New Artical

"+ × နှင့် ÷" (မစန္ဒာ)

 


"+ × နှင့် ÷" (မစန္ဒာ)

မီးသွေးမီး အရှိန်နည်းနေပြီ ဖြစ်သော ထမင်းအိုးက မပွက်ချင် ပွက်ချင်နှင့် ဘွက်ခနဲ ဘွက်ခနဲ ညည်းညည်းညူညူ ပွက်နေသည်။ မစိန်မြကလည်း ထမင်းအိုးကို ပျင်းပျင်းရိရိနှင့် ထိုင်မွှေနေသည်။ မနေ့ညက ကောင်စီရုံးရှေ့တွင် ဖိနပ်ဖင်ခုထိုင်ကာ ကလေးနို့တိုက်ရင်း ကြည့်ခဲ့ရသော မြန်မာကားကို ပြန်လည် မြင်ယောင်နေသည်။
"အေမ"
သားကြီးက ခေါ်လိုက်တော့ မစိန်မြ နည်းနည်း ဇိမ်ပျက်သွားသည်။
"အမေ ကျူရှင် ယူချင်တယ် ''
စင်းမှေးနေသော မစိန်မြ၏ မျက်လုံးသည် အတန်ငယ် ပြူးကျယ်သွားသည်။ တွေးထင် မြင်ယောင်နေသော ကိုညွန့်ဝင်းသည် ရုတ်ခနဲ ပျောက်သွားသည်။ သူ့ရှေ့တွင် နှပ်ချေးတရှုံ့ရှုံ့နှင့် ငုတ်တုတ်ထိုင်နေသော သားကြီး ဩရဿ ဖြစ်သူ မောင်သံချောင်းသည် ကိုညွန့်ဝင်းလောက် ကြည့်မကောင်းလှချေ။
"ကျူရှင် ယူရအောင် နင်က ဘီအေ မို့လား။ ဆယ်တန်း ဖြေရမှာ မို့လား။ ကိုးတန်း တက်ရမှာ မို့လား။ ပြောစမ်းပါဦး ကိုကြက်ချေးတန်းရဲ့"
'' အမေကလည်းဗျာ တစ်တန်းလည်း တစ်တန်းကျူရှင်ပေါ့"
"ဘာ တစ်တန်းကျူရှင်လဲ။ ကျက်ပါလား ကိုယ့်ဟာကိုယ်၊ ဒီလောက် အတန်းပေါက်စန ကလေးကိုများ ကျူရှင် ပေးရမယ်လို့ ကြားဖူးပေါင်"
"အဲဒါဆို အမေ အောက်နေတာပဲ"
"ဘာ အောက်တာလဲ"
မစိန်မြက ယောက်မနှင့် ရွယ်လိုက်သောကြောင့် သားကြီးက လက်လှမ်းမမီသော နေရာကို အလျင်အမြန် ဆုတ်ခွါလိုက်သည်။
"လူတိုင်း လူတိုင်း ကျူရှင် ယူနေကြတာပဲ အမေရဲ့"
"အေး ဒါပေမယ့် ငါတို့က လူတိုင်းလောက် မချမ်းသာဘူး၊ တစ်နေ့ တစ်နေ့ အလျင်မီအောင်တောင် မနည်းလုပ်နေရတာ၊ နင့်အဖေ မဟာစာရေးကြီးရဲ့ လခက ဘယ်လောက်များ ရှိလို့လဲ၊ အလကား သင်ပေးတဲ့ ကျူရှင် ရှိရင်တော့ သွားတက် ဒါပဲ"
မစိန်မြက ဗီတိုအာဏာ သုံးကာ သူ၏ အဆိုကို ပယ်ချလိုက်လေတော့ သားတော်မောင် ငိုမဲ့မဲ့ ဖြစ်သွားသည်။ မီးဖိုချောင် တံခါးဝတွင် ထိုင်နေသော ဖခင်ဖြစ်သူ ကိုရေခဲကို အားကိုးတကြီး လှမ်းကြည့်သည်။
ကိုရေခဲက အလယ်ခန်းတွင် ချိတ်ထားသော ကလေးပုခက်ကြီးကို လှမ်းဆွဲလိုက်၊ ဆေးပေါ့လိပ်တိုလေးကို ဖိဖွာလိုက်နှင့် မမြင်ချင်ယောင် ဆောင်နေသည်။
ဘုစုခရုတို့၏ မယ်တော်၊ နောက်ပြီး သူတို့ အိမ်ထောင်စု၏ ဝန်ကြီးချုပ်လည်း ဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်၊ ထမင်းချက်လည်း ဖြစ်၊ ခဝါသည်လည်း ဖြစ်၊ သန့်ရှင်းရေး လုပ်သားလည်း ဖြစ်သော သူ၏ မဟေသီ မစိန်မြကို သူ မလွန်ဆန်ရဲကြောင်းကို သားတော်မောင်လည်း သိလိမ့်မည် ထင်ပါသည်။
"ဒီလိုဆို အမေ သင်ပေးမလား ကဲ"
