New Artical

ခွန်အားရှိတဲ့ အမှတ်တံဆိပ်ဆောင်ပုဒ်တွေရအောင် အကြံထုတ်နည်း


ဆွဲဆောင်မှုရှိတဲ့ အမှတ်တံဆိပ်(Brand)တစ်ခုမှာ ကမ္ဘာကြီးကို ပိုကောင်းလာအောင် ဘယ်လိုပြောင်းလဲပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်(Purpose)တစ်ခု ရှိတတ်ပါတယ်။ စားသုံးသူတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုဓလေ့တွေကို ပေါင်းစည်းပေးခြင်းအားဖြင့် သင့်ကုန်အမှတ်တံဆိပ်ဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်မယ်ဆိုတာကို သင့်အနေနဲ့ ပေါ်လွင်အောင် ဖော်ပြနိုင်ဖို့လိုပါတယ်။

နမူနာအားဖြင့် ခေတ်အဆက်ဆက်မှာ ဆမ်ဆောင်းကုမ္ပဏီက သုံးစွဲခဲ့တဲ့ ဆောင်ပုဒ်တွေကို လေ့လာကြည့်ပါ –

  • Samsung For Today and Tomorrow (1993–2002)
  • Everyone’s Invited (1999–2002)
  • Samsung, Imagine (2002–2007)
  • Samsung, Next Is What? (2007–2010)
  • Samsung, Turn on Tomorrow (2010–2013)
  • Samsung, The Next Is Now
  • Samsung, The Next Big Thing is Here (2013–2017)
  • Do bigger things
  • Samsung, Do What You Can’t (2017 – present)

အရေးကြီးတာက သင့်ကုန်အမှတ်တံဆိပ်နဲ့ဆိုင်တဲ့ ရည်ရွယ်ချက်စာတမ်း(Brand Purpose)ဟာ ယုံကြည်ချက်တစ်ခုသော်လည်းကောင်း၊ မျှော်လင့်ချက်တစ်ခုသော်လည်းကောင်း၊ ရှာဖွေဖော်ထုတ်မှုတစ်ခုခုသော်လည်းကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။

သင်ဟာ သင့်ကုန်ပစ္စည်း (သို့မဟုတ်) အမှတ်တံဆိပ်အတွက် ဆောင်ပုဒ်ကောင်းကောင်းလေးတစ်ခုနဲ့ မာကတ်တင်းဆင်းဖို့ စီစဉ်နေပါသလား။ ရည်ရွယ်ချက်ကောင်းတစ်ခုကို ချမှတ်နိုင်ဖို့အတွက် အောက်ပါလမ်းညွှန်ချက်တွေကို မျှဝေပေးလိုပါတယ်။

အရင်ဆုံးပြောချင်တာက ဆောင်ပုဒ်(သို့မဟုတ်) အမှတ်တံဆိပ်ဆိုင်ရာ ရည်ရွယ်ချက်တစ်ခုခုကို ပြုစုပျိုးထောင်တဲ့အခါ သင့်လုပ်ငန်းထဲက တစ်ဦးတစ်ယောက်ထဲရဲ့ အိုင်ဒီယာမဖြစ်ပါစေနဲ့။ အဖွဲ့အစည်းတစ်ခုလုံးအပေါ် သက်ရောက်မှုရှိလာမယ့် ဆောင်ပုဒ်ဖြစ်တဲ့အတွက် ခေါင်းဆောင်ပိုင်းက စတင်စဉ်းစားပြီး ဝန်ထမ်းတွေကပါ ကူညီစဉ်းစားပေးလို့ရတဲ့ ဆောင်ပုဒ်ဖြစ်ပါစေ။ ပြီးတော့ ဒီဆောင်ပုဒ်ကို ဝိုင်းစဉ်းစားတဲ့အခါ ဝန်ထမ်းတွေကို စိတ်ထက်သန်ပြင်းပြအောင် လုပ်ပေးနိုင်မယ့် တွန်းအား၊ ဝန်ထမ်းတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားတဲ့ အတွေးအခေါ်၊ ပြီးတော့ ဒီအတွေးအခေါ်ကိုကိုင်စွဲပြီး အလုပ်လုပ်တဲ့အခါ ရလာမယ့် ရလဒ် စတဲ့ အချက်တွေကို အခြေခံပြီး စဉ်းစားရမှာပါ။

အမြင့်မားဆုံးအခြေအနေကို အရင်ဆုံး မျှော်မှန်းပါ။ (Start with the greatest good)

