New Artical

နန်းတွင်းလူသတ်ပွဲ အပိုင်း(၁)

No photo description available.နန်းတွင်းလူသတ်ပွဲ အပိုင်း(၁)

      သီပေါမင်းနန်းတက်သော အချိန်မှစ၍  မယ်တော်လောင်းရှည် မိဖုရားအတွက် ဘုရင့်မယ်တော်များ စံနေတော် မူရမြဲဖြစ်ရသော အိမ်ဖြူတော်ကြီးဆောက်လုပ်ခဲ့ရာ  ယခုအခါဆောက်လုပ်ခြင်းပြီးစီးနေပြီဖြစ်သည်။
ထို့ကြောင့်အိမ်ဖြူတော် သိမ်းအခမ်းအနားကို ရွှေနန်းတွင်း ထုံးတမ်းစဉ်လာ အတိုင်း ကျင်းပရန် ဆိုင်ရာ မှူးမတ်များက စီမံလျှက်ရှိကြသည်။
        ယင်းအိမ်ဖြူတော်သစ်နေရာမှာ ရွှေနန်းတော်ကြီး၏ မြောက်ပိုင်းတွင်ဖြစ်သည်။ ဘုံဆောင် ငါးဆင့်ရှိပြီး ဆောင်ရံပေါင်းက ခုနှစ်ဆောင်ရှိသဖြင့်  အရံအတားများနှင့် ခမ်းနားစွာ ​ဆောက်လုပ်ထားပြီး အိမ်ဖြူတော် သိမ်းအခမ်းအနားကိုလည်း တပ်ဝင်းအခင်းအကျင်း မင်းခမ်းမင်းနား အရပ်ရပ်တို့ကို ကျင်းပနိုင်ရန် မြောက်ဥယျာဉ်တော်တွင် ပြင်ဆင် ခင်းကျင်းရမည်ဖြစ်သည်။
         မြောက်ဥယျာဉ်တော်နှင့်ကပ်လျှက် တည်ရှိသော ကြေးတိုက်တော်မှာ ယခင် ဖမ်းဆီးချုပ်နှောင် ထားခဲ့သော  မင်းသားမင်းသမီးနှင့်၎င်းတို့ ၏မယ်တော်များကိုထားလျှက်ရှိသည်။
          ၎င်းအကျဉ်းချ သားတော်သမီးတော်များအတွက် သီးခြားအုတ်ဝင်း အကာအရံနှင့်အိမ်တော်များ ​ဆောက်လုပ် လျက်ရှိသော်လည်း မပြီးသေးချေ။ သို့ကြောင့် မြောက်ဥယျာဉ်အနီးက ကြေးတိုက်တော်တွင်သာ
ထားရသေးသည်။
         ယခုလောလောဆယ်တွင်မူ အိမ်ဖြူတော်သိမ်း အခမ်းအနားကျင်းပရန် ရှိသဖြင့် အကျဉ်းချခံရသူများကိုတစ်နေရာသိ ု့ခေတ္တပြောင်းရွှေ့ရန် ကိစ္စပေါ်လာခဲ့သည်။ အိမ်ဖြူတော်သိမ်း အခမ်းအနား ဆောင်ရွက်ရသော မှူးမတ်တို့မှာ(သားတော်သမီးတော်)ရာဇဝတ် အကျဉ်းသားများကို မည်သည့်နေရာတွင် ခေတ္တပြောင်းရွှေ့ထားရန် စဉ်းစား မရရှိနေကြသည်။ ထို့ကြောင့် မှူးမတ်တို့က မူလဖမ်းဆီးအမိန့်ထုတ်ခဲ့သော  ဆင်ဖြူမရှင်မိဖုရားကြီးနှင့် မှူးမတ်တော်ကြီးများထံ ဝင်ရောက် အကြံဉာဏ် တောင်းခံကြရလေသည်။
        ဆင်ဖြူမရှင်မိဖုရားကြီးက ဖမ်းဆီးထားသော သားတော်သမီးတော်ကြီးများအတွက်ဆောက်လုပ်နေသော အဆောင်အဦး မပြီးမီဖြစ်၍ အိမ်ဖြူတော်သိမ်းပွဲကျင်းပနေစဉ် လုံခြုံရာဖြစ်သော ရာဇဝတ်အကျ ဉ်းထောင်ကို ခဏတာပြောင်းရွှေ့ထားရန် .. အခမ်းအနား ပြီးစီးသောအခါ ကြေးတိုက်တော်သို့ ပြန်လည် ခေါ်ယူ ပြောင်းရွှေ့ထားရန် အကြံပေးသည်။
        သို့ရာတွင် ဆင်ဖြူမရှင်မိဖုရားကြီးမှာ သမီးတော်စုဖုရားလတ်နှင့်သမက်တော်တို့ကို သြဇာမညောင်း သဖြင့် စိတ်နာကျည်းတော်မူလက်စကြောင့်........