သားက ပြောတော့ မစိန်မြ လန့်သွားသည်။ သူက စာကို ဟုတ္တိပတ္တိ စိတ်ဝင်စားခဲ့သူ မဟုတ်။ အမေ့ကို ဈေးကူရောင်းရင်း တက်တစ်လှည့် ပျက်တစ်လှည့် သင်ခဲ့ရသည်ကလည်း ရှစ်တန်း အထိသာ ဖြစ်သည်။ နောက်ပြီး ယောက်ျား မယူမီကတည်းက ကျောင်းထွက်ခဲ့ရသူမို့ ကျောင်းစာနှင့် ဝေးနေသည်မှာလည်း ကြာလှချေပြီ။
"အင်္ဂလိပ်စာတော့ နင့်အဖေကို သင်ခိုင်း"
မစိန်မြက အကြီးဆုံးသော ရန်သူကို ဘောလီဘော သိုင်းနှင့် ကမန်းကတမ်း ရှောင်တိမ်းလိုက်သည်။
"ရုံးမှာ ခုတစ်လော အိုဗာတိုင်တွေ ရှိမယ်တဲ့"
ကိုရေခဲကလည်း အပြေးအလွှား ရှောင်တိမ်းလိုက်သည်။ မစိန်မြက မျက်စောင်းခဲရင်း ခပ်ဆတ်ဆတ် ပြောသည်။
"အိုဗာတိုင် မရှိတဲ့နေ့ သင်လို့ ရတာပဲ"
ကိုရေခဲက မျက်တောင် တဖျပ်ဖျပ် ခတ်သည်။ ကလေးပုခက်ကြိုးကို လှမ်းဆွဲသည်။ ကြိုးနှင့်တုတ်၍ ပွတ်တိုက်ပြီး "ကျွိအိ ကျွိအိ" ဟု မြည်နေသော အသံကို သူ့နားထဲတွင် "ကျူရှင် ကျူရှင်" ဟု ကြားယောင်လာသည်။
"တစ်ခါတလေတော့လည်း ရုံးအလုပ်တွေ အိမ်ပါချင် ပါလာဦးမှာ"
"မပါတဲ့နေ့ သင်ပေါ့"
"အေးပါကွာ အားတဲ့နေ့ သင်တာပေါ့"
ကိုရေခဲက ခပ်ပျော့ပျော့ ပြောသည်၊ လာမည့်ဘေးကို ရှောင်လွှဲ၍ မရတော့သည်မို့ နောက်ဆုတ် နောက်ဆုတ်နှင့် ရင်ဆိုင်ရန် အားတင်းသည်။
"ဒီလိုဆို အမေက သင်္ချာသင်"
"သင်္ချာ"
စိတ်အေးပြီး စင်းမှေးတော့မည် ဖြစ်သော မစိန်မြ မျက်လုံး အစုံသည် ဆတ်ခနဲ ပြန်ပြူးသွားကြသည်။ ထို့နောက် ကိုရေခဲကို မျက်စောင်းထိုးကာ ရန်စကားဆိုသည်။
"အဲဒီ အောက်တန်းစာရေး ရာထူးကြီးကိုပဲ ဖက်ပြီး ဖင်ကျောက်ချထား သိလား ဦးရေခဲ။ အောက်ဆိုက်လည်း မရှာနဲ့။ ငရဲကြီးတတ်တယ်"
"ဟ ဘာဆိုင်လို့လဲ"
ကိုရေခဲက မစိန်မြကို နားမလည်သလို လှမ်းကြည့်သည်။ ထိုစဉ်တွင် ဆေးလိပ်တိုမှ မီးဖွားများက ပုဆိုးပေါ်သို့ ဖွားကနဲ ကြွေကျကုန်သည်။ နေရာမှ ခုန်ချပြီး မီးဖွားများကို ကမန်းကတန်း ခါချစဉ် နို့ညှာကောင်သည် တဒိုင်းဒိုင်း ပြေးဝင်လာသည်။ ပုခက်ထဲမှ ကလေးက ထငိုသည်။ မစိန်မြက ထမင်းအိုးကို ဆောင့်ကြီးအောင့်ကြီး မွှေသည်။
"ဘာ မဆိုင်ရမှာလဲ။ တော်သာ ဝင်ငွေကောင်းရင် ဒီအကောင်တွေကို ဆရာ ကောင်းကောင်းနဲ့ ကျူရှင် ကောင်းကောင်း ပေးနိုင်မှာပေါ့။ ကျုပ်တို့ သင်စရာ လိုမလား"
"အင်း ... နောက်ဆုံးတော့ ဒီဘူတာ ဆိုက်တာပဲ"
ကိုရေခဲက ညာဘက် နားမှ ဝင်လာသော မစိန်မြ၏ စကားများကို ဘယ်ဘက် နားမှ ပြန်ထုတ်ရန် ကြိုးစားရင်း တွေးလိုက်မိလေသည်။
* * *
"ကဲ ငါး အပေါင်း ရှစ်တဲ့။ ပေါင်းစမ်း"
"ငါးကို စိတ်ထဲမှာထား လက်ရှစ်ချောင်းထောင် ငါးပြီးတော့ ခြောက် - ခုနှစ် - ရှစ် - ကိုး"
"အေမ့ ... အီအီး ..."
