သက်မဲ့အလှနဲ့ သူ့ မေတ္တာ (ဝတ္ထုတို)
သက်မဲ့အလှနဲ့ သူ့ (အမေ)မေတ္တာ
အပိုင်း(၁)
ကောင်းကင်တွင်
တိမ်စိုင်တိမ်လိပ်တို့ တရိပ်ရိပ်တက်လာပြီ။ မှိုင်းညို့နေသော
ကောင်းကင်ပြင်မှာ လျှပ်ပန်းတို့က ပြက်ခါတစ်လှည့် လက်ခါတစ်လှည့်။ မကြာခင်
မိုးတွေက ဖြိုင်ဖြိုင်ရွာလေပြီ။ မိုးရေများနှင့် ပြည့်နေသော
ကန်ပေါင်နံဘေးတွင် ရွက်ဖျင်တဲလေး တစ်လုံးရှိသည်။ ထိုတဲလေးအတွင်း၌
မီးအလင်းရောင်ကို အနည်းငယ်သာ မြင်ရလေသည်။ ထိုတဲလေးမှာ သူ၏ ဂေဟာတစ်ခု
ဖြစ်လေသည်။ သူ၏ဘဝသည် ရွက်ဖျင်တဲလေး တစ်လုံးသာဖြစ်သည်။ သို့သော်
မမျှော်လင့်ပဲ သူ့ဆီသို့ အကြောင်းအရာတစ်ခုက ဝင်ရောက် လာသည်။ အခြားမဟုတ်ပေ။
သံယောဇဉ်ကြိုး တစ်ချောင်းဖြစ်သည်။
သူ့အတွက်တော့ အဖော်တစ်ယောက်
တိုးခဲ့လေပြီ။ စားဖို့အနိုင်နိုင် ရုန်းကန်ရသော သူ့ဘဝ မည်သို့ ဖြတ်သန်းမည်
မသိ။ သို့သော်လည်း သူ့နှလုံးသားဆီမှ ထွက်ကျလာသော ချစ်ခြင်းမေတ္တာက
ကလေးအတွက် ကယ်တင်ရှင်သို့ ပြောင်းခဲ့ချေပြီ။ သူကိုယ်တိုင် မိုးအေးအေးတွင်
ကောက်ယူ မွေးစားလိုက်သောကြောင့် "မောင်မိုးအေး"ဟု အမည်ပေးလိုက်သည်။
သူ့အတွက် သံယောဇဉ်လေးတစ်မျှင် ဖြစ်လာသည်။ ခံစားချက်ကို စာမဖွဲ့သော်လည်း
သူ့ရင်ထဲ၌ ရွက်ဖျင်တဲနှင့် မွေးစားသားသည် နှလုံးသား၌ တေးမှတ်စရာပင်
ဖြစ်လာခဲ့သည်။ နှစ်တွေက တဖြည်းဖြည်း ရွေ့လျားလာခဲ့ချေပြီ။ ယခုဆိုလျှင်
သားလေးမှာ အသက် (၁၃)နှစ်အရွယ်ရောက်ခဲ့လေပြီ။
အပိုင်း(၂)
"သားရေ . . . သား"
သူ၏ ခေါ်သံကြောင့် ရေဆွဲနေသော မောင်မိုးအေးလေး ရေပုံးချ၍ အပြေးလာသည်။
"ဗျာ... အမေ . . . ."
"သား . . . ညနေကျရင် ကန်ပေါင်အရှေ့ဘက်က မမြတို့ဆိုင်ကို ခါတိုင်းလို ဆန်လေး သွားဝယ်နော်"
"ဟုတ်ကဲ့ အမေ"
"ဪ...