        "ဦးကောင်းတို့  ဦးဘိုးတို့ကို လုပ်လက်စရှိလို့သာ ကျွန်မက အကြံပေးရပါသည်။ သည်ကဲ့ သို့လုပ်ရမည်ဟု ပိုင်ပိုင်နိုင်နိုင် အမိန့်မပေးနိုင်ပါ။ ဒါ့ကြောင့်ရှင်ဘုရင်နှင့်မိဖုရားကြီးတို့ထံမှာအမိန့်တော်သွား၍တောင်းခံကြပါဦး" ဟူ၍ အမိန့်ရှိလိုက်တာကြောင့် မှူးမတ်တော်တို့လည်း သီပေါရွှေနန်းရှင်ထံသို့ အမိန့်တော်ခံရန် ဝင်ရောက် ကြရပြန်လေသည်။
       ထို့ကြောင့်နောက်တစ်နေ့ညီလာခံတွင်    တိုင်တားမင်းကြီးခေါင်းဆောင်ပြုပြီးလျှင်ဆင်ဖြူမရှင်မိဖုရားကြီး
 ညွှန်ကြားချက်အတိုင်း ကြေးတိုက်တော်အတွင်း ဖမ်းဆီးထားသော မင်းသားမင်းသမီးများကို အုတ်ဝင်း အဆောက်အဦမပြီးသေး၍
 အိမ်ဖြူတော်သိမ်းအခမ်း အနားကျင်းပချိန်တွင် လုံခြုံစိတ်ချရသော ရာဇဝတ်ထောင်ကြီးသို့ ခေတ္တခဏတာ ပြောင်းရွှေ့မည့် အကြောင်းကို အမိန့်တော်ခံလေရာ သီပေါမင်းတရားသည် နောင်တော် မင်းသားများကို လုံခြုံရာသို့ ​ခေတ္တခဏတာ ပြောင်းရွှေ့ရန်မျှသာ ဖြစ်သောကြောင့်  ကန့်ကွက်တော် မမူဘဲ သဘောတူတော်မူကြောင်းနှင့် ​ရွှေ့ပြောင်းခွင့်ပေးတော်မူလိုက်သည်။
     နောက်တစ်နေ့တွင် ရွှေဆောင်တော်အတွင်း သို့ လက်သုံး‌တော်ကြီး ရနောင်မြို့စားမင်းသား မောင်မောင်တုတ် ဝင်ရောက်လာရာ အပျိုတော်များထံက ​ရွှေနန်းရှင်ဘုရား ဇေတဝန်ဆောင်တွင်ဆရာတော်ကြီးများကြွလာ၍ ထွက်တော်မူကြောင်း။ အရှင်နန်းမတော်စုဖုရားလတ် တစ်ပါးတည်းသာရှိသဖြင့် အတွင်းတော်သို့ဝင်၍ ခစားလေသည်။

May be an image of brick wall
       မောင်တုတ်က "အိမ်ဖြူ‌တော်သိမ်းအခမ်းအနား‌ကြောင့် အကျဉ်းချခံ မင်းသားမင်းသမီးတွေကို ခေတ္တရာဇဝတ် အကျဉ်းထောင်ကြီးသို့ပြောင်း ရွှေ့ထားကြောင်း၊ သူတို့ကို အကျယ်ချုပ်ထားမယ့် အုတ်ဝင်းထရံကာ  အိမ်တော်များလည်းမပြီးသေးပါကြောင်း၊"လျှောက်တင်သည်။
