New Artical

လူကြီးလူကောင်းတွေ ဘယ်လိုစကားပြောကြသလဲ။

 


အချင်းချင်းပြောဆိုဆက်ဆံတဲ့အခါ
လူကြီးလူကောင်းတွေကျင့်သုံးလေ့ရှိတဲ့ နည်းလမ်း(၉)သွယ်

ကမ္ဘာပေါ်ကယဉ်ကျေးတဲ့ လူမှုအဖွဲ့အစည်းတိုင်းမှာ လူကြီးလူကောင်းတစ်ယောက်ရဲ့ ဂုဏ်အင်္ဂါရပ်ဆိုတာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ထားတာတွေ
ရှိကြပါတယ်။ ယေဘုယျအားဖြင့် အားလုံးက လက်ခံထားကြတာက လူကြီးလူကောင်းဆိုတာ ကိုယ်အမူအရာ နှုတ်အမူအရာယဉ်ကျေးသိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းမွန်သူ၊ တစ်ဖက်သား အပေါ်စာနာထောက်ထားလေ့ရှိသူကို ဆိုလိုပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်(၉) ချက်ဟာ အနောက်နိုင်ငံတွေမှာ လက်ခံထားကြတဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်လို့ လူကြီးလူကောင်းတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေဖြစ်ပါတယ်တဲ့။

၁။ လူကြီးလူကောင်းဆိုတာ တစ်ခုခုနဲ့ပတ်သက်ပြီးအကူအညီတောင်းတဲ့အခါတိုင်း “တစ်ဆိတ်လောက်ပါ” (Please!) ဆိုတာကို အမြဲပြောပါတယ်။ လူကြီးလူကောင်းတစ်ယောက်ဟာ ကော်ဖီခွက်ကိုကမ်းပေးဖို့ပြောတာပဲဖြစ်ဖြစ်၊ တစ်ဖက်ကို တိုးပေးဖို့ပြောတာပဲဖြစ်ဖြစ် “Please” ကိုအမြဲထည့်သုံးပါတယ်။ ဒီ “Please” ဟာ ရုတ်တရက်ဆိုရင် ရိုးရိုးလေးလို့ထင်ရပေမယ့် သင်ဟာ တစ်ဖက်သားကို လေးစားကြောင်း၊ အခြေခံလူမှုရေးသဘောကို နားလည်သူတစ်ယောက်ဖြစ်ကြောင်း ပြသရာရောက်ပါတယ်။

၂။ လူကြီးလူကောင်းတစ်ယောက်ဟာ ဘာကိုလက်ခံရရှိတာပဲဖြစ်ဖြစ် “ကျေးဇူးတင်ပါတယ်” (Thank you!) ဆိုတာကို အမြဲပြောပါတယ်။ လက်ခံရရှိတဲ့ပစ္စည်း ဒါမှမဟုတ် အကူအညီဟာ ဘယ်လောက်ပဲသေးငယ်ပါစေ လူကြီးလူကောင်းတစ်ယောက်ဟာ “Thank you” ကိုတော့ ပြောဖို့မမေ့ပါဘူး။ လူတစ်ဖက်သားကို စိတ်ချမ်းသာအောင် စွမ်းဆောင်နိုင်တဲ့စကားတွေထဲမှာ ဒီစကားဟာ အခြေခံအကျဆုံးပါ။

၃။ လူကြီးလူကောင်းဟာ ကိုးကွယ်ယုံကြည်မှုကို ပုတ်ခတ်တဲ့စကားတွေမပြောပါ။ ပြီးတော့ သင်ဟာ ကျိန်တွယ်ပြီးပြောတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီအကျင့်ကို အမြန်ဆုံးဖျောက်သင့်ပါတယ်။ လူကြီးလူကောင်း အသိုင်းအဝိုင်းမှာ ကိုးကွယ်ယုံကြည်မှုကိုပုတ်ခတ်တဲ့စကားနဲ့ ကျိန်တွယ်ပြောတဲ့စကားတွေလောက် လူအထင်သေးခံရတဲ့စကားမရှိပါဘူး။