သား. . .အမေ မေ့နေတာ။ မနေ့ညက သားကြိုက်တဲ့ ကောက်ညှင်းထုပ်လေး ဝယ်ခဲ့တယ်။
အမေ မေ့သွားတယ် သားရယ်။ အဲဒါ ရေခပ်ပြီးရင် သွားစားလိုက်ဦးနော် သား"
"ဟုတ်ကဲ့ အမေ. . အဲဒါတွေကြောင့် အမေ့ကို သားက ချစ်တာဗျ"
ပြောပြောဆိုဆိုနှင့်
ပြေးဖက်ပြီး အားပါးတရ အမေ့ပါးကို နမ်းလိုက်သည်။ မောင်မိုးအေး
အလွန်ပျော်နေသည်ကို မြင်တော့ သူ အလွန်ကျေနပ်နေမိသည်။
မောင်မိုးအေးက
သူ့အမေစကား မြေဝယ်မကျ အမြဲတမ်း နားထောင်တတ်သည်။ သူ့ဘဝအတွက် သူသာလျှင်
အဓိကဖြစ်သည်။ သူ လူမှန်းသိတတ်စ အရွယ်ကတည်းက သူ တစ်ယောက်တည်းကိုသာ ချစ်ခင်
တွယ်တာခဲ့သည်။ အမေဆိုလည်း မမှားပေ။ အဖေနေရာတွင်လည်း သူ့ကိုသာ အစားထိုး
ပိုချစ်ခဲ့သည်။ အခုအရွယ်အထိ "ခါးလှ ဝမ်းဝရေး" နေ့မအား ညမနား ရုန်းကန်နေသော
သူ့ကို အမြဲတမ်း လေးစား အားကိုးခဲ့သည်။ အခြားသူများက
မွေးစားသားဟုပြောလျှင် မကြိုက်ပေ။ ဝမ်းနှင့် လွယ်မမွေးခဲ့ရသော်လည်း သူ့ကို
သားအရင်းနဲ့မခြား စောင့်ရှောက်သည်ကို သူသိနေသည်။ သူ့အမေ အလုပ်မှ
ပြန်လာသည့်အခါတိုင်း ဆီးကြို၍ ရေအေးအေးလေး တိုက်တတ်သည်။ သူ့ဘဝ တစ်ခုလုံးကို
ကာကွယ်စောင့်ရှောက်ပေးသော သူ့ကို အလွန်ချစ်ခင် တွယ်တာသည်မှာ ဆန်းမည်မထင်။
သူနေမကောင်းလျှင် ပျာနေတတ်သော သူ့ကိုကြည့်၍ လေးစားကြည်ညို စိတ်
ပိုမိုဖြစ်လာခဲ့သည်။ ပို၍ ချစ်ခင် တွယ်တာလာသည်။
မောင်မိုးအေးလေးမှာ အခုဆို ရှစ်တန်း ကျောင်းသားကြီး ဖြစ်နေပြီ။
အခန်း(၃)
မိုးက
ရွာချလိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသည်။
ညနေစောင်းဖြစ်၍ ဘာမှ သဲသဲကွဲကွဲ မမြင်ရချေ။ မောင်မိုးအေးလေးတစ်ယောက်
အမေအလာကို ဖျင်တဲလေးအပေါက်ဝတွင် ထိုင်ကာ မျှော်နေရှာသည်။ ဒီနေ့
အတန်းထဲတွင် သူ့ကို ဆရာမက တတိယဆုရကြောင်း ပြောလိုက်သည်။ ထို့ကြောင့် သူ
အလွန်ပျော်လွန်းနေသည်။သူ့အမေလာလျှင် အံ့ဩအောင် သူပြောမည်ဟု စဉ်းစားထားသည်။
တစ်စတစ်စ ညက မှောင်သထက် မှောင်လာသည်။ မိုးလေများက အဆက်မပြတ်သေး။
ပိုမိုသဲသဲမဲမဲ ရွာချနေသည်။ ကန်ပတ်လည်တွင်လည်း ဖားအော်သံတို့က
ဆူညံနေသည်။ မောင်မိုးအေး ချမ်းလာသည်။ အနွေးထည်အစုတ်လေးကို ဝတ်၍