ဖောက်သည်တွေနဲ့ သင့်ဝန်ထမ်းတွေအတွက် သင်ဖော်ထုတ်ရမယ့် ဆောင်ပုဒ်ဆိုတာ သင့်စီးပွားရေးလုပ်ငန်းထဲက သင်လိုချင်တဲ့ အပြောင်းအလဲကို ဖော်ပြချက်တစ်ခု မဟုတ်ပါဘူး။ ကမ္ဘာကြီးမှာ ဖြစ်ကိုဖြစ်လာရမယ်လို့ သင်ယုံကြည်တဲ့ အပြောင်းအလဲတွေကို မှန်းဆဖော်ပြရမှာ ဖြစ်ပါတယ်။

ကိုကာကိုလာက လူတွေပိုပျော်တာကို မြင်ချင်တယ်။ ဒစ္စနီကုမ္ပဏီက ပဉ္စလက်ဆန်တဲ့ အပြောင်းအလဲတွေကို မျှော်မှန်းတယ်။ Virgin ကုမ္ပဏီကြီးက တော်လှန်ပြောင်းလဲမှုတွေကို ပိုလိုလားတယ်။ ဂူးဂဲလ်ကတော့ ကိုယ်ရှာချင်နေတာတွေကို လူတွေ ပိုပိုပြီး ရှာတွေ့လာကြစေချင်တယ်။ သင့်ကုန်အမှတ်တံဆိပ်ကရော ဘာတွေ ဖြစ်လာစေချင်သလဲ။ သင်ဘာကိုပဲ ချမှတ်၊ ချမှတ်၊ ဒါသင့်လုပ်ငန်းရဲ့ ပန်းတိုင်ဖြစ်လာရပါမယ်။ သင့်ဆောင်ပုဒ်ဟာ သင့်လုပ်ငန်းတစ်ခုလုံးက အခါအခွင့်သင့်တိုင်း ကြွေးကြော်နေရမယ့် အရာတစ်ခု ဖြစ်လာရပါမယ်။

အခိုင်မာဆုံး ချိတ်ဆက်ထားပါ။ (Make the strongest link)

သင်လိုချင်တဲ့အပြောင်းအလဲကိုရဖို့ သင့်ကုန်အမှတ်တံဆိပ်က ဘာလုပ်ပေးမှာလဲ။ ဒီမေးခွန်းရဲ့အဖြေကို ရပြီဆိုရင် ဒီအဖြေဟာ သင့်အတွက် တစ်မူထူးခြားတဲ့ နေရာတစ်ခုကို ဈေးကွက်ထဲမှာ ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ရဲ့ မျှော်မှန်းချက်ကို ဖြစ်ထွန်းအောင်လုပ်တဲ့အခါမှာ သင့်ကို စားသုံးသူက ယုံကြည်ရလောက်အောင် သင်က ဘယ်လောက်အရည်အချင်းပြည့်ဝနေသလဲဆိုတာရယ်၊ သင်ဒီလို ဖြစ်ထွန်းအောင်ကြိုးစားပေးနေတဲ့ ဖြစ်စဉ်မှာ စားသုံးသူအပါအဝင် သင်အလေးထားတဲ့သူအားလုံးမှာ ဘယ်လိုဘယ်ပုံအကျိုးကျေးဇူးတွေရလာမယ်ဆိုတာကိုပါ သင့်မေးခွန်းအဖြေက ရှင်းပြဖို့လိုပါတယ်။

လုပ်ငန်းအဆင့်တိုင်းမှာ လူတွေ ပါဝင်ပတ်သက်လာပါစေ (Ask for actions at every level)

သင့်ဆောင်ပုဒ်ဟာ သင့်အတွက် အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းတိုင်းနဲ့ သင့်ဖောက်သည်တိုင်း အလိုလားဆုံး ပန်းတိုင်တစ်ရပ် ဖြစ်သင့်ပါတယ်။ ဒါက ကျယ်ဝန်းတဲ့အပိုင်းဖြစ်ပါတယ်။ သိပ်မကျယ်ဝန်းတဲ့အပိုင်းကို ပြောရရင် သင့်ဆောင်ပုဒ်(သို့မဟုတ်) ရည်ရွယ်ချက်ဟာ အပြန်အလှန်မေးခွန်းထုတ်ခြင်းအားဖြင့် လူတွေကို စိတ်အားထက်သန်လာအောင် တွန်းအားလည်းပေးနိုင်ရပါမယ်။ Steve Jobs ဟာ သူ့ Apple ကုမ္ပဏီရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “Think different” ကို ချမှတ်ခဲ့ရာမှာ သူ့ဆောင်ပုဒ်ဟာ လူတွေကို မတူညီတဲ့ အတွေးတွေ တွေးဖို့ ညွှန်ကြားတဲ့ အဓိပ္ပာယ်မျိုးမဟုတ်ပါဘူး။ အဲဒီအစား “တစ်မူထူးခြားအောင်တွေးနိုင်ဖို့ ဒီနေ့ ငါဘာတွေ လုပ်ဖြစ်သလဲ။” “What are you doing today to think different?” ဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုကိုယ်ပြန်မေးဖြစ်အောင် တွန်းအားပေးနေတာသာ ဖြစ်ပါတယ်။

