အလိမ်ဝိဇ္ဇာနေအေး - ဝတ္ထုတို ( ဦးသုခ )
ဝတ္ထုတစ်ပုဒ်၊ စာတစ်အုပ်မှာ ယုတ္တိသဘာဝ၊ စရိုက်သဘာဝတိကျပြည့်စုံလာသည့်အခါ၊ မူလစာရေးသူကစိတ်ကူးယဉ် ဖန်ဆင်း၍ အသက်သွင်းပေးလိုက်သည့် ဇာတ်ကောင်သည်၊ တကယ့် သက်ရှိထင်ရှား ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့သလား ဟုထင်မှတ်ယူစွဲနေတတ်ကြသည်။ နိုင်ငံခြားဝတ္ထုတို့၌ ရော်ဘင်ဆင်ကရူးဆိုး၊ ရှားလော့ဟုမ်း၊ ဂျိမ်းဘွန်းစသည့် ဇာတ်လိုက်များတကယ်ရှိ၊မရှိပြဿနာ ပေါ်ခဲ့ကြရသလို ၊မြန်မာဝတ္ထုစာပေတို့၌လည်း၊ ခုံတော်မောင်ကျဘမ်း၊စကားတောင်စား၊ စုံထောက်ဦးစံရှား၊ မြတ်လေး ရွှေဓားဗိုလ်တို့ တကယ်ရှိမရှိ၊ပြဿနာဖြစ်ကြခဲ့ဖူးသည်။ ယခုမဟာဂီတဆရာကြီးဦးပြုံးချိုရေးသားခဲ့သည့် နေအေးလိမ်နည်းစာအုပ်ကိုလည်း နေအေးဆိုသည့် လူတကယ်ရှိမရှိ၊ စာရေးဆရာက ဖန်ဆင်းထားသော ဇာတ်လိုက်ဟုတ်မဟုတ်၊ ပြောဆိုသံများမကြာခဏကြားခဲ့ရသည်။ အထူးသဖြင့် နေအေးမှာ၊ ကျိုက်လတ်မြို့ သားဟု တစ်စွန်းတစ်စကြားသူတို့က ကျွန်တော့ကိုမေးမြန်းခဲ့ဖူးပါသည်။ စာအရေးကောင်း၍ တကယ်ရှိသည်ထင်ကြသလို စာအရေးကောင်း၍လည်း တကယ်ရှိခဲ့တာမဟုတ်နိုင်ပါဘူး ဟူ၍လည်း ထင်တတ် ကြပြန်သည်။
ကျွန်တော့်အနေနှင့်နေအေးကတကယ်ရှိမရှိ ၊ပြောဆိုရမည်ဆိုလျှင် အကယ်၍ မူလနေအေးလိမ်နည်း စာအုပ်ကိုရေးသားခဲ့ သူ ဆရာကြီးဦးပြုံးချိုကိုယ်တိုင်က၊ နေအေးမှာကျွနု်ပ်၏ ညီတစ်ဝမ်းကွဲ တော်စပ်သူဖြစ်ကြောင်းဟု စာတစ်ပိုဒ်တည်းဖော် ပြလိုက်ရုံနှင့်၊ပြဿနာပြေလည်သွားမည်ဖြစ်ပါသည်။ မှန်ပါသည်။ နေအေးဆိုသည်မှာတကယ်ရှိခဲ့ရုံမက၊ ဆရာကြီးဦးပြုံးချို၏ ညီတစ်ဝမ်းကွဲဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်နီးပါးက၊ပညာသားပါးပါးလိမ်နည်းများဖြစ်ကြောင်း၊ ကျိုက်လတ်ဇာတိလူကြီးသူမများက ဝန်ခံကြပါလိမ့်မည်။ ကျွန်တော်လူလားမြောက်သည့်အရွယ်လောက်တွင်၊ ဦးနေအေးတစ်ယောက်ကျိုက်လတ်မြို့မှ ပျောက်ကွယ်သွားပြီထင်ပါသည်။ ဦးပြုံးချို၏ သားသမီးများ ဖြစ်ကြသောမခင်မြင့်၊ ကိုလှမောင်စသည်တို့မှာ၊ကျွန်တော့် ထက်လေးငါးနှစ်ခန့်ကြီးသူများဖြစ်၍ အကျွမ်းတဝင် မရှိခဲ့ရသော်လည်း၊ ဦးပြုံးချို၏ညီအရင်း ဆေးဆရာကြီး ဦးကျော်ဒွန်းဆိုသူ၏သားနှစ်ယောက်ဖြစ်သော ချစ်စံနှင့် သောင်းဟန်တို့မှာကျွန်တော်နှင့်တစ်တန်းတည်းသမား များဖြစ်ခဲ့ကြသည်။
ယခုထက်တိုင်ဦးပြုံးချိုနှင့်နေအေး၊ဦးကျော်ဒွန်းတို့၏ဆွေမျိုးစများ၊ကျိုက်လတ်မြို့မှာရှိနေကြပါ လိမ့်ဦးမည်။ကျွန်တော့ဘွားအေ၊ဦးကြီး၊ ဦးလေးတို့မှာ ဦးနေအေးနှင့် ရပ်ဆွေရပ်မျိုးများဖြစ်ကြသည်။
နေအေးလိမ်နည်းကို ပထမဆုံးအကြိမ် သူရိယသတင်းစာတိုက်မှ၊ထုတ်လိုက်သည့်အခါ ကျိုက်လတ်တစ်မြို့လုံးအုံးအုံး ကြွက်ကြွက်ရယ်ကြ၊မောကြတသောသောဖြစ်သည်ကိုတော့၊ ကျွန်တော်ကောင်းစွာအမှတ်ရနေပါသည်။ ကျိုက်လတ်မြို့ ပေါ်မှာ ဦးနေအေး၏အလိမ်ကိုမခံရဖူးသူမရှိသလောက်ဖြစ်ပါသည်ဟုပြောလျှင်၊ လွန်လွန်းသည်ဟုဆိုကြမည်လား။ မလွန် ပါခင်ဗျားဟုကျွန်တော်ကပြောပါမည်။ ဘာကြောင့်နည်း။ နေအေးလိမ်နည်းစာအုပ်ထွက်လာမှဟာ့ဒီစာအုပ်ထဲတို့ကိုလိမ် သွားတာမပါသေးပါဘူးကွာဟု၊ ဝမ်းနည်းပက်လက်ပြောကြသူများအတော်များစွာ၊ ထွက်ပေါ်လာကြခြင်းကြောင့်ဖြစ်ပါသည်။ အလိမ်ခံခဲ့ရစဉ်ပူပူနွေးနွေးတုန်းက ဒေါသတွက်ပြီးရှက်ချင်ရှက်နေကြမည်ဖြစ်သော်လည်း၊စာတစ်အုပ်၊ပေတစ်အုပ်ထုတ် လိုက်သည့်အခါမှာတော့၊ နေအေး၏အလိမ်ခံလိုက်ရဖူးသည်ကိုပင်ဂုဏ်ယူချင်နေကြသည်။ ထိုအကြောင်းကိုထောက်လျှင် နေအေး၏အလိမ်ခံလိုက်ရဖူးသည်ကိုပင် ဂုဏ်ယူချင်နေကြသည်။ထိုအကြောင်းကိုထောက်လျှင်နေအေးလိမ်နည်းစာအုပ်မှာ၊ ဦးနေအေးလိမ်ခဲ့သမျှအမြို့မြို့အရွာရွာကိုအပထား၊ကျိုက်လတ်တစ်မြို့တည်းကအဖြစ်အပျက်များပင်၊အကုန်အစင်မဟုတ် သေးကြောင်းသိနိုင်ပါသည်။
ဦးနေအေးမှာအသားလတ်လတ်၊ အရပ်အမောင်းကောင်းကောင်း၊ ဆံပင်မှာအချုပ်ထောင်ကိုဝင်ချည်ထွက်ချည်ဖြစ်၍၊ဆံရှည် ဖြစ်လျက်၊ ဆံတိုဖြစ်လျက်၊ ကတုံးဖြစ်လျက်ရှိသည်ဟု ကျွန်တော့ဘွားအေထံမှသိရပါသည်။ စူးရှသောမျက်လုံးနှင့်စေ့စပ်သော နှုတ်ခမ်းရှိသည်။ အလွန်အကင်းပါးသည်။ စကားပရိယာယ်အလွန်ကြွယ်ဝသည်။ တစ်ဖက်သားကိုဆွဲဆောင်နိုင်သည်။ လောကီ၊ လောကုတ္တရာ၊ပညာ ဗဟုသုတတစ်စွန်းတစ်စဆီနှံစပ်သည်။ သိုက်သမိုင်း၊အဂ္ဂရိတ်၊ ရာဇဝင်၊ ဓာတ်ဗိန္ဒော၊ ပယောဂ၊ ဗေဒင်၊ အင်း အိုင်၊ ခါးလှည့်လက်ဖွဲ့၊ မန္တရား၊ လက်မှုပညာဆိုလျှင်ပန်းတိမ်၊ ပန်းပဲ ၊သံဖြူ၊ သစ်သားရုပ်တု ၊ ရွှေရည်စိမ်၊ နာရီ၊ လောကဓာတ် အခြေခံ၊အသေးစားစက်မှုလက်မှုစသည်တို့ကို တီးမိခေါက်မိရှိသည်။ ထိုပညာကလေးများကို အသုံးပြုလျက်ထိုကွေ့မှာထိုတက်နှင့်လှော်ပြီး၊ ဤကွေ့မှာဤတက်နှင့်လှော်ကာစပ်ဆိုင်သောနေရာတွင်လိမ်သွားကြောင်း သူ့စာအုပ်ကိုဖတ်ရင်းသဘော ပေါက်နိုင်ကြပါလိမ့်မည်။
ဦးနေအေး၏အကောင်းဆုံးပညာမှာ၊ သရုပ်ပိုင်ခြင်းပင်ဖြစ်ပေသည်။ သူခိုးဘိန်းစားအလစ်သမားဆိုလျှင် မှင်မောင်းရုပ်ရည်အပြောအဆိုအလှုပ်အရှားကအစ၊ အထိတ်တလန့်မျက်နှာပျက်နေပုံ၊ သတ္တိကြောင်ပုံ၊ အပြောအဆိုလေယူလေသိမ်းကအစ၊ တုန်လှုပ်ချောက်ချားအောက်ကျ၊နောက်ကျနေပုံတို့က သဘာဝကျနိုင်သလောက်၊ ရသေ့ရဟန်းဆိုလျှင်မြင်လိုက်သည်နှင့်ထိုင်၍၊ ဦးချကန်တော့ချင်လောက်အောင်၊သမဏသာရုပ္ပပြည့်စုံကြည်ညိုဖွယ်ရှိသည်။ မင်းညီမင်းသားအဖြစ်သရုပ်ဆောင်သည့်အခါ ရွှေလင်ပန်းနှင့်အချင်းဆေးခဲ့ရသော၊ တကယ့်မဟာဆီမဟာသွေးကဲ့သို့ ရွှေဘုံနိဒါန်းပါကျင့်ဝတ်သိက္ခာအသုံးအနှုန်း၊ဝေါဟာ ရအဆိုအမိန့်နှင့်နေပုံထိုင်ပုံ။ လေယူလေသိမ်းကအစပိရိလှသည်။ ဤနေရာတွင်ကျွန်တော့တင်ပြချက်များမလွန်ကြောင်းသာဓကထုတ်ပြလိုက်ချင်ပါသည်။
