောက်စောင့်ရတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ စိတ်ရှည်ရှည်နဲ့ ၃လ လောက်စောင့်ကြည့်ပြီးတဲ့အထိ ရာသီပြန်မလာရင်တော့ ဆရာဝန်နဲ့ ပြသကြည့်တာမမှားပါဘူး။

၃ – ရာသီစက်ဝန်းအပြောင်းအလဲဖြစ်တတ်တယ်

တားဆေးက ရာသီပုံမှန်လာအောင် လုပ်ပေးပါတယ်။ တားဆေးဖြတ်ပြီးရင်တော့ လာနေကျရက်ထက် စောလာတာ၊ နောက်ကျလာတာတွေကြုံရတတ်ပါတယ်။ နောက်ပြီး ပုံမှန်ထက်သွေးဆင်းများတာတွေ၊ သားဥကြွေချိန်မှာ ကိုက်ခဲတာတွေလည်းဖြစ်နိုင်ပါတယ်။

၄ – ရာသီလာခါနီးဖြစ်တဲ့ပြဿနာ (PMS) တွေပြန်ကြုံရမယ်

ဟော်မုန်းပါတဲ့တားဆေးတွေရဲ့ အားသာချက်တစ်ခုက ရာသီလာခါနီးခံစားရတတ်တဲ့ ခေါင်းကိုက်တာ၊ ကြွက်သားကိုက်ခဲတာ၊ လေပွတာ၊ စိတ်အပြောင်းအလဲမြန်တာတွေကို သက်သာအောင်လုပ်ပေးပါတယ်။ ဒါ့ကြောင့်တချို့အမျိုးသမီးတွေက ဒီလက္ခဏာတွေသက်သာဖို့ တားဆေးသောက်သုံးတာတွေတောင် ရှိပါတယ်။ ဟော်မုန်းအတက်အကျဖြစ်တာကြောင့် ဒီလက္ခဏာတွေကြုံရတာဖြစ်တယ်လို့ယူဆကြပြီး တားဆေးထဲမှာပါတဲ့ ဟော်မုန်းတွေကြောင့် ဟော်မုန်းပမာဏကို ထိန်းညှိပေးသလိုဖြစ်ပြီး အပေါ်ကလက္ခဏာတွေကို သက်သာစေ ပါတယ်။ တားဆေးဖြတ်လိုက်ရင်တော့ ဒီလိုထိန်းညှိပေးတာမျိုး မရှိတော့တဲ့အတွက် PMSလက္ခဏာတွေ ပြန်ခံစားရနိုင်ပါတယ်။

၅ – တားဆေးဖြတ်လိုက်လည်း ကိုယ်အလေးချိန်ကျချင်မှ ကျမှာပါ

တားဆေးသောက်ရင် ကိုယ်အလေးချိန်တက်လာတယ်ဆိုတာ မမှန်ပါဘူး။ ဒါ့ကြောင့်တားဆေးဖြတ်လိုက်လည်း ပြန်ပိန်သွားမယ်လို့ ကံသေကံမ မမှတ်ယူစေချင်ပါဘူး။ တားဆေးနဲ့ ကိုယ်အလေးချိန်အတက်အကျ  ဆက်စပ်မှုရှိ ၊မရှိဆိုတာ အခုထိလည်းလေ့လာနေဆဲပဲရှိပါသေးတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်တက်တာက တားဆေးသောက်ခြင်း၊ မသောက်ခြင်းထက် ကိုယ့်ရဲ့စားသောက်နေထိုင်ပုံအပေါ်ပဲ မူတည်နေတယ်လို့ ပြောရမှာပါ။

၆ – ဝက်ခြံတွေပြန်ပေါက်လာနိုင်တယ်

တားဆေးတွေက ဟော်မုန်းထွက်မညီမျှတာကြောင့်ဖြစ်တဲ့ ဝက်ခြံထွက်တာနဲ့ အမွေးအမျှင်ထူတာကိုသက်သာ စေပါတယ် (လုံးဝပျောက်ကင်းတာမဟုတ်ပါဘူး၊ သက်သာသွားရုံပါပဲ)။ တားဆေးရပ်လိုက်ရင်တော့ ဟော်မုန်း အတက်အကျပြန်ဖြစ်လာပြီး ဒီပြဿနာတွေ ပြန်ကြုံရနိုင်ပါတယ်။

၇ – လိင်စိတ်ပြန်တက်လာသလိုခံစားရနိုင်တယ်

ဒီအချက်က မိန်းကလေးတိုင်းအတွက်တော့ မှန်ချင်မှမှန်ပါလိမ့်မယ်။ အမျိုးသမီးတချို့ကတော့ တားဆေးကြောင့် အမျိုးသားနဲ့အတူနေလိုစိတ် နည်းနည်းကျသွားတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်တားဆေးဖြတ်လိုက်ချိန်မှာ အရင်လိုလိင်စိတ်ပြန်နိုးကြားလာတယ်လို့ ပြောကြားကြပါတယ်။ ဒီအချက်ကိုသိပ္ပံနည်းကျသက်သေပြထားတာမျိုး မရှိသေးပေမဲ့ ဟော်မုန်းဓာတ်တွေရဲ့ ရှုပ်ထွေးတဲ့လုပ်ဆောင်ချက်ကြောင့် လုံးဝမှားတယ်လို့လည်း ပြောလို့မရပြန်ပါဘူး။

 Dr.Htoo Tint

No comments