သူမပြန်အလာကို ဆက်လက်စောင့်နေသည်။ လျှပ်စစ်မီးမရှိသောကြောင့်
ဖယောင်းတိုင်လေး ထွန်း၍ထားသည်။
မကြာမီ ခြေသံသဲ့သဲ့ ကြားလိုက်ရသည်။
အမေလာပြီဟု သူသေချာ အတပ်တွေးထင် လိုက်သည်။ ထို့နောက် အမေလာလျှင် အမော
ပြေအောင် ရေအေးအေးတစ်ခွက် ကြိုပြီး ခပ်ထားလိုက်သည်။
"ဟာ.. အမေ. . . ပြန်လာပြီ" ဟု ပြောရင်း ရေခွက်လှမ်းပေးလိုက်သည်။
"ဟင် . . .အမေ . . .အမေ့ခြေထောက်က ဘာဖြစ်လာတာလဲ"
ခြေထောက်မှာ ပတ်တီးစည်းထားသော သူ့ကိုကြည့်၍ ဝမ်းနည်းစွာ မေးလိုက်သည်။
"ဪ
. . ဘာမှမဖြစ်ပါဘူး သားရယ်။ အမေ အလုပ်ကအပြန် လမ်းမှာ သံစူးသွားတာပါ။
နည်းနည်းလေးပါ။ စိတ်မပူနဲ့နော်. .သား.။ အမေလမ်းထိပ်က ဆေးခန်းမှာ
ဆေးထည့်ခဲ့ပြီ။ အား.. ကျွတ် . . .ကျွတ်. . .ကျွတ်"
"အမေ တကယ်သက်သာရဲ့လား . . ။ အမေ့အဝတ်အစားတွေ စိုနေတယ်။ လဲလိုက်အုံးနော်။ သား အဆင်သင့် ပြင်ထားတယ်"
အိပ်ရာဘေးမှ အဝတ်အစားအချို့ကို ယူပေး လိုက်သည်။ သားကိုကြည့်၍ သူ ပီတိဖြစ်နေသည်။
"အေးပါ သားရယ်။ အမေ သားအတွက် ကောက်ညှင်းထုပ်လေး ဝယ်လာတယ်"
အနက်ရောင် ကြွပ်ကြွပ်အိတ်လေးထဲမှ ကောက်ညှင်း ထုပ်လေးနှစ်ထုပ်ကို ပေးလိုက်သည်။
"ဟာ
. . .အမေကလည်း ဒီလောက် မိုးတွေရွာနေတာ။ ဘာလို့ အပင်ပန်းခံပြီး သားအတွက်
ဝယ်လာတာလဲ" မျက်ရည်များနှင့် အမေဖြစ်သူကို ထွေးပွေ့ရင်း ပြောလိုက်သည်။
"သားကလည်း. . . အမေ့မှာ ဒီသားလေး တစ်ယောက်တည်း ရှိတာလေ။ သားအတွက် အမေတတ်နိုင်သလောက် ဖြည့်ဆည်းပေးတာပါ"
"အမေရယ်. . ."
မောင်မိုးအေးခမျာ
သူ့ အမေကိုကြည့်ပြီး ဆုရသည်ကို မည်သို့ ပြောထွက်မည်နည်း။ မပြောတော့ဘူးဟု
သူ ဆုံးဖြတ်လိုက်သည်။ ထိုည၌ သူ့အမေကို ခြေလက်နှိပ်နယ်ကာ ကန်တော့ပြီး
အိပ်ရာဝင်ခဲ့သည်။ သူ့ရင်ထဲမှာတော့ ပျော်ရမည်လား။ ဝမ်းနည်းရမည်လား
စဉ်းစားရင်း ညဉ့်နက်မှ အိပ်ပျော်သွားသည်။
အခန်း(၄)
"သားရေ. .
. အမေသွားပြီနော်။ မီးဖိုနားမှာ ထမင်းကြမ်းနဲ့ ပဲကြီးလှော်သုပ် ထားခဲ့တယ်။
စားသွားနော် . . သား။ ပြီးတော့ ထမင်းချိုင့်ထဲမှာ ဘဲဥတစ်ခြမ်း
ထည့်ထားတယ်။ ကြောင်အိမ်ထဲကိုတော့ ကိုယ်တိုင်ဖွင့်ကြည့်သွားနော်။ သား . . .