နေအေးလိမ်နည်းစာအုပ်၌ပါဝင်သော ပွဲစားကြီးသားအဖကိုမင်းသားဟန်ဆောင်၍လိမ်ခြင်း ဟုခေါင်းစဉ်ပါအဖြစ်အပျက်မှာ (ကျွန်တော်ရုပ်ရှင်ရိုက်ခဲ့သောနန်းတစ်လိမ်၊ပန်းတစ်လိမ်ဇာတ်ကားတွင်ပါဝင်ပါသည်)ကျိုက်လတ်မြို့တွင်မျက်နှာကြီးပိုက်ဆံရှိ၊ဉာဏပညာဗဟုသုတပြည့်ဝလှသောမင်းမျိုးမင်းနွယ်ပွဲစားကြီးဦးလင်းဆိုသူကိုတက်၍လိမ်ခဲ့သောအကြောင်းမှန်ဖြစ်ပါသည်။ ထိုပွဲစားကြီးဦးလင်းနှင့်သမီးမသန့်တို့မှာကျွန်တော်တို့အိမ်နှင့် နောက်ဖေးချင်းဓားလွယ်ခုတ်ဖြစ်၍ သူတို့ခြံထဲကမာလကာသီးသွားခိုးတိုင်းအကြိမ်းအမောင်းခံခဲ့ရသည်ကို မှတ်မိနေပါသေးသည်။ဦလင်းတို့နေသည်က၉ဖြတ်လမ်း၊ ဦးနေအေးနေ သည်က၄ဖြတ်လမ်း။ ဤမျှလောက်နီးစပ်နေသည့်တစ်မြို့ထဲသားကိုဦးနေအေးကမင်းညီမင်းသားအဖြစ်လိမ်သွားလိုက်သည်မှာ၊ ဦးလင်းကိုယ်တိုင်ဦးနေအေးမှန်းမသိလိုက်။ မြို့သူမြို့သားတွေလည်းမသိလိုက်။ ပွဲစားကြီးဦးလင်းကသမီးမသန့်ကို မိဖုရားအဖြစ် ပင်ဆက်လိုက်သေးသည်။
ဤနေရာမျိုးမှာတော့ဦးနေအေးကသစ္စာရှိသည်။ မသန့်ကိုအသိအမှတ်ပြု၍ လက်ခံပါသည်ဟုသာ ပြော၍ ဖခင်ကြီးကိုမှဲ့တစ်ပေါက်မစွန်းပြန်အပ်ခဲ့သည်။ အရေးတော်ပုံကြီးအောင်မြင်မှ ရွှေလက်ဆွဲပြီး၊နန်းသိမ်းပွဲခံယူမည်ဟု ပြောသွားသည့်အတွက်ဦးလင်းရော၊ မသန့်ပါမျက်ရည်လည်ရွဲ ရှင်ဘုရင်လောင်းနှင့်ခွဲခဲ့ရသည်။ (အကျယ်ကိုနေအေးလိမ်နည်းစာအုပ်တွင်ကြည့်ပါ။ ဤမျှအထိပိပိရိရိရှိပါသည်)
လူတိုင်းလူတိုင်းတွင် သူတစ်ပါးကလိမ်လျှင်ခံရမည့်ပျော့ကွက်ကလေးများ ရှိနေတတ်သည်။ ယင်းကိုဦးနေအေးက စီမံကိန်းအနေနှင့်နေ့ရှည်လများစူးစမ်းပြင်ဆင်တတ်သည်။ ယင်းကို(ဆိုးဆိုးကောင်းကောင်း)သူ့ပညာဟုခေါ်ဆိုရပေလိမ့်မည်။ လူတစ်ဦးတစ်ယောက်ကိုလိမ်တော့မည်ဆိုလျှင်၊ထိုသူ၏ပျော့ကွက်ကိုနှိုက်ရန်ပစ္စည်းပစ္စယ၊လူသူအခြံအရံစုဆောင်းသည်။ ဆွေစဉ်မျိုးဆက်၊ရပ်သေးရှိဆွေမျိုးဉာတကာအမည်နာမဇာတ်ကြောင်း၊ အပြည့်အစုံအားလုံးကိုအချိန်ယူ၍လေ့လာသည်။ အရင်းအနှီးငွေကြေးအကုန်အကျခံတတ်သည်။ သို့ကလိုစီမံကိန်းချ၍မှလိမ်တတ်သလား။ မဟုတ်သေးပါ။
လတ်တလောအခြေအနေအရ၊ တင်္ခဏုပ္ပတ္တိဉာဏ်နှင့်ထိုင်ရာမထလိမ်သွားနိုင်သော၊ အာဝဇ္ဇန်းလည်းရှိပေသည်။ ဥပမာ-အရာရှိကြီးတစ်ယောက် က”ဒီလောက်နာမည်ကြီးလှတဲ့နေအေး၊မင်းငါ့ကိုလိမ်စမ်း”အာဏာဖြင့်ခိုင်းရာတွင်၊”မင်းစိုးရာဇာလဲဖြစ်ပြန်၊ လိမ်မယ်မှန်းလဲသိနေပြန်တော့၊ ဘုရားကျွန်တော်မျိုး၊ စကားမှဟလို့မထွက်နိုင်ပါဘုရား”ဟုဆိုလျှင်၊”မရဘူး၊မင်းငါ့ကိုလိမ်ရမယ်”ဟုဇွတ်ပြောသောကြောင့်၊ “ကဲ့ဒါဖြင့်ကျွန်တော်မျိုးပြောရဲဆိုရဲအာဝဇ္ဇန်းကလေးရွှင်အောင်၊ အရက်တစ်ပုလင်းသာဝယ်ပေးပါဘုရား”ဆို၍ဝယ်ပေးလာသောအရက်နှင့်အမြည်းကိုဇိမ်ခံသောက်ပြီး၊ ထသွားသောအခါအရာရှိကြီးက “ဟေ့ကောင်နေအေး၊ဘယ်လဲဘာရမလဲ၊နင်ငါ့ကိုလိမ်လေ”ဟုဆို သည်ကို”အရှင်ဘုရား၊အရက်ကိုလိမ်သောက်လို့ ကုန်တောင်ကုန်သွားပါပြီဘုရား”ဟုလိမ်သွားသောနည်းမှာတင်္ခဏုပ္ပတ္တိဉာဏ်မျိုးဖြစ် ပါလိမ့်မည်။
ဤသို့သောအရည်အချင်းနှင့် နေအေးလိမ်နည်းစာအုပ်ရေးသူဆရာကြီးဦးပြုံချိုကိုယ်တိုင်ကို၊ သူ့ညီတစ်ဝမ်းကွဲဦးနေအေးကလိမ် သွားပုံမှာ(ဦးပြုံးချိုကရှက်၍ချန်ထားခဲ့လေသလား)စာအုပ်ထဲတွင်မပါခဲ့ပေ။ ယင်းကိုကျွန်တော်ဖော်ပြလိုက်ပါမည်။ ဆရာကြီးဦးပြုံးချိုသည် တေးဘုမ္မာအစချီဝိပဿနာဓမ္မဂီတကြီးကို စာတတ်အမော်ဆရာကြီးအဆူဆူကလက်ခံနိုင်လောက် သည်အထိပညာကြီးကျယ်သကဲ့သို့ဒေါသလည်းကြီးတတ်သည်။ သူ၏ညီအစ်ကိုသားချင်းတို့သာမက၊ ဂီတသင်ယူသူ၊ ဇာတ်ပညာသင်ယူသူတပည့်တပန်းများက ပြန်မပြောဝံ့အောင်၊ကြောက်ရသည်။ စိတ်မထင်လျှင်သီချင်းစာသား အမူအယူလွဲလျှင် ဆဲဆိုကန်ကျောက်၊ နီးရာနှင့်ဆွဲပေါက်တတ်သည်။ သို့သော်စိတ်ရင်းကားကောင်းလှ၏။ တစ်နေ့ဦးပြုံးချိုကဦးနေအေးကိုအိမ်ခေါ်၍ဆုံးမစကားပြောသောဟူ၏။
“ဟေ့နေအေး၊မင်းကြောင့်ဒို့ဆွေမျိုးထဲအရှက်ကွဲရသကွာ၊ မင့်မလဲအချုပ်ခံရတာအကြိမ်ကြိမ်၊ ထောင်ထဲရောက်တာအခါခါ၊ လိမ်တယ်၊ ညာတယ်ဆိုတာလောကလဲမကောင်း၊သံသရာလဲမကောင်း။ သံဖြူဆရာလုပ်စားဦး ၊မင့်ပညာ၊ မင့်လက်ရာနဲ့ကောင်းကောင်းကြီးနေလောက်၊စားလောက်ပါတယ်ကွာ။ ငါ့ညီမမိုက်ချင်စမ်းပါနဲ့”ဟုဆိုလျှင်ဦးနေအေးကပြုံးရယ်ရင်း့“ဟဲဟဲ့ပြောတော့လွယ်တယ်အကိုရာ၊(ဦးကျော်ဒွန်းရော၊ဦးနေအေးပါ ဦးပြုံးချိုကိုအစ်ကိုဟုခေါ်လေ့ရှိကြသည်)ကျွန်တော်က မလိမ်ချင်ပါဘူး။ အလိမ်ခံချင်တဲ့သူတွေကလိမ်လှည့်ပါ၊ လိမ်လှည့်ပါလို့ခေါ်နေကြတော့လဲ၊နေအေးကလိမ်ရပြန်တာပေါ့”
ဤတွင်ဦးပြုံးချိုကဒေါသကြီးလာပြီး့ “ဟေ့ကောင်-မအေပေး၊နင့်ကိုလာလိမ်လှည့်ပါလို့ဘယ်သူကဖိတ်သလဲ၊ခွေးမသား”