ဒီလိုမေးခွန်းမျိုးကို လူတွေကိုယ့်ကိုကိုယ် ပြန်မေးတတ်လာအောင်လုပ်ခြင်းအားဖြင့် လူတွေဟာ သူတို့လုပ်နေတဲ့ အပြုအမူတွေနဲ့ အကျိုးသက်ရောက်မှုတွေကို ကိုယ်ကိုယ်တိုင် ပြန်လည်ဆန်းစစ်တတ်လာအောင် ကူညီရာရောက်ပါတယ်။ ဒီလိုမေးခွန်းမျိုးတွေဟာ လူတိုင်းလက်ရှိ လုပ်နေတဲ့အလုပ်တွေနဲ့ တိုက်ရိုက်ဆက်စပ်လာရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆောင်ပုဒ်(သို့မဟုတ်)ရည်ရွယ်ချက်တစ်ခုကို ဖော်ထုတ်ရမှာ သင့်ရှုထောင့်တစ်ခုတည်းကနေပဲ စဉ်းစားပြီး မဖော်ထုတ်ပါနဲ့။ လူတိုင်းနဲ့ ဆက်စပ်မှုရှိအောင် လုပ်ရမှာ ဖြစ်ပါတယ်။ သင်စိတ်ဝင်စားလောက်မယ့် ဥပမာတွေကို လေ့လာကြည့်ပါ –

  • Virgin: Screw business as usual and let’s see what’s possible.
  • Google: To organize the world’s information and make it universally accessible and useful.
  • Twitter: The fastest, simplest way to stay close to everything you care about.
  • Starbucks: To inspire and nurture the human spirit – one person, one cup and one neighborhood at a time.

“ထပ်ပြောပါဦး” စမ်းသပ်ချက် (The “Tell me again” test)

သင်ကြိုးစားပမ်းစားလုပ်နေတဲ့ အလုပ်တစ်ခု (ဥပမာ – ဆေးကုမ္ပဏီ ဆိုပါစို့) နဲ့ပတ်သက်ပြီး သင် ဘာကြောင့် ဒီလိုလုပ်နေရတာလဲဆိုတဲ့ အကြောင်းရင်းကို လူတစ်ယောက်ယောက်ကို ရှင်းပြရမယ်ဆိုပါတော့။ လုပ်ငန်းအကြောင်းကို သူစိတ်ဝင်စားလာလို့ “ထပ်ပြောစမ်းပါဦး” လို့ မေးလာအောင် သင် သူ့ကို ဘယ်လိုရှင်းပြမလဲ။ ဘယ်လိုဇာတ်လမ်းမျိုးကို တစ်ဖက်လူက စိတ်ဝင်တစားနားထောင်ချင်မှာလဲ။

“ကုမ္ပဏီရဲ့ အမြတ်တွေတက်လာအောင် ဒီလောက်ကြိုးစားနေရတာပါဗျာ” ဆိုတဲ့ ကြားနာကျ ရှင်းပြချက်မျိုးနဲ့ “ကုမ္ပဏီက သန်းနဲ့ချီတဲ့ ကလေးတွေရဲ့ အသက်ကို ကယ်ဖို့ လုပ်နေတာလေ” ဆိုတဲ့ အဖြေနှစ်ခုကို ယှဉ်ကြည့်လိုက်ရင် ဘယ်အဖြေက နားထောင်သူ စိတ်ဝင်စားအောင် လုပ်နိုင်မလဲ။ သေချာတာကတော့ ဒုတိယအဖြေကပဲ နားထောင်သူအတွက် စိတ်ဝင်စားမှုကို မြင့်တက်စေမှာပါ။ ဒါ့ကြောင့် “ထပ်ပြောပါဦး” စမ်းသပ်ချက်ကို သင်စမ်းကြည့်တဲ့အခါ ဒီအကြောင်းကို လူတွေ ထပ်နားထောင်ချင်အောင် ငါဘယ်လိုပြောရမလဲ ဆိုတာကိုပါ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။

နိဂုံးချုပ်အနေနဲ့ အကြံပြုရရင် သင့်အမှတ်တံဆိပ်ဆောင်ပုဒ်ဟာ လူသားတိုင်း (သို့မဟုတ်) ကမ္ဘာကြီးရဲ့ ကောင်းရာကောင်းကျိုးနဲ့ ဆက်နွယ်မှုရှိပါစေ။ လူအများကြား မျှဝေလို့ မရတဲ့ ရည်မှန်းချက်တွေကတော့ ချမှတ်ဖို့ မသင့်တဲ့ ရည်မှန်းချက်တွေ ဖြစ်ပါတယ်။

BusyBook

No comments