ကျောင်းမှာ စာကြိုးစားနော်"
အမေဖြစ်သူက ရွက်ဖျင်တဲအပြင်မှ ပြော၍
သွားလေသည်။ အိပ်ချင်မူးတူးဖြင့် မောင်မိုးအေးက "ဟုတ်ကဲ့ အမေ"ဟု
ပြောလိုက်သည်။ ထိုအခါမှ သူနိုးလာသည်။ မနေ့ညက တော်တော်နှင့် အိပ်မပျော်ခဲ့၍
အိပ်ရာထ နောက်ကျသွားခြင်း ဖြစ်သည်။ အမေမှာခဲ့သည့်အတိုင်း
ထမင်းစားပြီးသည်နှင့် အဝတ်လဲရန် ကြောင်အိမ်စုတ်လေးကို ဖွင့်လိုက်သည်။ သူ
အံ့အားသင့်သွားသည်။
"ဟင်. . . "
မျက်ရည်များက သူ့ထက်ငါ
အလုအယက် ပါးပြင်ထက်သို့ လိမ့်ဆင်းလာသည်။ သူအတိုင်းမသိ ဝမ်းသာသွားသည်။
အမေဖြစ်သူ သူလိုအပ်သောအရာကို မည်သို့ သိသွားမှန်း သူ မစဉ်းစားတတ်တော့ပေ။
ကြောင်အိမ်စုတ်ထဲတွင်
အင်္ကျီအဖြူလေးနှင့် ပုဆိုးလေးတစ်ထည်ကို တွေ့လိုက်သည်။ အင်္ကျီမှာ
အသစ်မဟုတ်သော်လည်း တအားကြီး မနွမ်းသေးပေ။ ပုဆိုးမှာလည်း သိပ်မဟောင်း သေးပေ။
အမေ့ရဲ့ မေတ္တာစေတနာများကို သူ ပို၍ လေးစားလာမိသည်။ သူ့ကို ဤမျှမက
ချစ်သော အမေ့ကို သူ့ရင်ထဲ၌ ပြောမပြတတ်အောင် ကြည်ညိုနေမိသည်။
ခါတိုင်းဆိုလျှင် ပုဆိုးအဟောင်းနွမ်းလေးဖြင့် ကျောင်းသွားရသည်။
အင်္ကျီခပ်စုတ်စုတ်လေးဖြင့် ကျောင်းသွားတက်ရသည်။ သူ ဤသို့
ကျောင်းတက်ရသော်လည်း မရှက်ပေ။ "ပညာတတ်ဖို့ အဓိက" ဟု သူ့ အမေပြောသည်ကို
အမြဲမှတ်သားထားသည်။ အခု သူလိုချင်သော ပစ္စည်းလေးကို ရခဲ့လေပြီ။ သူ
အရမ်းပျော်နေသည်။ သူ့အတွက် ထိုနေ့ကား အပျော်ရွှင်ဆုံးနေ့ ဖြစ်ပေလိမ့်မည်။
အခန်း(၅)
မောင်မိုးအေး
မသိသေးသော အကြောင်းတစ်ခု ရှိနေခဲ့သည်။ ထိုအကြောင်းမှာ အခုချိန်ထိ သူ၏အမေ
ဘာအလုပ်လုပ်နေသည်ကို မသိသေးပေ။ နေ့မနား ညမနား အလုပ် လုပ်သည်ကိုသာ သိသည်။
မေးသည့်အခါတိုင်းလည်း "ပိုက်ဆံရဖို့ အလုပ်လုပ်တာ။ ဘာ အလုပ်ပဲ
လုပ်လုပ်ပေါ့ သားရယ်"ဟု ပြောတတ်သည်။ သူပြောသည့်အခါတိုင်း စကားတစ်ခွန်း
ပါလာတတ်သည်။ ဆုံးမသည့် အခါတိုင်းလည်း ပါလာတတ်သည်။ အခြားမဟုတ်. . .