“ဒါတော့အကိုပဲစဉ်းစားကြည့်လေ၊ မတော်လောဘရှိတဲ့လူတိုင်းကဖတ်နေတာပေါ့၊ လောဘရဲ့အကြောင်းကို လဲသိသားပဲ၊ တေဘုမ္မာသီချင်းထဲတောင်အစ်ကိုရေးထားသေး။ဟဲ့ဟဲ။”“အောင်မယ်-ခွေးပါးစပ်ကနတ်စကားထွက်လို့၊ နင့်ထက်ညံံ့တဲ့လူတွေမှနင်လိမ်လို့ရမှာပေါ့၊ နင့်ထက်တော်တဲ့လူနဲ့ တွေ့ရင်နင်အသတ်ခံရလိမ့်မယ်”“ဟုတ်ပါတယ်အကို၊ လိမ်ကတည်းက ကျွန်တော့ထက်ညံ့တဲ့လူတွေကို ရွေးလိမ်ရတာပေါ့”
“အေးအေး့မင်းဆင်ခြေနဲ့မင်းနေချင်သလိုနေ ၊သေချင်သလိုသေပေါ့ကွာ၊”ဦးပြုံးချိုကလက်ဖက်ရည်ကြမ်းသောက် နေသောဦးနေအေးအားဂရုမစိုက်တော့ပဲ သက္ကလတ်ရင်ဖုံးအကျီင်္ကိုထဝတ်လိုက်သည်။ ပြီးတော့သားရေကြိုးနှင့်ချိတ် ထားသောခါးပိုက်ဆောင်နာရီကိုထုတ်ကြည့်လိုက်သည်။ထိုခေတ်ကအုန်းပင်တံဆိပ်၊ မီးရထားတံဆိပ်ခါးပိုက်ဆောင် နာရီများခေတ်စားလှသည်။ ငွေရောင်ကြိုး၊ရွှေကြိုး၊သားရေကြိုးများတွင်ချိတ်တတ်ကြသည်။
“ကဲ့ငါဝန်ထောက်မင်းအိမ်ကိုသွားလိုက်ဦးမယ်”“ခဏ၊ခဏအစ်ကို၊အစ်ကို့နာရီကြိုးကလေးပြစမ်း”ဟုဦးနေအေးကတောင်းလိုက်သည်။ “ဘာလုပ်မလို့လဲ၊မင်းက” ပြောသာပြော၍ကြိုးနှင့်နာရီကိုဖြုတ်ပေးလိုက်ရသည်။ဦးနေအေးကနာရီကြိုးကို သေသေချာချာလက်နှင့် ပွတ်သပ်၍ကြည့်သည်။နှာခေါင်းနှင့် လည်းနမ်းကြည့်သည်။ပြီးတော့မှရှုံရှုံမဲ့မဲ့နှင့်ပြန်ပေးလိုက်ရင်း့
“အစ်ကို့နာရီကြိုးကမွဲခြောက်ခြောက်မာတောင့်တောင့်နဲ့၊ သားရေစိမ်းစော်ကလဲနံလိုက်သေး၊ ကျွန်တော်ထောင်ထဲမှာထောင်မှူးကြီးကိုထိုးပေးခဲ့တဲ့၊ ကြိမ်ကြိုးကလေးများအစ်ကိုမြင်ရရင့်” ဦးနေအေးကစကားကိုဖြတ်ထားလိုက်သည်။ ဆက်၍မပြောတော့။ ဆက်ပြောရသူကဦးပြုံးချို။
“ဘာကွကြိမ်ကြိုး၊ဟုတ်လား”“ဟုတ်တယ်၊ကျွန်တော်ကြိမ်နဲ့ထိုးပေးခဲ့တာ”“အစ်ကိုတို့ခက်တာပေါ့၊ ကြိမ်နဲ့ထိုးတဲပစ္စည်းမျိုးဆိုရင်၊ စားပွဲ၊ကုလားထိုင်နဲ့စာခြင်းလောက်သာမြင်ဖူးနေကြတာ။ လိုက်ကာတို့စိပ်ပုတီးတို့ လောက်တောင်နုလှပြီထင်ကြမှာ။ ကျွန်တော်ထိုးပေးခဲ့တဲ့နာရီကြိုးက ဘဲဥကြိမ်၊အကြောချည်းနန်းဆွဲထားတာ၊ ဇာချည်မျှင်လောက်ရှိတယ်။” ဦးနေအေးကဦးပြုံးချိုကိုပြန်မကြည့်ဘဲရေနွေးသောက်နေလိုက်သည်။ ဦးပြုံးချိုမှာမနေနိုင်တော့။ မတ်တတ်မှပြန်ထိုင်လိုက်ရပြန်သည်။
ဦးပြုံးချိုကိုယ်တိုင်က အနုပညာသမား၊ အနုအလှများကိုအလွန်နှစ်သက်သည်။ ကျိုက်လတ်မြို့မှဦးရှင်ကြီးပွဲမှာတီးလုံးစာသား၊တေးသီချင်း၊ ဇာတ်စကားတို့သည်။ နန်းတော်ကား ၊ကျောင်းတော်ကား၊မြို့ရိုးကား ၊တောကား၊တောင်ကားတို့ကို အဝတ်အထည်ဆေးဆိုးသောနွယ်သာဂီစသည့်ဆေးများနှင့်တမာစေး၊ စပ်ဖော်၍စုတ်တံအပြားအလုံး အကြီးအငယ်နှင့် ရေးတတ်သည်။ တမာစေးနှင့်ဆေးစပ်သူများကပျက်ကချော်၊ ပေါ့ပေါ့ဆဆသမအောင်မမွှေလျှင် ဖြင့်၊အရိုက်အကန်ခံရမှာသေချာသည်။ တောကားထဲတွင်သစ်ပင်များအဖူးအပွင့်နှင့်ပုံဖော်ထားသည်မှာစုတ်ချက် အနုစိတ်ရေးတတ်သည်။ သို့ကလောက်အနုအလှစုံမက်သူအား၊ ဦးနေအေး၏ကြိမ်နာရီကြိုးဆိုသည်က ဖမ်းစားလိုက်လေပြီ။
“နေပါဦးကွနေအေးရ ဇာချည်မျှင်လောက် နန်းဆွဲထားတဲ့ကြိမ်နဲ့ဘယ်လိုထိုးသလဲ”
ဟာ့အစ်ကိုကလဲ၊ဖွတ်မြီးထိုးတာပေါ့။ စိတ်မရှည်လို့တော့မရဘူး။ တစ်ချောင်းချင်း၊တစ်ချောင်းချင်း အကျော်အနင်းအကွက်ဖော်ရတာ။တစ်မူးလုံးလောက်အထိ နန်းတစ်လိမ်၊ပန်းတစ်လိမ်ပေါ့။ ကြိမ်ကလဲဘဲဥကြိမ်ဆိုတော့၊ အုန်းဆီကလေးများသုတ်ထားလိုက်ရင်ဝင်းနေပေါ့။”“ဟုတ်လား-မင်းထိုးတတ်တယ်ပေါ့”“အစ်ကို့နှယ်၊ ထောင်ထဲဒါတွေလုပ်နေရတာ”“မင့်ဥစ္စာဇာချည်မျှင်လောက်၊ နန်းကလေးတွေဆိုတော့ ခိုင်ကောခိုင်ရဲ့လား”
“ဖွတ်မြီးထိုးပါတယ်ဆိုမှအစ်ကိုရာ၊ တစ်မူးလုံးလောက်ရှိတာ။လက်ဝါးထဲထည့်ချေဦးမလား။ကျွိကျွိ၊ကျွိကျွိနဲ့တောင် မြည်သေး”“ဒါဖြင့်ငါ့တစ်ချောင်းထိုးပေးကွာ”“တစ်ကုံးရင်လဲပြောပါဗျာ ဘယ့်နှယ်တစ်ချောင်းရယ်လို့”ဤတွင်အနုပညာဆရာကြီးက ဟက်ဟက်ပက်ပက်၊ရယ်မော၍သဘောကျသွားပါတော့သည်။“အေးပါကွာ-အစ်ကိုမှားသွားပါတယ်။ တစ်ချောင်းဆိုတာက မာတောင့်တောင့်ကြီးပဲ။ ဟဲဟဲဟဲ၊ဟုတ်တယ်ကွ၊ ဟုတ် တယ်။လုပ်ကွာ-ငါ့တစ်ကုံးထိုးပေးနော်”“ကျွန်တော်အားတော့ ထိုးပေးပါ့မယ်လေ”“မင်းကမအားလို့ ဘာများလုပ်နေရလို့လဲ”
“တော်တော်ထိုးရတာပေါ့အစ်ကိုရ၊ အနည်းဆုံးခုနစ်ရက်လောက်”“အေးပါ၊ကြာချင်ကြာနေပါစေ။ ဘဲဥကြိမ်တစ်ချောင်းမှတစ်မတ်ငါးမူးပေါ့။ မင့်ကိုငွေနှစ်ကျပ်ပေးလိုက်မယ်ရော့” ဦးနေအေးကဦးပြုံးချိုထံမှငွေနှစ်ကျပ်ကို ပျင်းတိပျင်းတွဲမလွှဲသာ၍၊ယူရသလိုယူသွား၏။ ထို့နောက်ဦးပြုံးချိုပညာ့ အလင်းသတင်းစာတိုက်သို့အယ်ဒီတာအဖြစ်ရန်ကုန်ရောက်ပြီး ၁၂၈၉ခုနစ်မှာ၊ ဆုံးသွားသည်အထိ ဦးနေအေး၏ နာရီကြိုး(ကြိမ်တစ်ကုံး)ကိုအသုံးမပြုလိုက်ရပါ။
“ငါ့တောင်လိမ်သွားတဲ့မအေပေးကို ခွေးသတ်သလိုသတ်မယ်”ဟုကြိမ်မောင်းပြီး၊ ကျိုက်လတ်တစ်မြို့လုံးလိုက်ရှာ သည့်အခါတွင်ဦးနေအေး ဒေးဒရဲသို့ရောက်နေပြီဆို၏။ ဦးပြုံးချိုရန်ကုန်ရောက်မှ ကျိုက်လတ်သို့ပေါက်လာပြန် သည်။ “ဦးပြုံးချိုကြီးဟာငါ့ထက်ညံ့တဲ့အကြောင်း၊လက်တွေ့ပြလိုက်တာပေါ့ကွ”ဟုကွယ်ရာမှာစကားသာပြောလိုက်သေး သည်ဟူ၏။ လောက၌လိမ်တတ်သူသည်၊ သူတစ်ပါးကိုမလိမ်ရလျှင် ကိုယ့်ပေါင်ကိုယ်ဆွဲလိမ်တတ်သည်ဟုပြောစမှတ်ပြုကြ သည်။ထိုအထဲတွင်ဦးနေအေးမှာပါရဂူဖြစ်ဟန်ရှိသည်။