စုဖုရားလတ်ကလဲ "ဒီမင်းသားတွေကို ဖမ်းစီးထားရတာ  ကျားမှီးဆွဲထားရသလိုပဲ၊ လွှတ်ထားရင်လည်း ပုန်ကန်ဦးမယ်၊ ဖမ်းဆီးချုပ်နှောင်ထားရတာလဲ အလွန်တာဝန်ကြီးသေးတယ်၊ သူတို့ရဲ့ အချုပ်အနှောင်ခံ ဘဝကလဲ အသက်ရှင်ရသည်နဲ့အမျှ ဆင်းရဲဒုက္ခကြီးလှတယ်"ဟုမိန့်တော်မူတယ်။
       ထိုအခါဗောင်းတော်ညိတ် စိတ်တော်သိဆိုတဲ့လူပါးကြီး ​မောင်တုတ်က
 "ဒီမင်းသားတွေက ရွှေနန်းရှင်နဲ့ နန်းမတော်အတွက်ရော တိုင်းပြည်အတွက်ပါ ဆူးညှောင့် ခလုတ်ရန်စွယ်တွေဖြစ်နေ ပါကြောင်း၊ ဒီအရေးကိစ္စကို သူတို့လက်သုံးတော်ကြီး တစ်စုကို ကိုင်တွယ်ခွင့်ပေးပါရန်​ "လျှောက်သော်  နန်းမတော်စုဖုရားလတ်က
 "သို့ပေမယ့် ဒီမင်းသားတွေက မောင်တော့်ရဲ့ သွေးတော် သားတော်တွေလည်းဖြစ်နေသေးပြန်တယ်၊ ဒီအ‌ရေးကိစ္စ ကိုတော့ မှူးမတ်တော်တွေနဲ့မောင်တော် ရွှေနန်းရှင်ဘုရားကပဲ စီမံသင့်တယ် ထင်ပါရဲ့"ဟုမိန့်တော်မူသည်။
      မောင်တုတ်က "ရွှေနန်းရှင်၏သဘောထားမှာ ထိုမင်းသားများကို အကျယ်ချုပ်နဲ့ထားတော်မူရန်ဖြစ်သည်၊
သို့သော် ထိုမင်းသားတွေက ဒီတိုင်းငြိမ်နေမှာ မဟုတ်ကြောင်း၊ တစ်ချိန်ချိန်မှာ ပုန်ကန်ရင် ရွှေနန်းရှင်နဲ့ နန်းမတော်ဘုရားတို့ ရွှေစိတ်တော်ပဲ ငြိုငြင်ရမည်ဖြစ်ကြောင်း"လျှောက်တော်မူသည်။ မောင်တုတ် ထိုသို့လျှောက်တင်မှုကို နန်းမတော်စုဖုရားလတ် နားဝင်တော်မူမိရာမှ..  "သည်လိုဆို ရွှေနန်းရှင်ကိုလျှောက်ပြီး သင့်လျော်သလို စီစဉ်ကြပါလား" ဟု မိန့်တော်မူသည်။ မောင်တုတ်က"ရွှေနန်းရှင်မှာ သဘောတူမည် မဟုတ်ပါ။ သည်သောအခါ ကျွန်တော်မျိုးတို့ လက်သုံးတော်ကြီးတစ်စု  သင့်လျော်မည်ထင်သလို အကျိုးတော်ဆောင်ပါမည်။ ရွှေနန်းရှင်ဘုရားက အမျက်တော်ရှပြီး အပြစ်ကြီးများပေးမည်  ဆိုပါက အရှင်နန်းမတော်ဘုရားက ကာကွယ်သမှုပြု ဖေးမလျှောက် တင်တော်မူပေးပါရန် အမိန့်တော် ခံရခြင်းဖြစ်ပါသည်"ဟု လျှောက်သောအခါ..
