New Artical

ကြိတ်မှန်ပင်အကြောင်းသိကောင်းစရာ

 ကြိတ်မှန်ပင်အကြောင်းသိကောင်းစရာ



Eclipta alba hassk (ကြိတ်မှန်)

• Botany Term : Eclipta alba hassk

• Species/Family : Compositae


#ပုံသဏ္ဌာန်

#အပင်

တစ်နှစ်ခံ ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်သည်။ ၁၈ လက်မ ကျော်ထိ မြင့်သည်။ ထောင်မတ်၍ ပေါက်သည်။ ခရမ်းညို ရောင် ရှိသော ပင်စည်ရိုးတံပေါ်တွင် သေးငယ်သော အမွှေးကြမ်းကလေးများ ရှိသည်။


#အရွက်

ရွက်ဆိုင်ထွက်သည်။ ရှည်မျောမျော လှံစွပ်ပုံဖြစ်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်သည်။ ရွက်ညှာအလွန်တိုသည်။ အရွက်ထက်အောက်မျက်နှာပြင် ၂ ခုလုံးတွင် အလွန်သေးငယ်သော အမွှေးကြမ်း ကလေးများရှိသည်။ ရွက်နားပတ်လည် ခွေးသွားစိပ်ကလေးများ ရှိသည်။


#အပွင့်

ပန်းခိုင်ထိပ်တွင် တစ်ပွင့်တည်း ကဲ့သို့ ဖြစ်နေ၏ ။ ပန်းပွင့် ခေါင်းလောင်း ပုံသဏ္ဌာန်ဖြစ်၍ အဖြူရောင် သို့မဟုတ် အဝါရောင် ရှိသည်။ ပွင့်ခံရွက်ကြီး၍ ထင်ရှားသည် ။ တပို့တွဲလများတွင် ပွင့်သည်။


#အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ

ပဉ္စငါးပါး ၊ အရွက် ။


#မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ

မြန်မာပြည် နေရာအနှံ့အပြားတွင် ပေါက်သည်။ မိုးများသော အရပ်ဒေသ များတွင် ပေါင်းပင်ကဲ့သို့ ပေါက်ရောက်သည်။ ရခိုင်တွင် ကြိတ်မှန်ရွက်ကို မြီကျဟာဟု ခေါ်သည်။ 


#ပေါက်ရောက်ပုံ

အလေ့ကျပေါက်သည်။


#အသုံးဝင်ပုံအာနိသင်

မြန်မာ့ဆေးကျမ်း များ အလိုအရ ကြိတ်မှန်ရွက်သည် ပူ ၏။ လေနာ ၊ သလိပ်နာတို့ကိုနိုင်၏ ။ သွေးကိုတက်ကြွစေ၏။ ဆံပင်ကို နက်၍ သန်စွမ်းစေ၏ ။ လေသလိပ် သည်းခြေနှင့်ယှဉ်၍ ဖြစ်သော အနာမျိုးတို့ကိုနိုင်၏ ။ အားကို ဖြစ်စေ၏ ။ ဓာတ်တို့ကို ပြောင်းစေ၏ ။ အသက်ရှည်၏ ။ မျက်စိရောင်ခြင်းနှင့် အခြားရောင်တင်းခြင်း ကို ပျောက်စေ၏ ။အနာရွတ် အဖြူကွက်များပျောက်စေ၏။


#အသုံးပြုပုံ

#ပဉ္စငါးပါး

ပဉ္စငါးပါးအရည်ကို အားတိုးဆေးအဖြစ် လည်းကောင်း ၊ အသည်းရောင်ရောဂါ ၊ အရေပြားရောဂါကုဆေးအဖြစ် လည်းကောင်းသုံး၏ ။

၎င်းအရည် နှစ်စက်ခန့် ကို ပျားရည်နှင့် ရော၍ မွေးစကလေး များအား တိုက်ပါက နှာစေးချောင်းဆိုး နာကို ပျောက်ကင်းစေသည်။ ဆံပင်နက်ဆိုးဆေးအဖြစ်လည်း သုံး၏ ။

#အရွက်

• အရွက်ရည်ကို ချောင်းဆိုး ၊ ခေါင်းကိုက်ရောဂါ ၊ အသည်းရောင် ၊ အဆစ်ရောင်ရောဂါကုဆေး ၊ အနာအုံဆေး ၊ ဖန်ဆေးအဖြစ် သုံးသည်။


• အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် မျက်စိအမြင်သန်၏ ။ ဆွံ့အသောသူများ စကားပြောနိုင်၏ ။ နားပင်းသူများ အသံကြားနိုင်၏ ။ နဲ့သောသွား ခိုင်၏။


• ကြိတ်မှန်ရွက်နှင့် နှမ်းနက်ကို ဆတူယူ၍ အမှုန့်ပြုပြီး နွားနို့နှင့် အမြဲ မှီဝဲသော် အနာရောဂါ ကင်းစင်ပြီး အသက်ရှည်ကာ ဆံပင်လည်း နက်လာမည်။


• ကြိတ်မှန်ရွက်အား ခေါင်းကိုက်ရောဂါ ၊ ထိပ်ပြောင်မွေးကျွတ်ရောဂါ ၊ အကျိတ်နာ ၊ မီးယပ်ထိမ်ခြင်းနှင့် ကာလသားရောဂါတို့တွင် အသုံးပြုကြသည်။


• ကြိတ်မှန်ရွက်ရည်နှင့် ပင်စိမ်းရွက်ရည်ရော၍ တစ်နေ့ ၂ကြိမ် ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးသော် ပူလောင်ခြင်း ပျောက်၍ အမာရွတ်များလည်း ပျောက်ကင်းသည်။


• ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်တို့အား ရှိန်းခိုအနည်းငယ် ထည့်ကြိတ်ပြီး ကလေးနှာပိတ်လျှင် ငယ်ထိပ်မှ နှာခေါင်း အထိဆွဲပေးက ပျောက်၏ ။ ကျောပူ ခေါင်းပူ ချွဲထဖြစ်က ငယ်ထိပ်တွင် ပါးပါးလိမ်းပေးရ၏ ။ ကလေးများ သန်ဝမ်းသွား ၊ ကျောက် ၊ ဝက်သက် ၊ ရေကျောက် ဖြစ်က မိခင်နို့ရည်နှင့်ဖျော်ပြီး တိုက်ပေးနိုင်၏ ။


• မီးယပ်သွေး ငုပ်လျှင် အရွက်ကို ထန်းလျက်နှင့် သုံးခွက်တစ်ခွက်တင် ကျိုသောက်သော် သွေးပေါ်စေ၏။


ကိုးကား - မောင်သိန်းဇံ (ဇူလိုင်၊ ၂၀၀၀). ရခိုင်မြန်မာဆေး

               အခေါ်ကွဲလွဲမှုများ. နက္ခတ္တရောင်ခြည်, ၂၈၁။


ကိုဖြိုး(ဧရာမြေ)

No comments