လွန်ခဲ့သည့်အနှစ်ခြောက်ဆယ်လောက်ကငွေနှစ်ထောင်၊ သုံးထောင်ဆိုသည်မှာ၊နည်းနည်းနှောနှောအရင်းအနှီးမဟုတ်။ အရင်းအနှီးစီးပွားပြု၍ထိုင်စားနေနိုင်လောက်သည့် အခြေအနေဖြစ်လေသည်။ သို့တိုင်အောင်တစ်ခါတစ်ခါ၊ဤရွေ့၊ ဤမျှရခဲ့သောငွေမှာဦးနေအေးနှင့်ကြာရှည်မနေ ပါချေ။အစားကောင်းစား၊အဝတ်ကောင်းဝတ်သည်။ အရက်သောက်သည်။ ဘိန်းရှူသည်။ ဖဲရိုက်သည်။ ကက်ဆွဲ သည်။အပေါင်းအသင်းများသည်။(ဖဲကက်မှာမလိမ်တတ်)ထို့ကြောင့်သူ့ဇနီးမှာ(အမည်မမှတ်မိ၊သားသမီးရှိ၊ မရှိမသေချာ)စာရေးကတော်ကြီးဖြစ်လိုက်၊ခွေးကတော်ကြီးဖြစ်လိုက်ဟုပြောကြသည်။ကျိုက်လတ်မှာလည်း ကာလကြာရှည်နေသည်ဟုမရှိ။ခြေသလုံးအိမ်တိုင်အမြို့မြို့အနယ်နယ်သို့၊ ရက်ကန်းရှယ်သလို လည်နေတတ်သည်။ သို့မှမဟုတ်လျှင်၊ အချုပ်ခံနေလိုက်ရ၊ ထောင်ထဲရောက်နေလိုက်ရနှင့် ၊ဖြစ်လေရာ ဇနီးဖြစ်သူမှာသူရသည့် အခါကပေးထားသောငွေကလေးကြေးကလေးဖြင့်၊ ခြစ်ခြစ်ခြုပ်ခြုပ်၊ကုတ်ကုတ်ကတ်ကတ်၊ စားသုံးနေရသည်။ တစ်ခါတော့ဦးနေအေးကငွေနှစ်ကျပ်တောင်းသည်။ ဇနီးသည်ကတစ်ပြားမျှမရှိဟုပြောသည်။
“ဟဲ့-ငွေကလေးနှစ်ကျပ်များဟာ ခဲခဲယဉ်းယဉ်းနိုင်လိုက်တာ”
“မရှိတဲ့အခါနှစ်ကျပ်မပြောနဲ့၊ နှစ်ပြားမှမရှိဘူးတော်ရေ့။ ညမနက်လဲကြံဖန်စားနေရသေးတာ။ ရှင့်လုပ်စာကကော ဘယ်လောက်အပ်ထားလို့လဲ”
ဦးနေအေးကစားကောင်း၊ သောက်ကောင်းကလေးတွေကို၊ကြိုက်သည်။ ယခုတလောစားနေရသည်က၊ ငါးပိရည် တို့စရာနှင့်ဟင်းချိုတစ်ခွက်။မြိုးမြိုးမြက်မြက်ကလေးဈေးထွက်စားချင်၍တောင်းပါသည်ကို မိန်းမကလက်ပေါက်ကပ်နေသည့်အတွက် ဒေါသထွက်လာတော့သည်။ “အေး-မရှိလဲမပေးနဲ့ကွာ”ဟုပြောပြီး၊ အိမ်ပေါ်မှဆင်းသွားလေသည်။ ဇနီးသည်ကတော့ဗျစ်တောက်ဗျစ်တောက် လုပ်၍ကျန်ရစ်ခဲ့သည်။ ဦးနေအေးတစ်နေ့လုံးအိမ်သို့ပြန်မလာတော့ပါ။ ညနေစာစားချိန်လည်းပြန်မရောက်။ မီးထွန်းချိန်လည်းပေါ်မလာ။ လာမည့်လာတော့၊လူခြေတိတ်ပြီးသူတကာအိပ်ရာဝင်ကြသည့် ညဆယ့်တစ်နာရီ လောက်။ အိမ်တံခါးကိုခပ်တိုးတိုး၊ ခပ်သွက်သွက်ကလေးလေးငါးကြိမ်ခေါက်လိုက်သဖြင့်-
“ဘယ်သူလဲ့”
“ငါပါဟ့”
“ကိုနေအေးလား”
“အေးပါဟ-မြန်မြန်ဖွင့်စမ်း၊အရေးထဲအမေးအမြန်းထူလိုက်တာ”
မိန်းမဖွင့်ပေးသောတံခါးကိုကိုင်၍ခပ်သွက်သွက်ဝင်လိုက်သည်။ လမ်းဘက်ကိုအကဲခတ်လိုက်ပြီးမှ ခပ်မြန်မြန်ပိတ်ပြီး သက်မချကာရင်ဝကိုဖိလိုက်သည်။ ရှပ်အကျီင်္အိတ်ထဲက ညိုညစ်ညစ်အရောင်အစိုးရရုံးသုံးစာအိတ်ရှည် ကို လက်ကမဖုံးတစ်ဝက်ဖုံးတစ်ဝက်။ လူကလည်းဇောချွေးတွေပြန်လျက်။
“ရော့ရော့၊ဒါကို ဆန်အိုးထဲသွားထည့်ထားလိုက်” သူ့အသံကဝှက်လိုက်ရမည့်အသံမျိုး။စာအိတ်ရှည်ကိုထုတ်ပေးလိုက်သည်။ စာအိတ်ထဲမှာစက္ကူအသစ်များခေါက် ထည့်ထားပုံရသည်။ ကြွပ်ကြွပ်ရွပ်ရွပ်အသံကလေးများတောင်၊ကြားလိုက်ရသည်။ ဧကန္တငွေစက္ကူအထပ်လိုက်၊မိန်း မဖြစ်သူက ချိပ်နှင့်အသေအချာပိတ်ထားသောစာအိတ်ကိုကြည့်လိုက်မိသည်။
“တယ့်စပ်စုသဟာ ၊မြန်မြန်သွားထည့်လိုက်ပါဆိုမှ့” ဤအချိန်မှာတော့၊မယားဖြစ်သူကသြဇာတည်ပါပေ့။ စွေ့ကနဲနေအောင်မီးဖိုချောင်ထဲဝင်သွားပြီး၊ ဆန်အိုးထဲထည့် လိုက်ပါပြီ။ဒါတွင်လား၊မကသေးပါ။
“တော့်ထမင်းစားခဲ့ပြီလား”ဟုလောကွတ်တော်ပိုပိုနှင့် စေတနာရေစီးကမ်းပြိုဖြစ်လိုက်ပါပြီ။ မိန်းမတို့သဘာဝငွေကိုမြင်လျှင်လင်ကိုရိုသေတတ်သည်။
ထမင်းဝေးလို့သေပြေးရှင်ပြေး ၊ပြေးခဲ့ရတာကို”“ဒါဖြင့်ပြင်လိုက်ချေဦးမယ်”“ငါးပိရည်တို့စရာနဲ့ နင့်ထမင်းမစားချင်ပါဘူး”“ခေါင်းရင်းကအိမ်ဆိုင်ကလေးကိုနှိုးပြီး၊ ငါးသေတ္တာလေးတစ်ဘူးဝယ်လိုက်မလေ”“နို့-မနက်ကပြောတော့နင့်မှာပိုက်ဆံမရှိဘူးဆို”ဤတွင်မိန်းမကနည်းနည်းဆွံ့သွားပြီးမှ”အို-အကြွေးဝယ်လိုက်မှာပေါ့၊သူ့ဥစ္စာပြန်ပေးနိုင်ပြီးတာပဲ” ဤတွင်ကြားရသော၊ဦးနေအေးကမသိမသာပြုံးလိုက်ပါသည်။
“ဒါဖြင့်လဲငွေတစ်ဆယ်လောက်ပါချေးခဲ့ဟာ၊ ဟိုအထဲမှာဆယ်တန်ပါမှာမဟုတ်ဘူး” မိန်းမကအူမြူးပြီးအိမ်ရှေ့တံခါးဖွင့်မည်လုပ်တော့ ဦးနေအေးကတားလိုက်သေးသည်။“တယ့်ဒီမိန်းမအရိပ်သုံးပါးနားမလည်လိုက်တာ၊ အိမ်နောက်ဖေးတံခါးကထွက်”သို့နှင့်မိန်းမကငါးသေတ္တာကိုဆီပူထိုးပေးသည်။ ငါးပိရည်၊တို့စရာ၊ဟင်းချိုကလေးကို ထပ်နွှေးပေးတော့၊မြိန်မြိန် ရှက်ရှက်အရှိသား။
“ကဲ့ငါရှောင်နေဦးမှ ၊ငါ့လာမေးရင်ပြန်တောင်မလာဘူးပြော၊ ဘယ်မလဲငွေတစ်ဆယ်” ဇနီးသည်ကငွေဒင်္ဂါးဆယ်ပြားကို လွယ်လွယ်ကူကူ ၊ရှောရှောရှူရှူထုတ်ပေးလိုက်သည်။ ပေးပေမပေါ့၊ ဟိုအထဲဆယ်တန်မပါဘူးဆိုနေမှ ရာတန်တွေ၊ရာတန်တွေ။ ကျွန်တော်တို့ငယ်စဉ်ကပိုက်ဆံကြေးနီပြား၊ငွေမူးစေ့၊ငွေမတ်စေ့၊ငွေ ငါးမူးစေ့၊ငွေဒင်္ဂါး။ ငွေစက္ကူမှာဆယ်တန်နှင့်ရာတန်သာအသုံးများသည်။ ငွေတစ်ဆယ်ဆိုလျှင်လေးငါးရက်လောက် သူဋ္ဌေးသုံးသုံးနိုင်သည်။ ထမင်းတစ်နပ်၊ပိုက်ဆံတစ်မူး၊ တစ်လစားမှ ထမင်းလခခုနစ်ကျပ်ခွဲ။ ထို့ကြောင့်ပင်ဦးနေအေးတစ်ယောက်၊တစ်ဆယ့်လေးငါးရက်လောက်အိမ်ပြန်မရောက်တော့။ ဦးနေအေးနောက် ဖေးပေါက်ကဆင်းသွားပြီဆိုကတည်းက မိန်းမကဆန်အိုးထဲကစာအိပ်ကိုချိပ်ခွာ၍ကြည့်သည်။ ဦးနေအေးပြောသွား သောစကားမှာမှန်လိုက်သည်မှ ဒိဋ္ဌမျက်မြင်။ ရာတန်ဆိုဝေလာဝေး၊ရုံးသုံးစက္ကူညစ်ထေးထေးအသစ်ကလေးများကို ခေါက်၍အလယ်က ကုက္ကုရွက်အခြောက်တွေကိုညှပ်ထည့်ထားသည်ကိုသာတွေ့လိုက်ရပါတော့သည်။ ကဲ-မှတ်ပလား။သေချင်းဆိုး၊ ကာလနာ၊ ဆဲချင်ရာဆဲ၊ သူ့နားမရောက်။