"သား
. . .ဘယ်အလုပ်ပဲလုပ်လုပ် သမ္မာ အာဇီဝကျဖို့နဲ့ ရိုးသားဖို့လိုတယ်" ဟု
ပြောတတ်သည်။ အခုချိန်ထိ သူမသိသေး. . .။ အမေ ဘာအလုပ် လုပ်ပါလိမ့်။
အတွေးများနှင့် အိမ်မှာ နေခဲ့ရသည်။
ကျောင်းပိတ်ရက် တစ်ရက်ဖြစ်သည်။
ခါတိုင်း အမေဖြစ်သူ မှာခဲ့သည်များကို နားထောင်၍ အိမ်မှာနေခဲ့သည်။ ဒီနေ့
အမေ့နောက်ကို သူ မသိမသာလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ထိုအခါ
သူတွေ့လိုက်ရသော မြင်ကွင်းမှာကား အံ့ဩမှုများ၊ တန်ဖိုးထားမှုများ၊
ပိုမို လေးစားမှုများက သူ့ရင်ထဲမှ အပြင်သို့ လျှံကျ လာခဲ့သည်။ အမေသည်
လမ်းဘေး၌
ဝှက်ထားခဲ့သော ထမ်းပိုးနှင့် ဂုန်နီအိတ်ကို ယူလိုက်သည်။ ထို့နောက် သူ
မြင်ရသော မြင်ကွင်းမှာ အခြားမဟုတ်။ သူ၏ အမေမှာ ပုလင်းခွံ၊ အိတ်ခွံများ
လိုက်လံ ဝယ်ယူ နေသောကြောင့်ဖြစ်သည်။ ထမ်းပိုးကို ဘယ်ညာထမ်းရင်း လက်ထဲမှာ
ပိုက်ဆံအိတ် အစုတ်လေးကို ကိုင်ထားသည်။ ထဘီအစုတ်လေးကို တိုတိုဝတ်၍.....
"ပုလင်းခွံတွေ
ဝယ်တယ်... ရေသန့်ဘူးတွေ ဝယ်တယ်.."ဟု တစ်လမ်းဝင် တစ်လမ်းထွက်
အော်နေသည်။ သူမကို လှမ်းကြည့်ရင်း သူ အလွန် ဝမ်းနည်းမိသည်။
"အမေရယ်... သားအပေါ်မှာ အဲဒီလောက်တောင် ပေးဆပ်ရသလား။"
သူမ မသိအောင် တိတ်တိတ်ကလေး ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်မှာတော့ သူ အတွေးနယ် ချဲ့နေမိသည်။
"အမေ
ဘာလို့မပြောခဲ့လဲ သိပါပြီ အမေ။ သားမျက်နှာငယ်မည်စိုး၍ မပြောပြခဲ့တာ
မဟုတ်လား။ အမေရယ် သားအတွက်တော့ အမေ့ရဲ့ သက်မဲ့ဖျင်တဲလေးနဲ့ အမေ့ရဲ့
မေတ္တာတရားဟာ အလုံခြုံဆုံးပါ။ အနွေးထွေးဆုံးပါ အမေ။ အမေဖြစ်စေချင်တဲ့
ပညာတတ်ကြီး ဖြစ်ရပါစေမယ်လို့ သား ကတိပေးပါတယ် အမေ။ အမေ့ကျေးဇူးတွေ
ဆပ်လို့ကုန်မည် မထင်တော့ပါဘူး။ ကျတော့် အတွေးတွေမှာတော့. . အမေ့တဲလေးဟာ
သားအတွက် နားခိုရာဖြစ်သလို အမေဟာလည်း ထာဝရကျေးဇူးရှင်ပါပဲ အမေ . . . "။
နွေသန့်မောင် (ပညာရေး)
No comments