 စုဖုရားလတ်ကလဲ "အင်းလေ မောင်တော်ဘုရားကလဲ  အင်မတန် စိတ်နူးညံ့တော်မူတယ်။ အရာရာမှာ ငဲ့ကွက်လွန်းအားကြီးတယ်။ ရံဖန်ရံခါလည်း တပည့်ကျေးကျွန်များကို စိတ်ရှိသလို  လုပ်ကိုင် စီမံခွင့်ပေးသင့်သလိုမူတယ်" ဟု မိန့်တော်မူတယ်။
      "ဒီတော့မောင်တုတ် အလိုအတိုင်း အကျိုးတော်ဆောင်ရွက် နိုင်စေ နောင်ရေးကိစ္စရှိလာလျှင် စုဖုရားကာကွယ်တော်မူမည်" ဟု အခွင့်အရေးပေးတော်မူလျှင် မောင်တုတ်က ဝမ်းသာအားရဖြင်​့ ယခုလို အရှင်နန်းမတော်ဘုရားက အမိန့်အခွင့်တော်သာရလျှင် ဘာကိုမျှ စိုးရိမ်ရန် မရှိသဖြင့် ဆောင်ရွက်ခွင့်ရှိသလောက်  အမှုတော်ထမ်းရွက်ပါမည်ဘုရား"ဟုလျှောက်ထား၍ မြောက်ဒဝယ်ဗိုလ် ရနောင်မြို့စားမင်းသား မောင်မောင်တုတ် ပြန်သွားလေသည်။
       ထိုနေ့ည လျောင်းတော်ဦးတွင် ဝန်ကြီးမှူးကြီးများ  စုံလင်စွာရှိလျှင် သီပေါမင်းတရားသည် ညဉ့်ဦးညီလာခံသဘင် ကျင်းပမြဲအတိုင်း ကျင်းပလေသည်။ သို့ရာတွင် လက်သုံးတော် ကြီးများအပေါ်တွင် အကြီးအကဲပြုရသူ ဖြစ်သော မောင်တုတ်သည် ၎င်း၏ညီဖြစ်သူ  ပင်းသာမြို့ စားမောင်မောင်ဗြောင်းနှင့် သော်လည်း ကောင်း အခြားလက်သုံးတော်ကြီးများနှင့်လည်းကောင်း  အချိန်းအချက်ပြုသည့်ပမာ မျက်လုံးချင်းလှမ်း၍ လှမ်း၍ကြည့် ကြလေသည်။ ၁၂၄၀-ခုနှစ် တပို့တွဲလဆန်း(၁၀)ရက်နေ့ည ။ဆောင်းရာသီဖြစ်၍ ဆီးနှင်းများကျရောက်ကာ မှိုင်းမှုန်လျှက် ရှိသည်။
        ယမန်နေ့လည်က လက်နက်ကိုင်အမှုထမ်းလေးငါးရာ ခြံရံစောင့်ကြပ်ခေါ်ဆောင်လာသော မင်းသားမင်း သမီးများအတွက် ​နေရာထိုင်ခင်း လက်ခံလိုက်ရသော အလုပ်ကြောင့် ထောင်အရာရှိ၊ အရာခံ၊ အကြပ်၊ အမှုထမ်းအာဏာသားများလည်း ​ချွေးဒီးဒီးကျ အလုပ်များခဲ့ကြရ၏။
       ကြေးတိုက်တော်မှ ရာဇဝတ်အကျဉ်းထောင်ကြီးသို့ ​လောလောဆယ် ဗရုတ်သုတ်ခပြောင်းရွှေ လာခြင်းခံရသော  မင်းသား၊မင်းသမီးတို့သည်  ရာဇဝတ်အကျဉ်းထောင် အခန်းကျယ်ကြီးအတွင်း မီးအလင်းရောင် မှိန်မှိန်အောက်ရှိ စိုစွတ်ထိုင်းမှိုင်းသော မြေအုတ်အခင်းပေါ်မှ ​ကောက်ရိုးကမ္ဗလာတွင် ဆင်းရဲစွာထိုင်လျက် ဆိုးဝါးသော အနံ့အသက်တို့ကိုကြိုးစားရှူရှိုက်နေကြရရှာသည်။
       သူတို့ခမျာမှာ ရက်ပေါင်းတစ်ရာကျော်သည့်တိုင်အောင် ကြေးတိုက်တော်မှာ ဖမ်းစီးချုပ်နှောင်ခံထားခဲ့ရပြီးဖြစ်ရာ.. မင်းသားများမှာယောကျာ်းဖြစ်၍ ခံနိုင်ရည်ရှိသော်လည်း
သက်ကြီးရင့်သော မယ်‌တော်မိဖုရားများ၊ သမီးတော်ကလေးများနှင့် ကလေးအရွယ် လူမမယ်လေးများမှာ မသေရုံတမယ် ပင်ပန်းနွမ်းလျနေပြီဖြစ်ကြသည်။

No photo description available.