ကျွန်တော်တို့ငယ်ငယ်ကဗြိတိသျှအစိုးရခေတ်မှာမြို့ကြီးတိုင်းအိမ်ပေါင်၊ လယ်ပေါင်ခံငွေချေးသောချစ်တီးများ အလွန်ကြီးစိုးကြသည်။ မြန်မာလယ်သမားများ၏ လယ်မြေဧကပေါင်းများစွာ သူတို့လက်သို့မတန်တဆနှင့်ရောက်ကြသည်။ သူတို့ထံပေါင်မိလျှင်တော့အဆုံးသာမှတ်လိုက်ပေရော့။ကြည့်ပါ။သားရှင်ပြုဖို့တိုက်တွန်းတတ်သည်။ အလုပ်ကြီး အကိုင်ကြီးတို့ချဲ့ဖို့လည်းအားပေးတတ်သည်။ တကယ်ခင်မင်သောစေတနာရှင်ကြီးတွေလိုလိုနှင့် စပြီး၊အိမ်ဂရံ လယ်ဂရံသူတို့လက်ထဲတန်ဖိုးသုံးပုံတစ်ပုံလောက်နှင့် ၊ရောက်ကတည်းကပြန်မဆပ်ဖြစ်အောင်ထားသည်။ အမယ်လေး့ခင်ဗျားကိုစိတ်ချပါတယ်။ သုံးသာသုံးထားပါ။ အရင်မလိုပါဘူး။မဒရပ်မှာရှိတဲ့ ကျွန်တော်တို့ချစ်တီး ယားကြီးကတောင်ခင်ဗျားနာမည်ကိုသိနေပြီ။ နောက်ထပ်လိုချင်သေးသလားပြောဟုရက်ရက်ရောရောသဘော ကောင်းတော်မူကြသည်။
ကာလကြာလာတော့အရင်းကော ၊အတိုးပါပေါင်းပြီးထပ်တိုးယူကြသည်ကို ကျွန်တော်တို့ကမသိ။ မဒရပ်ကသူဋ္ဌေးချစ်တီးယားကြီးက တောင်ကိုယ့်ကိုအသိအမှတ်ပြုထားဆိုပါကလားဟု ၊ဘဝင်မြင့်နေကြသည်။ ငွေကြေးချောင်လည်၍ပြန်ရွေးပါရစေဟုဆိုပြန်တော့ မန်နေဂျာအိန္ဒိယခဏပြန်သွားတယ်၊ စာချုပ်သူ့ဆီပါသွားတယ်နှင့်အချိန်ဆွဲထားပြီး၊ မရွေးနိုင်တော့သည့်အခါကျမှ အတိုးရင်းပေါင်းနှင့်တရားစွဲပြီးလယ်နှင့်အိမ်ပေါင်းများစွာကို၊မြန်မာများထံမှအပိုင်သိမ်းတော်မူကြသသည်။
အုပ်ချုပ်သူက နယ်ချဲ့စနစ်၊ကြီးစိုးသူက အရင်းရှင်။ ကဝေဆရာ ကတစ္ဆေမှင်စာနှင့်ပေါင်းပြီးကောင်းကောင်းကြီးသွေးစုပ်နေကြသည့်ခေတ်။ ထိုသို့သောသွေးစုပ်ချစ်တီးယားများအနက် ၊ဗလဲ့ဘမူတူးဆိုသော ချစ်တီးမှာလူရည်အလည်ဆုံးဖြစ်သည်။ ဗမာစကားကိုရွှန်းရွှန်းဝေအောင်ပြောတတ်သည်။မင်းပိုင်းစိုးပိုင်း ၊ရှေ့နေအရာရှိအိမ်မှန်သမျှချစ်တီးမုန့်အမျိုးမျိုးနှင့် တစ် အိမ်တက်ဆင်းရောက်သည်။ အလှူအတန်းပွဲနေပွဲထိုင်ဆိုလျှင်လည်း၊ သွားကြီးအဖြဲသားနှင့်ရောက်သည်။ ရုံးလက်ဖက်ရည်ဆိုင်မှာထိုင်၍စာရေးစာချီမြေတိုင်းဋ္ဌာနဆိုပါက အကုန်အကျခံ၍ကျွေးသည်။ ဘောလုံးပွဲမှာလည်းဖဲထီး တစ်ချောင်းနှင့်အော်ဟစ်အားပေးဆဲရေးတတ်သည်။ အင်္ဂလိပ်စာလည်းတတ်သည်။ ကွမ်းကိုတစ်ယာပြီးတစ်ယာ စား၍လက်ညှိုးနှင့်လက်ခလယ်နှုတ်ခမ်းမှာကပ်ပြီး၊ ပျစ်ကနဲ၊ပျစ်ကနဲနေအောင် ကွမ်းတံတွေးထွေးတတ်သည်။ ကတုံးပြောင်ပြောင်၊နားပေါက်ကျယ်ကျယ်နှင့်မြန်မာအမျိုးသမီးမဖွားသင်ဆိုသူကိုပင်တိတ်တိတ်ပုန်းအမြှောင်ယူ ထားလိုက်သေးသည်။ စင်စစ်မှာတော့ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံကျိုးဆိုကြပါစို့။ ဤမျှရည်လည်သော ချစ်တီးနှင့်ဦးနေအေးတွေ့ပုံမှာစိတ်ဝင်စားစရာကောင်းလှပါဘိ။
“ရမ့်ရမ်သူဋ္ဌေး”ဟုဦးနေအေးက ဆလံပေးလိုက်သည်။
“ကျွန်တော်သူဋ္ဌေး၊ မဟုတ်ပါဘူးခင်ဗျာ၊စာရေးကြီးလောက်ရှိတာပါ”ဟုဗလဲ့ဘချစ်တီးလူလည်က၊ပြော၍ရယ်လိုက်သည်။ တကယ်တောဦးနေအေးက ဗလဲ့ဘနှင့်မျက်မှန်းတန်းမိအောင်လေးငါးဆယ်ရက်၊ရုံးလက်ဖက်ရည်ဆိုင်တွင် ထိုင်တွေ့ပြီးဖြစ်သည်။ တစ်နေ့တော့ဦးနေအေးက ငွေစက္ကူတစ်ဆယ်တန် အသစ်ကျပ်ချွတ်ငါးရွက်ကိုပြ၍ နှစ်ကိုယ်ချင်းပြောသည်။
“သူဋ္ဌေးကြီး၊ဒီငွေစက္ကူတွေကို တဆိတ်လောက်ကြည့်ပေးစမ်းပါ၊အစစ်လား၊ အတုလားလို့”ဗလဲ့ဘကဦးနေအေးကိုအထူးအဆန်းကြည့်ပြီး၊ ငွေစက္ကူအသစ်များကိုစူးစမ်းလိုက်သည်။ စက္ကူအမျိုးအစား၊ ဆေးရောင်မင်ရောင်၊ရေစာအမှတ်အသား၊ ဖင်ပြန်ခေါင်းပြန်နေရောင်တွင် ထောင်ကြည့်ပြီး့
“အစစ်တွေပါ၊ဘာဖြစ်လို့လဲ”“ကျွန်တော်မသင်္ကာလို့ပါ”“ဘယ်ကရတာမို့လဲ”“လူတစ်ယောက်ဆီက ဆိုပါတော့သူဋ္ဌေးရယ်၊ သူဋ္ဌေးကိုယ်တိုင် အစိုးရငွေတိုက်မှာသွင်းကြည့်ပေးစမ်းပါ။ ယူသွားပါ။နက်ဖန်မှ သုံးရရင်လဲငွေပြန်ပေးပါ။လေးဆယ်ပြန်ရရင် တော်ပါပြီ။” ဗလဲ့ဘက ဦးနေအေးကိုကြည့်နေရာက ငွေစက္ကူများကို စေ့စေ့စပ်စပ်၊ထပ်ကြည့်လိုက်ပြန်သည်။မသင်္ကာ၍ ရွံ့သွားဟန်လည်းရှိသည်။ နေ့စဉ်နှင့်အမျှငွေနှင့် လက်နှင့်အဆက်မပြတ်သူမို့၊ အစစ်ဟူ၍စိတ်ချသည်။အကယ်၍အစစ် မဟုတ်ဖြစ်စေကာမူတစ်ထောင်ထဲ ဆယ်ရွက်လောက်ညှပ်ထည့်သုံးနိုင်လောက်သောအမျိုးအစား။
“ကောင်းပြီလေ၊ကျုပ်သုံးကြည့်မယ်၊ အတုဆိုရင် တော့ခင်ဗျားဆီက၊ ရတာပါလို့ပြောမှာပဲ”
“ဒီလိုတော့မကျီစားပါနဲ့ဗျာ၊ သူဋ္ဌေးတို့မှာက သောင်းနဲ့၊သိန်းနဲ့ချီကိုင်ကြရတာ၊ တစ်ရွက်တစ်လေမှားပါလာတာ ဆိုရင်၊ပြီးနိုင်တာပဲ။ ဟဲ့ဟဲ့ဟဲ၊သုံးနိုင်ရင် သူဋ္ဌေးပါအကျိုးရှိမှာပါ”နောက်နေ့မှာ ဗလဲ့ဘရုံးလက်ဖက်ရည်ဆိုင်သို့ အစောကြီးရောက်နှင့်သည်။ ဦးနေအေးကို လည်တဆန့်ဆန့်ဝမ်း သာအားရမျှော်နေမိသည်။ ဦးနေအေးကမရောက်လာနိုင်သေး။ ဗလဲ့ဘအားမလိုအားမရဖြစ်နေရသည်။ ဘာကြောင့်လဲ၊ မနေ့ကထိုငွေစက္ကူတွေကိုတိုက်ထဲမှာမှန်ဘီလူးနှင့်အကြိမ်ကြိမ်အခါခါ၊ထပ်၍ကြည့်ပြီး စိတ်ချရသလောက်ကျေနပ်မှ၊အစိုးရငွေတိုက်ကိုပြကြည့်ပြန်သည်။ငွေတိုက်ဝန်ထောက်က ရင်းနှီးသူပီပီ-
“ဗလဲ့ဘကလဲငွေမကိုင်ဖူးတဲ့လူကျနေတာပဲ၊ အတုမဟုတ်ပါဘူး၊ သစ်နေလို့ခင်ဗျားစနိုးစနောင့်ဖြစ်နေတာပါ။ ကဲ-ကျွန်တော်ကရှစ်ကျပ်နဲ့လဲပေးမယ်လေ”ဟုရယ်မောကာပြောနေသေးသည်။ ယင်းသို့ဆိုလျှင်ဗလဲ့ဘစိတ်ချရပြီ။ စိတ်ချရပါသော်ကော၊ဦးနေအေးပေးသွားသည်ကတရားဝင်အစိုးရစက္ကူအစစ်မှအစစ်။ အစစ်ကိုမသင်္ကာ စရာအစကလေးထောင်ပေးလိုက်သည့်အတွက်၊ ချစ်တီးလူလည်မှာအူလည်လည်ဖြစ်သွားရသည်။ ရင်တထိတ်ထိတ်မှ စိတ်ချရပြီဆိုပြန်တော့၊ မူမမှန်သောကိုနေအေးနှင့် အပေးအယူလုပ်၍၊သွေးစုပ်လိုလာပြန်သည်။