၄။ လူကြီးလူကောင်းတစ်ယောက်ဆိုတာ လူတစ်ဖက်သားကို နှိမ့်ချပြီး ဘယ်တော့မှ ပြောဆိုလေ့မရှိပါဘူး။ အထူးသဖြင့် မိမိဂုဏ်ကို မြှင့်တင်လိုတဲ့အတွက် သူတစ်ပါးကို သေးသိမ်အောင် နှိမ့်ချပြီးပြောတာမျိုးပါ။

၅။ လူကြီးလူကောင်းဆိုတာ ဘယ်တော့မှ အတင်းအဖျင်းပြောလေ့မရှိပါဘူး။ သင်ဟာ အကျိုးမရှိတဲ့စကားတွေပြောတတ်တဲ့ လူတစ်ယောက်လား။ ကောလာဟလတွေဖြန့်ဖြူးတတ်တဲ့လူတစ်ယောက်လား။ ဒီလိုအရာတွေလုပ်တတ်မှန်း အရင်က ကိုယ့်ကိုယ်ကို သတိမထားမိရင်တောင် အခုအချိန်ကစလို့ ဒီအကျင့်ကို ကြိုးစားဖျောက်ပစ်ဖို့လိုပါလိမ့်မယ်။

၆။ လူကြီးလူကောင်းဆိုတာ အနှုတ်လက္ခဏာဆောင်တဲ့စကားကို ပြောလေ့မရှိပါဘူး။ အနှုတ်လက္ခဏာဆောင်တဲ့ သို့မဟုတ် အပျက်သဘောသက်ရောက်တဲ့စကားဆိုတာ မိမိကိုသာမက မိမိပတ်ဝန်းကျင်၊ မိသားစုနဲ့ လုပ်ငန်းခွင်ကိုပါ ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သင်ဟာ လူကြီးလူကောင်းတစ်ယောက်လို ပြုမူကျင့်ကြံမယ်ဆိုရင် ညည်းညူတတ်တဲ့အကျင့်၊ အပြုသဘောမဆောင်တဲ့စကားတွေ ပြောတဲ့အကျင့်ကို ဖျောက်ရပါမယ်။

၇။ နောက်တစ်ခုက တော်တော်အရေးကြီးပါတယ်။ လူကြီးလူကောင်းတစ်ယောက်ဟာ အခြားလူတွေရဲ့ လူမျိုးရေး၊ ယဉ်ကျေးမှု၊ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှု (Sexual Orientation) စတာတွေနဲ့ပတ်သက်လို့ ပုတ်ခတ်ပြောဆိုခြင်းမရှိတာပါပဲ။ ဒီလိုပြောဆိုခြင်းဟာ မိမိရဲ့ကိုယ်ရည်ကိုယ်သွေးကို ကျဆင်းစေရုံသာမက ပတ်ဝန်းကျင်ကပါ မိမိကို အထင်အမြင်သေးသွားစေနိုင်ပါတယ်။

၈။ လူကြီးလူကောင်းဆိုတာ စကားကို လုပြောလေ့မရှိပါဘူး။ တစ်ဖက်သားစကားပြောနေရင် ပြီးအောင်စောင့်ပြီးမှ ပြောစရာရှိတာကို အေးအေးဆေးဆေးပြောလေ့ရှိပါတယ်။

၉။ နောက်ဆုံးအချက်ကတော့ လူကြီးလူကောင်းဆိုတာ ဘယ်အချိန်မှာ နှုတ်ဆိတ်ပြီး တိတ်တိတ်နေရမယ်ဆိုတာကိုလည်း သိရှိသူဖြစ်ပါတယ်တဲ့။

BusyBook

No comments