New Artical

လုပ်သားသန်းချီ ရှိသည့် အထည်ချုပ်ကဏ္ဍ ဆန်ရှင်ပိတ်ခံရမည်ကို စိုးရိမ်

 


လုပ်သားဦးရေ သန်းနှင့်ချီနေသည့် အထည်ချုပ် လုပ်ငန်းကဏ္ဍအနေဖြင့် လတ်တလော တပ်မတော်က အာဏာသိမ်းမှုကြောင့် ဒဏ်ခတ်ပိတ်ဆို့ခံရမည်ကို စိုးရိမ်နေကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

၂၀၀၄ ခုနှစ် စီးပွားရေး ပိတ်ဆို့ခံရစဉ်က အထည်ချုပ်လုပ်ငန်း ကဏ္ဍမှာ လုပ်သားဦးရေ တသိန်းကျော်မျှသာ ရှိသော်လည်း ယခုအချိန်တွင်မူ လုပ်သား တသန်းနီးပါးရှိလာပြီ ဖြစ်သဖြင့် အကျိုးဆက် ကြီးကြီးမားမား ရှိနိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်မျိုးဟိန်းက ပြောသည်။

“အဲဒီဆန်ရှင် ပြီးသွားတဲ့ အချိန်မှာ ကျနော်တို့ဆီမှာက အမျိုးသမီး အများစုဖြစ်တဲ့ အတွက် လူကုန်ကူးမှုခံရ တာတို့ မတတ်သာတဲ့အဆုံး မိသားစုအရေးကြောင့် မကောင်းတဲ့၊ မမြင်အပ်တဲ့ လောကကိုရောက်သွားတဲ့ ပုံစံမျိုးတွေ အများကြီး တွေ့ရတယ်။ အခုလက်ရှိအနေအထားမှာ ဒီထက် Impact က ဆယ်ဆ နီးနီးလောက် ပြန်ဖြစ်သွားမယ်။ အဲဒါကိုတော့ စိုးရိမ်တာပေါ့” ဟု ၎င်းက ဆိုသည်။

ယခင်စစ်အစိုးရ အနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုးတက်ရန် အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ တောင်းဆိုချက်များကို မဖြည့်ဆည်းနိုင်သဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ပိုမိုတင်းကျပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ တပ်မတော်၏ အာဏာသိမ်းမှုကို အမေရိကန်နှင့် ဥရောပသမဂ္ဂက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင်ပင် အာဏာသိမ်းမှု၏ အကျိုးဆက်ကို ခံစားနေရပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) က လက်ထောက် အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ပြောသည်။

“စစ်တပ်အာဏာသိမ်းပြီ ဆိုတည်းကိုက အလုပ်သမား အခွင့်အရေးက တကယ့်အရေးကြီးတဲ့ ဒီမိုကရေစီ စံနှုန်းချိုးဖောက်ခံရတာ ဖြစ်တဲ့အတွက် အခွင့်အရေး အားလုံးက ဆုံးရှုံးပြီးသား ဖြစ်သွားပါပြီ”ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး မဖြိုးစန္ဒာစိုးက “နိုင်ငံရေး မတည်ငြိမ်တာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း မတည်ငြိမ်တဲ့ နိုင်ငံတခုမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှာ မဟုတ်တော့ဘူး။ သူတို့ရဲ့ အာမခံချက်ကို သူတို့ လိုအပ်တယ်။ ဒါကြောင့် စပြီးတော့ အာဏာသိမ်းကတည်းကိုက ဒါတွေက ရင်ဆိုင်ခံစားရပြီ ဖြစ်တယ်” ဟုပြောသည်။

အထည်ချုပ်ကဏ္ဍ၌ လက်ရှိတွင် ပုံမှန်အခြေအနေသာ ရှိသေးပြီး အဝယ်နိုင်ငံတွေ ဘက်မှလည်း စောင့်ကြည့်အဆင့်သာ ရှိနေသေးသော်လည်း စိုးရိမ်မှုများ မြင့်တက်နေကာ ဆန်ရှင်လုပ်ခဲ့လျှင်ပင် အထည်ချုပ်လုပ်ငန်းကို မပါဝင်စေချင်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင် အသင်းမှ သိရသည်။

ဦးအောင်မျိုးဟိန်းက “ကိုယ့်ရဲ့ အထည်ချုပ်ကဏ္ဍ တခုမှာ မှီခိုနေတဲ့ လူတွေက အရင်ထက်စာရင် ဆယ်ဆလောက်များလာပြီ ဆိုတဲ့အတွက် ဒါတွေကတော့ အများကြီး ချင့်ချိန်ပြီးတော့မှ လုပ်သင့်တယ်လို့ မြင်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ခစား အထည်ချုပ် စက်ရုံ စုစုပေါင်း ၆၀၀ ကျော် ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်အသင်းထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂက ပေးသည့် အကောက်အခွန်ဆိုင်ရာ အခွင့်အရေးပေးမှုစနစ် (GSP) ရရှိသဖြင့် ချုပ်လုပ်ပြီး အဝတ်အထည် ၇၀ ရာခိုင်နှုန်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ ခုသို့ တင်ပို့နေသည်။

 

Ref : Irrawaddy

No comments