ဦးနေအေးက လောဘသမားချစ်တီးယားကို အူယားနေအောင်၊ တမင်အစောင့်ခိုင်းထားခြင်းဖြစ်သည်။ ဗလဲ့ဘကတော့ ငွေပေးမည့်ဦးနေအေးကို လေချိုသွေးပြီးပေါင်းဖို့အဆင်သင့်။ ဟော့လာပါပြီ၊သူလာပုံက အူယားဖားယား။ “အမယ်လေး-စောင့်လိုက်ရတာ-သူဋ္ဌေးဆပ်ရယ် ” ဤတစ်ခါတော့ဗလဲ့ဘက ဦးနေအေးကိုသူဋ္ဌေးဘွဲ့တပ်၍ကြိုဆိုလိုက်သည်။
“ဘယ့်နှယ့်လဲဗလဲ့ဘ၊သုံးလို့ရရဲ့လား”
“ဟာ-ဗလဲ့ဘဆိုတော့ ရတာပေါ့၊သူများဆိုရင် သေသေချာချာ စစ်ဆေးချင်စစ်ဆေးနေဦးမှာ” ရယ်ရယ်မောမောကိုယ်ရည်သွေးလိုက်လျှင်ပင်၊ဦးနေအေးကအလုပ်ဖြစ်ပြီဟုသိလိုက်သည်။ဦးနေအေးအားငွေ ငါးဆယ်တိတိပြန်ပေးသည်။ ကော်မရှင်တစ်ဆယ်လောက်ကိုမက်တော့မည်မဟုတ်။ ရွှေသူဋ္ဌေးနေအေးထံမှအလား အလာများစွာကိုတောင့်တနေလေပြီ။
“နေပါဦး ခင်ဗျားငွေစက္ကူတွေက အတုတွေမဟုတ်လား”ဟု ဗလဲ့ဘက အစ်သည်။“ဟာ-အတုမဟုတ်လို့ငွေတိုက်ကလက်ခံလိုက်တာပေါ့၊မဟုတ်ဘူးလား”ဟုဦးနေအေးကပြန်ဖုံးလိုက်ပြန်သည်။“ဒါဖြင့်ခင်ဗျားကိုယ်တိုင်ဘာလို့မသုံးဘဲ ကျုပ်ကိုအသုံးခိုင်းရတာလဲ၊နောက်ပြီး ခင်ဗျားပြောတယ်လေ၊ ဗလဲ့ဘလဲ အကျိုးရှိရမယ်လို့”
ဗလဲ့ဘက ဦးနေအေးအားကျွေးကာ၊မွေးကာ ၊ချော့ကာခြောက်ကာ၊မြှောက်ကာပင့်ကာ ၊အလိုတူအလိုပါဖြစ်နိုင် ရအောင်ကြိုးစားသည်။ ဦးနေအေးကလည်းဤအခြေရောက်အောင်လျှော့လိုက်၊ တင်းလိုက်၊ဝေ့လိုက်၊ ဝိုက်လိုက် လုပ်နေသေးသည်။ ဗလဲ့ဘကိုမယုံရ၊ ယုံရအကဲစမ်းနေသည့်သဘောမျိုး။ တစ်ဦးနှင့်တစ်ဦးကစားနေကြသည်မှာ လေးငါးဆယ်ရက်ကြာသည်အထိ။ နောက်ဆုံးတော့ဦးနေအေးကသူပေးခဲ့သောငွေစက္ကူအစစ်ကိုအတုတွေပါလို့ဝန်ခံလိုက်လေသည်။ ဒီလိုဆိုပြန် တော့ဗလဲ့ဘကမကျေနပ်ပြန်။ အတုနှင့်အစစ်ခွဲခြားပြစမ်းပါ ၊ပြောပြစမ်းပါဟုဆိုပြန်သည်။ ထိုလျှို့ဝှက်ချက်ကိုမသိ ရမချင်းဗလဲ့ဘကချစ်တီးဘုရားမှာသစ္စာဆိုပြပါမည်ဟုတောင်းပန်နေသည်။ ကဲ-အစစ်ကိုအတုပါဟုပြောပြီး ထိုအစစ်ကိုအတုဖြစ်အောင်၊ဦးနေအေး ဘယ်လိုမျက်လှည့်ပြလိုက်သလဲ။ ဦးနေအေးအဖို့တော့ လွယ်သမှသိပ်လွယ်။ နဂို ကတည်းကကြံဖန်စီစဉ်ထားပြီးသားမို့လွယ်လွန်းအား တောင်ကြီးနေပါသေးသည်။
“ကဲ-ဗလဲ့ဘ၊ခင်ဗျားကိုယုံရမယ်ဆိုလို့ပြမှာနော်၊ပေါက်ကြားရင် ခင်ဗျားကိုသတ်မယ်၊ ကျုပ်တို့ဂိုဏ်းက ဂျာမနီပြန်ဂိုဏ်း၊သိရဲ့လား” “အမယ်လေး၊ရမ်-ရမ်၊ဗလဲ့ဘ သစ္စာဆိုပါ့မယ်”
၁၉ဝဝပြည့်နှစ်ပတ်ဝန်းကျင်၊ အခါသမယမှာ ဆန်တစ်ပြည်သုံးပဲ၊ ဂျာမနီဗုံးကြဲဟူသောတဘောင်ပေါ်သည်အထိ ဗြိတိန်နှင့် စစ်မက်ရေးရာမှာ ဂျာမနီကိုမြန်မာပြည်က အထင်ကြီးနေကြသည်။ ပစ္စည်းပစ္စယအသုံးအဆောင်ကလေး များသော်မှ၊ ဂျာမနီလုပ်ဆိုလျှင်အထင်ကြီးကြသည်။ ဆေးဝါးဆိုလျှင်လည်း ဂျာမနီဆေးကပိုစွမ်းသည်။ ထို့ကြောင့် ထိုငွေစက္ကူများကို ဂျာမနီကလုပ်ပေးသလိုပြောခြင်းဖြစ်သည်။
“ကဲ-ခင်ဗျား ဆယ်တန်တစ်ရွက် ပေးစမ်း” ဗလဲ့ဘကသူ့အိတ်ထဲမှဆယ်တန်တစ်ရွက်ထုတ်ပေးလိုက်သည်။ ဦးနေအေးကသူ့အိတ်ထဲမှယခင်ပေးခဲ့သော ဆယ်တန်အမျိုးအစားနှင့်ငွေစက္ကူနှစ်ရွက်ကိုထပ်ပြလိုက်သည်။
“အလားလား-ဒီလိုကိုး”ဟု ဗလဲ့ဘက အမြင်ပေါက်သွားရသည်။ ဦးနေအေး၏အတုဆိုသော တကယ့်အစစ်မှာ ဗလဲ့ဘ၏အစစ်ငွေစက္ကူထက် လေးဘက်လေးတန် နှုတ်ခမ်းသားများ က တစ်ပဲခြောက်ပြားလောက် သေးငယ်နေသည်။ ဒါကဘာမှမဆန်းပါ။ ဦးနေအေးကိုယ်တိုင် ငွေစက္ကူအစစ်ကိုသင်တုန်းဓားထက်ထက်နှင့် ၊လေးဘက်လေးတန်လှီး လာခဲ့ခြင်းသာဖြစ်ပါသည်။ တကယ့်တကယ်မှာ၊ အတုကိုအစစ်ဟုထင်အောင်လုပ်ရသည်ထက် အစစ်ကိုအတုဟု ထင်အောင်လုပ်ပြရသည်က အလွယ်ကလေးဖြစ်သည်။ ထိုကျော့ကွင်းထဲရောက်ပြီဆိုလျှင် နောက်ထပ်အပိုင်ချည်ဖို့၊ တုပ်ဖို့မခဲယဉ်းတော့။
နောက်ပိုင်းမှာတော့ထုံးစံအတိုင်း။ ငွေစက္ကူအစစ်ဆယ်တန်တစ်ရွက်ကို ငွေတစ်ထောင်နှင့်ရောင်းသွားခြင်းသာဖြစ် ပါသည်။ ထို့ထက်ရှင်းအောင်ပြောရဦးမည်ဆိုလျှင်၊ တစ်ညမှာတစ်နေရာရာချိန်း။ ဆယ်တန်အစစ်တစ်ရွက်အောက် က ဆယ်တန်အတုထပ်။ တစ်ထောင်ထုပ်ဟုပြ( ဦးနေအေးမှာ ဓာတ်သတ္ထုဆေးဝါးများနှင့် အကျွမ်းတဝင်ရှိ၍ အသေး စားစက်မှုလက်မှုကိုတတ်သည် ဟုဖော်ပြခဲ့ပါပြီ) အပေးအယူပြီးပြီးချင်း စာသင်နှင့်ပုလိပ်(ရှေးအခေါ်)တွေက-လာ။ ဦးနေအေးနှင့် ဗလဲ့ဘ၊ပြေးကြ။ ဘယ်ကပုလိပ်နှင့်စာသင်ကြီးတို့လဲ။ မေးနေဖို့မလွယ်ပါ။ ဒါရိုက်တာကြီးဦးနေအေး၌ ဇာတ်ရံ၊ ဇာတ်ဆောင်အမျိုးသား၊ အမျိုးသမီးများအမြဲရှိပါသည်။
ဗလဲ့ဘကို”ချ”ပြီးသည့်နောက်ရက်မှာပင် ဦးနေအေးတစ်ယောက် ကျိုက်လတ်မှကိုယ်ရောင်ဖျောက်ရပါသည်။ မ ဖျောက်၍လည်းမဖြစ်။ ဗလဲ့ဘကရန်ကုန်မှ နွားသတ်သမားကုလားကိုခေါ်ပြီး၊ နေအေးကိုပြ၍အသတ်ခိုင်းရမှာက ဗ လဲ့ဘတာဝန်။ ဘယ့်နှယ့်-မြန်မာတွေမျက်တောင်ပေါ်စြင်္ကန်လျှောက်မြန်မာ့သွေးစုပ်ပြီး ၊မြန်မာ့ဂုတ်ပေါ်ထိုင် ၊မြန်မာ မတောင်ယူထားနိုင်တဲ့ ဗလဲ့ဘ။ မြန်မာကလိမ်တာကို ငြိမ်ခံနေပါ့မလား။