          ၁၂၄ဝခုနှစ် တပို့တွဲလဆန်း(၁၀)ရက် ညဉ့်အချိန်တွင် ရာဇဝတ် အကျဉ်းထောင်ကြီးရှိထောင်အရာရှိများမှအစ၊ အမှုထမ်းငယ်များ အထိ နေ့လယ်ချိန်က ရောက်လာသူ ရာဇဝတ် အကျဉ်းသား(မင်းသား-မင်းသမီး)များကိုလက်ခံနေရာချထားရ၍မောပန်းသောကြောင့် ခဏခေတ္တ အနားယူနေ ကြသည်။ အချို့သော လက်နက်ကိုင်အမှုထမ်းအာဏာသားတို့က  သူတို့၏ဓားကြီးများကိုတမြမြသွေးရင်း တသသပြုနေကြသည်။ အချို့ကားသူတို့၏ ရဲဆေးတစ်လက် သဖွယ်အသုံးပြုလေ့ရှိသော  ထန်းရည်ခါးအိုးများ အနီးမှာ မူးဝေလျက် တုံးလုံးပက်လက် အရသာခံနေကြသည်။
         ထိုအချိန်တွင် လက်သုံးတော်ကြီးများရောက်လာကြပြီး အာဏာသားတို့ကို ရာဇဝတ်အကျဉ်းသားများကို
 ညဉ့်တွင်းချင်းပင် သုတ်သင်ပစ်ရမည်ဟု အမိန့်ပေးသည်။ ညဉ့်ဗဟိုရ်(၁)ချက် (ည၉နာရီ)တီးသော ဗဟိုရ်သံက လုံခြုံလှသော အကျဉ်းထောင်ကြီးအတွင်းသို့ဖောက်တွင်းဝင်ရောက်လာသည်။ အကျဉ်းခန်းထဲသို့ လူ၄-၅ဦးဝင်လာပြီး သူတို့နှင့်အနီးဆုံး မင်းသား၊မင်းသမီးသုံးဦးကို ဆွဲငင် ယူထုတ်သွားသည်။ မည်သည့်အတွက်ခေါ်ယူသွားသည်ကို စဉ်းစား၍မဆုံးမှီမှာပင်  တစ်ဖက်သောအခန်းစီမှ ကျယ်ကျယ် လောင်လောင် စူးစူးရှရှ ဟစ်အော်လိုက်သောအသံများမှာ အော်သံတစ်ပိုင်းတစ်စနှင့် ရုတ်တရက် ရပ်တန့်သွားလျက် နောက်ထပ်ဆက်၍ ​အော်သံပေါ်မလာသဖြင့်  ယတိပြတ် တိတ်ဆိတ်သွား‌သော‌ကြောင့် ကျန်ရစ်သော အခန်းမှ ညီတော်နောင်တော်များမှာ မျက်စိများပြာ၍ ဦးနှောက်များ ချာချာလည်သွားကြတော့သည်။


ကိုးကား။ ။ဆရာမကြီး ဒဂုန်ခင်ခင်လေး ရတနာပုံ၏ နိဒါန်းနှင့်နိဂုံးစာအုပ်မှ
အပိုင်း(၂ ) သို့ ဆက်​ဖတ်​ရန်​

No comments