ဦးနေအေးမှာတော့ ဒေးဒရဲ ၊ဖျာပုံ၊ ဘိုကလေး၊ မအူပင်၊ မော်လမြိုင်ကျွန်းမြို့တွေမှာ ဗလဲ့ဘတို့နှင့် ပျော်ပျော်ပါး ပါးလိုက်တမ်း ၊ပြေးတမ်းကစားနေရသည်။ ဗလဲ့ဘတို့ကရှာမတွေ့သည့်အဆုံး၊ ပျံလေတဲ့ငှက်ခါး နားလာသည့်၊ အချိန် ထိကျိုက်လတ်ကပြန်စောင့်နေသည်။ ယင်းသည့်အခြေအနေ၌ အချိန်ကုန်၊ငွေကုန်လာသည့်ဦးနေအေးမှာ ၊ပြေးစရာ မရှိ၊ပျံစရာလည်းငွေမရှိတော့သည့်အတွက်၊ ကျိုက်လတ်ကိုပင်ပြန်နားရချေတော့မည်။ သို့သော် ဗလဲ့ဘကကျိုက် လတ်မှာကျန်းမာချမ်းသာစွာရှိနေ၍တော့ ဦးနေအေးမလွယ်။ တကယ်တော၊့ ဦးနေအေးကဇာတိ။ ဗလဲ့ဘက အရပ် တစ်ပါးကကပ်ပါး။ သွားချင်းသွားလျှင် ဗလဲ့ဘသာကျိုက်လတ်ကခွာရမည်။
ကဲ-ဦးနေအေး။ ဖြည်းဖြည်းသာကြံပေ ရော့။
“ဖွားသင်ရယ်- နင်နဲ့ငါတို့ဟာတစ်ရပ်ထဲနေ ၊တစ်ရေထဲသောက်။ငါ့မျက်စိအောက်မှာ နင်ကြီးလာတာပါ။ ပုပုဝ၀ ဖြူဖြူဖွေးဖွေးရေဆေးငါးလို၊ နင်ကအသားမည်းမည်း ဗိုက်ရွဲရွဲ၊ နားပေါက်ကျယ်ကျယ် ချစ်တီးလူလည်လို၊ မယားငယ် လို၊ ရွက်ပုန်းသီးနေရတာ အသည်းနာစရာကောင်းလိုက်တာဟယ်။ နင်တကယ်ပဲကွမ်းသွေးတဗျစ်ဗျစ်ကြီးကိုချစ် နေတာလား”
ဦးနေအေးကကျိုက်လတ်ကို တိတ်တခိုးပြန်လာပြီး၊ မဖွားသင်ကို မျက်ရယ်ခံ ထိုးလိုက်သည်။
“နံနံစော်စော်၊ချစ်တီးကုလားကို ဘယ်လက်ခံချင်ပါ့မလဲကိုနေအေးရယ်၊ ကျွန်မအိမ်ကို နှစ်ထောင်နဲ့အပေါင်ဆုံးထားတာ။ ဘယ့်နှယ်လုပ်မလဲ့။ စားဖို့က တစ်လ သုံးဆယ်ထောက်နေသေးတယ်။ ကျွန်မလဲရှက်တော့ ရှက်သားပေါ့”“ဒီမှာမဖွားသင်-နင့်အိမ်ဂရံအပေါင်စာချုပ်လဲ နင်ပြန်ရမယ်။ ငွေပိုလဲ ငါးရာလောက်နောက်ထပ်ရဦးမယ်ဆိုရင် ငါပြောတာ နင်လုပ်မလား”“အမယ်လေး-အိမ်ဂရံသာပြန်ရမယ်ဆိုရင် ငွေငါးရာတောင်မပါချင်နေပါစေတော်၊ ဘယ်လိုလုပ်ရမှာလဲ သူ့ကိုတော့ မသတ်ဝံ့ဘူးနော့်”
“ဟဲ့-သူ့သတ်လို့ သူ့မှာရှိတဲ့စာချုပ်ပြန်ရပါတော့မလား။ ငါပြောမှာက ရာဇဝတ်မှုဖြစ်မယ့်ဟာမျိုး မဟုတ်ပါဘူး”“ဒါဖြင့်ပြော့ဦးနေအေးကနှစ်ကိုယ်ကြားထဲ ပြောလိုက်ရာ မဖွားသင်က ခွက်ထိုးခွက်လန် ရယ်ပါတော့သည်။”“ကဲ-ငါပြောတာ လွယ်လွယ်ကလေး မဟုတ်လား”“အင်း့အင်း၊သူ့နားပေါက်ကြီးနဲ့ဆိုတော့”ဟုပြောပြီး ဆက်ရယ်လိုက်ပြန်သည်။
ညရှစ်နာရီလောက်ဆိုလျှင်မဖွားသင်နေသည့်၊ ရပ်ကွက်မှာလူသွားလူလာစဲပြီ။ ထိုအချိန်ကား ဗလဲ့ဘဆောင်တော် ကူးချိန်တည်း။ ဆယ်နာရီဆိုလျှင် ဗလဲ့ဘပြန်ရသည်။ မပြန်၍မဖြစ်။ သူ့အထက်က သူဋ္ဌေးချစ်တီးကြီးများကို ၊ကြောက် ရသည်။ လက်အောက်ငယ်သား၊ စာရေးစာချီ၊ချစ်တီးများလောက်တော့၊ ဗလဲ့ဘကသိမ်းသွင်းထားနိုင်သည်။ သိသာ သိစေ။ မမြင်စေနှင့်။ အဲ-ရုပ်ရှင်တို့လို၊ဘုရားပွဲတို့လိုရှိလျှင်တော့ တစ်ဆယ့်နှစ်နာရီလောက်အထိ၊နေနိုင်ပါ၏။
မဖွားသင်က မုန့်ဟင်းခါးခေါက်ဆွဲ၊ကျွေးလျှင်စားသည်။ ပဲဟင်းနှင့်ငါးပိကြော်ကို အလွန်ခံတွင်းတွေ့သောဟူ၏။ ဘိလပ်ရည်၊ ကော်ဖီနှင့်ပြုစုသည့်အခါလည်းရှိသည်။ မဖွားသင်အပေါ်၊ ဗလဲ့ဘကောင်းရှာသည်မှာ ဒါကလေးတွေကြောင့်လည်း အပါအဝင်ထင်ရဲ့။ စူရတီကြက်သွေးရောင်လုံချည်ကလေးများ ၊ တာဖက်တာ အစကလေးများရှန်တဘက်ကလေး များယူလာပေးသည်လည်းရှိသည်။ လစဉ်မှာတော့ငွေဒင်္ဂါး၊အပြားသုံးဆယ်တိတိ။
“အရာ(ကိုကို)ကျွန်မဆီ မလာတာ လေးငါးရက်၊ရှိနေပြီနော်” ဟုမဖွားသင်က၊ကလူလိုက်သည်။ ဤသို့ပြောရင်းဗလဲ့ဘ၏ လက်သန်းလုံးလောက်ကျယ်သော၊ နားပေါက်ကြီးတွေကိုမြင်၍ ဦးနေအေးစကားကိုသတိရကာ၊ ခိုးခိုးခစ်ခစ်ရယ်လိုက်မိသည်။
“အရာ၊ဘာဖြစ်လို့မလာသလဲသိလား၊ အရာမှာငွေအခက်အခဲရှိနေပြီ တစ်ထောင်လောက်စာရင်းကွာနေတယ်။ အရာအားကြီးစိတ်ညစ်ရတယ်။ထမင်းမစားနိုင်ဘူး။”
“စိတ်ညစ်ရင် ဖွားသင်ဆီ လာပေါ့၊ ဒီကို လာရင်အရာ ပျော်တယ်မဟုတ်လား အရာ” ဤသို့အိပ်ခန်းထဲမှာယှဉ်တွဲမိကြပါပြီ။ ဗလဲ့ဘကစိတ်မောလူမောပက်လက်နေလျက်။ မဖွားသင်ကတီတီတာ တာသာယာချစ်တင်းဆိုလျက်။ လက်က ခေါင်းကိုပွတ်ပေးသည်။ မျက်နှာကိုလည်းသပ်ပေးသည်။ ထို့နောက ်တော့နားပေါက်ကြီး၊ မဖွားသင်ကနားပေါက်ထဲသို့ သူ့လက်သန်းလေးထိုးသွင်း ကစားရင်း-
“အရာ-ငယ်ငယ်က နားကပ်အကြီးကြီးဝတ်ရတယ်၊ ထင်တယ်ဟုတ်လား ဟုကနွဲ့ကရမေးနေသည်ကို ဗလဲ့ဘက အရသာခံရင်းခံရင်း ခေါင်းညိတ်ပြလိုက်၏။”
“အခုတော့ နားကပ် မဝတ်တော့ဘူးလား”
“အခု လူကကြီးလာပြီပဲ”
“လူကကြီးလာရင် နားကပ်လဲ ကြီးကြီးပန်ပေါ့၊ ကဲ-ကျွန်မပန်ပေးမယ်” ဗလဲ့ဘအဖို့တော့ ၊အေးစက်စက်ပစ္စည်းတစ်ခု၏၊ အတွေ့အထိကိုခံလိုက်ရပြီး ချောက်ဆိုသောအသံသာကြားလိုက် ရသည်။ ကမန်းကတန်းနားကို၊ စမ်းလိုက်တော့ သုံးလက်မလောက်၊ သော့ခလောက်တစ်ခု။ ဗလဲ့ဘငေါက်ကနဲ ထထိုင်လိုက်ပြီးအကြီးအကျယ်ဒေါသဖြစ်ပါလေတော့သည်။
“မဖွားသင်-နင်ဘယ့်နှယ်လုပ်လိုက်တာလဲ၊ ဒါမကောင်းဘူး၊ အားကြီးမကောင်းဘူး ၊မြန်မြန်ဖြုတ်၊မြန်မြန်ဖြုတ်” (ဟုတ်မဟုတ်တော့မသိ။ချစ်တီးအမျိုးကြီးသူတို့မှာ၊ အနှောင်အဖွဲ့တစ်ခုခုကို ခံရလျှင်ဇာတ်ပျက်သည်ဟု ကြားဖူးသည်။)
ဘာပဲဖြစ်ဖြစ်အမြင်မတော်၊ ဆင်တော်နှင့်ခလောက်ဖြစ်နေသည်ကတော့၊ ဗလဲ့ဘမှာလက်ငင်း။ သော့ခလောက်က လေး၍နားပေါက်ကပိုပြီးတွဲရွဲကျနေသည်။ အစကကျီစယ်သည်ထင်သော်လည်း၊ မဖွားသင်က အိပ်ရာပေါ်ကထပြေး သောကြောင့်၊ဗလဲ့ဘမှာ မျက်စိမျက်နှာ ပျက်လာသည်။ ကြာတော့ငိုမဲ့မဲ့ဖြစ်လာသည်။ အိပ်ရာဘေးက မှန်ကလေးယူကြည့်လိုက်သည်။ အလားလားလား။ ရာမဘုရားကယ် တော်မူပါ။ သီတာရော၊လက္ခဏရော၊ ဟနုမာန်ပါကယ်တော်မူကြပါ။ ခေါင်းတုံးတိုတို၊မျက်လုံးပြူးပြူး၊ ပါးစပ်ကျယ် ကျယ်မှာနားတစ်ဖက်က ဂျာမနီလုပ်သော့ခလောက်ကြီးတန်းလန်း။ ဗလဲ့ဘကချော့မရသော၊ ဖွားသင်ကိုလိုက်ဖမ်း သည်။ ဖွားသင်ကရှောင်ရင်းပြေးရင်း
“လူတွေကြားအောင် အော်လိုက်မနော်” ဟုခြိမ်းချောက်သည်။
“မလုပ်ပါနဲ့ ဖွားသင် ငါ့ကိုသော့ပေးပါ”“ကျွန်မဆီမှာ သော့မရှိဘူး”
“သော့မရှိဘဲနဲ့ ဘာဖြစ်လို့ခတ်လိုက်သလဲ၊နင်ဘာလိုချင်လဲပြော၊ငါချက်ချင်း ပေးမယ်။”“ကျွန်မအိမ်ဂရံနဲ့ စာချုပ်”“ဟရေး-ဟရေးဘာဘာ၊နင်တကယ်ပြောတာလား ဒုက္ခပဲ”“တကယ်ပေါ့၊ငွေလဲငါးရာ ထပ်ပေးရဦးမယ်” “ကဲ-ပေးမယ် ပေးမယ်၊အခုမြန်မြန်ဖြုတ်ပေးပါ”“အမယ်-ဒီလိုနဲ့ ဘာရမလဲ၊ စာချုပ်နဲ့ေ ငွငါးရာပြန်ယူချေ။ ဒါတွေရမှ သော့ပေးမယ်”“ငါဒီလိုပြန်သွားလို့ဘယ်ဖြစ်မလဲ၊ လူတွေမြင်သွားမှာပေါ့၊ ငါ့ကိုသနားပါဖွားသင်၊ဘုရား၊ ဘုရား”
“ဟောဒီရှန်တဘက်ကို ခေါင်းမြီးခြုံသွား ၊မြန်မြန်ပြန်လာရင် မြန်မြန်ပေးမယ်” ဗလဲ့ဘနေရာမှာကိုယ်ချင်းစာကြည့်ကြစမ်းပါ။ ဘယ်လိုလွတ်ပေါက်ရှာမလဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဆယ် လောက်ကဗလဲ့ဘကြီးကတော့၊စေသည့်ကျွန်ထွန်သည့်နွားလို၊ သူပေးထားသည့် ရှန်တဘက်ကလေး၊ခေါင်း ပေါ်တင်ကာ အလျင်အမြန်ပြေးပြီး၊ အိမ်ဂရံနှင့်ငွေငါးရာကို၊ မျက်ရည်ယိုရွဲ ငိုပွဲဆင်၍ပေးခဲ့ရသောဟူ၏။
လေးငါးရက်မှမကြာပါချေ။ ဗလဲ့ဘရန်ကုန်ပြောင်းရပြီး ၊မဖွားသင်က ဦးနေအေးအား ၊ငွေသုံးရာ၊ ဉာဏ်ပူဇော် ကန်တော့သည်ဟုသတင်းကြားရပါသည်။ မယုံလျှင်ပုံပြင်သာမှတ်ကြပါတော့ဟု၊ ဆိုရလောက်အောင် အလိမ်ဉာဏ်ကောင်းသောကိုနေအေးအကြောင်း တွေအများကြီးကျန်နေလိမ့်ဦးမည်ဟု ကျွန်တော်ပြောရဲသည်။ ကျွန်တော်တို့၏ဘွားအေကိုယ်တိုင်၊ နေအေးမှန်း လည်းသိလျက်၊ လိမ်လိမ့်မည်ဟုဆိုသည်ကိုလည်း၊ သိလျက်ရိုးရိုးကလေးလိမ်သွားသည်မှာရိုးလွန်း၍ အကျယ် မသိုင်းဝိုင်းလိုတော့ပါ။ ကျွန်တော်မမှတ်တမိ၊မှတ်တမိအရွယ်ကဟုဆိုပါသည်။
ကျွန်တော်၏ဘွားအေအမည်ကဒေါ်ငြိမ်း၊ အမေကမမျှင်၊အဒေါ်ကမသင်၊ ဘွားအေကြီး၏မောင်အငယ်ဆုံးကမျက် မမြင်စောင်းဆရာကြီးဦးတုတ်ပေါ။ ဦးတုတ်ပေါမှာ ဦးပြုံးချိုကိုစောင်းသင်ပေးရသူဖြစ်၍ ဦးပြုံးချိုနှင့်တကွ ဦးကျော် ဒွန်း၊ ဦးနေအေးတို့ပါရင်းနှီးကြသည်။ ကျွန်တော်၏အမေနှင့် အဒေါ်ကဈေးရောင်းထွက်ကြ၍ ဘွားအေ၊ဘိုးအေနှင့် ကျွန်တော်ကအိမ်မှာနေရပါသည်။ တစ်နေ့တော့ ကိုနေအေးကမိုးသဲသဲရွာနေစဉ် အိမ်ကိုဝင်၍မိုးခိုပါသည်။ ဤတွင်ဘွားအေကစကားရှည်၍ နေအေး အားလိမ်သည်၊ ညာသည်မှာမကောင်းကြောင်းတရားချသည်။ သည်တော့ ကိုနေအေးကကြူကြူပါအောင် ငိုသည်။ နောင်တကြီးရပြီပေါ့။
“အမေပ ဉ္ဇင်းဒါယိကာမ လုပ်ပေးမည်ဆိုပါလျှင်၊ တစ်သက်လုံး သင်္ကန်းဝတ်နှင့် အရိုးထုတ်ပါတော့မည်”
“အမယ်လေး-မောင်မင်းကြီးသား။ကျုပ်ကို မလိမ်ချင်ပါနဲ့။ပ ဉ္ဇင်းခံပေးရအောင်၊ပိုက်ဆံလဲ မရှိပါဘူး”
“ကျွန်တော်အခုဓားပြမှု၊မသင်္ကာနဲ့ထောင်ကလွတ်လာတာပါ။ ဝေစုကလည်းအနည်းငယ် ၊မြေထဲမြုပ်ထားတာရ ှိပါတယ်။ အဲသည်ငွေကလေးနဲ့ပဲ လုပ်ပေးပါ။ အမေကတစ်ပြားမှစိုက်ပေးစရာမလိုပါ”ဟုပြောပြန်သည်။
“ကဲ-မင့်ငွေ ငါ့လက်ထဲရောက်လာတော့၊စီစဉ်ကြတာပေါ့”ဟု ဘွားအေကပါးနပ်စွာပြောသည်။ ဘိုးအေဦးတုတ်ပေါက “ဟယ်နင့်မလဲ၊နေအေးလိမ်တတ်မှန်းသိရက်နဲ့” ဟုဝင်၍သတိပေးသည်။
ကိုနေအေးက”ကျွန်တော့ငွေရောက်မှ ကျွန်တော့ကိုယုံကြပါအမေနဲ့ဦးလေးရယ်”ဟုဝမ်းပန်းတနည်းပြောပြီး မြှပ်ထားရာက ဖော်ထမ်းခဲ့ရအောင်၊ သံပုံးတစ်ပုံးသာ ပေးပါရန်တောင်းသည်။ ကျွန်တော်တို့အိမ်မှာရွှေဒင်္ဂါးရေနံဆီ၊ကုလားမခေါင်းရေနံဆီ၊ လက်လီရောင်းသောကြောင့်၊ သံဖြူပုံးအသစ်တွေ အများကြီးရှိသည်။ ဟိုခေတ်က၊သံဖြူပုံး အသစ်ကျပ်ချွတ်အရောင်တလက်လက်မှသုံးမတ်တစ်ကျပ်။ ထို့ကြောင့် ဘွားအေက၊ သံဖြူပုံး အသစ်တစ်လုံးပေးလိုက်သည်။ ကိုနေအေး မပေါ်လာတော့။
ကျွန်တော့်ဘွားအေကို၊ ဘိုးလေးကနေအေးအလိမ်ခံရပြီဟုလှောင်သည်။ကျွန်တော့်အမေကျွန်တော့အဒေါ်နှင့်အိမ် နီးနားချင်းကရယ်ကြသည့်အတွက်၊ကျွန်တော့်ဘွားအေ ဇတ်ဇတ်ကျဲမှာ၊အရှက်ကွဲလေတော့သည်။ နောက်တစ်နေ့ဘွားအေကြီးကသမီးများကိုထမင်းအပို့သွားနေကျဖြစ်ရာကိုနေအေးကိုသံဖြူလုပ်သည့်၊သံဖြူဆိုင် တန်းမှာစောင့်၍ဖမ်းတော့သည်။
“ဘယ့်နှယ်လဲကွဲ့၊မောင်နေအေး။ငွေကလေးတစ်ကျပ်တစ်ပြားတောင်းယူလဲအရသားနဲ့ကွယ်။ လိမ်စရာမရှိ၊ကိုယ့်ပေါင်ကိုယ်ပြန်လိမ်ရသလား”ဟုရန်တွေ့လိုက်ရာ“လိမ်တာမဟုတ်ပါဘူးအမေရာ၊ဘုရားပေးပေးကျမ်းပေးပေးကျိန်ပါ့မယ်”“ဒါဖြင့်ဘာလို့မလာတာလဲ”“အမေရေ-မြေထဲရှိတဲ့ရွှေငွေပစ္စည်းများ ဘုမ္မစိုးပိုင်တယ်ဆိုတာအခုမှ ကျွန်တော့ကိုယ်တွေ့။ အမှတ်တရကျွန်တော်မြှပ်ထားခဲ့တာ၊ နေရာရွေ့သွားလို့ မတွေ့ရတော့ဘူးအမေရဲ့”
“ဒါဖြင့်ငါ့သံဖြူပုံးပြန်ပေး”“အမေရယ်-ဒီလောက်ကလေးကတော့ကျွန်တော့ကိုစွန့်ကြဲလိုက်ပါတော့။ ဟောဒီမှာရေနံဆီမီးခွက် ကလေးတွေ လုပ်ရောင်းနေရပါပြီ”
“သေချင်းဆိုး ဖိနပ်စာ” ကျွန်တော့ဘွားအေက ဒါလောက်ပဲဆဲရုံတတ်နိုင်တော့သည်။သူကတော့ တပြုံးပြုံး တဟဲဟဲ။ လောကမှာလိမ်ခြင်း၊ညာခြင်းမကောင်း။ထို့ထက်အလိမ်အညာခံရခြင်းကပို၍မကောင်း။ ဤအတိုင်းဆို လျှင်လိမ်နည်း၊ညာနည်းတွေကို၊ကြိုတင်သိနိုင်ထားခြင်းက ပို၍ပို၍မကောင်းလေလား။ ကောင်းလေလား။
သုခ
ဒီထက်ပိုပြီး ဦးနေအေးရဲ့ လိမ်နည်းတွေကို ဖတ်ချင်သေးရင် ဦးပြုံးချိုရေးထားတဲ့ နေဧလိမ်နည်း ဆိုတဲ့ စာအုပ်ကို ဖတ်ရှု့ကြပါရန်..
Peace For Burma
No comments