"ဪ ... ခက်တော့တာပဲ ကိုရေခဲရေ"
"အေး ... အေး"
ကိုရေခဲ လက်ကြားမှ ဆေးလိပ်တိုကို နို့ဆီခွက်ထဲ လှမ်းထည့်ပြီး နေရာမှ ကမန်းကတန်း ထသည်။ သူ့အမေဘေးတွင် ကုန်းကုန်းကွကွ ရပ်နေသော နို့ညှာကောင်ကို ဆွဲခေါ်လာပြီး ခပ်လိန်လိန် ခပ်ပိန်ပိန် ဖြစ်နေသော ဒန်ထွေးခံပေါ်တွင် ထိုင်ခိုင်းလိုက်သည်။
"ဆယ့်နှစ် ... ဆယ့်သုံး ... ဆယ့်လေး ... ဆယ့်ငါး"
"ဘာ"
မစိန်မြက အော်သည်။ သားတော်မောင်က သူ့ပါးစပ်သူ အလျင်အမြန် ဘရိတ်ဖမ်းလိုက်သော်လည်း ချက်ချင်း မရပ်။
"ဆယ့် - ဆယ့် - ဆယ့်ခြောက်" ဟု အထစ်ထစ်အငေါ့ငေါ့ ဆိုပြီးမှ ရပ်သွားသည်။ ထို့ကြောင့် သစ်သားပေတံနှင့် တစ်ချက် အခေါက်ခံလိုက်ရလေသည်။
"ဘာ ဆယ့်ခြောက်လဲ ... ပြန်ပေါင်းစမ်း"
"ငါးကို စိတ်ထဲမှာ ထား ... လက်ရှစ်ချောင်းထောင်"
သားတော်မောင်က နောက်ဘက်သို့ မသိမသာ တွန်းရွှေ့ထိုင်ရင်း ဒုတိယအကြိမ် ကြိုးစားသည်။
"နင့်ကို ငါ ပြောပေါင်း များလှပြီ။ ပိုကြီးတဲ့ဟာကို စိတ်ထဲမှာ ထားစမ်းပါဆို။ ရှစ်ကို စိတ်ထဲမှာ ထားပြီး လက်ငါးချောင်း ထောင်တာက ပိုပြီး မလွယ်ဘူးလား သံချောင်းရဲ့"
သားတော်မောင် ရွှေ့ရာဘက်သို့ မစိန်မြက လိုက်တိုးသည်။
"ကဲ ... ပြန်ပေါင်းစမ်း။ ကပျက်ကချော် လုပ်မနေနဲ့"
မစိန်မြက ပေတံနှင့် အဆင်သင့် ရွယ်ထားသည်။ သံချောင်းက သက်ပြင်း မသိမသာ ချရင်း ကိုရေခဲအား လှမ်းကြည့်သည်။ ခေါင်းကုတ်သည်။ နှပ်ချေးရှုံ့သည်။
"အင်း ဒီကောင်တော့ ကျူရှင်ဆရာ အရွေးမှားပြီ ဆိုပြီး နောင်တ ရနေပြီ ထင်ပါရဲ့"
ကိုရေခဲက တွေးရင်း ပြုံးမိသည်။ သူ့အလှည့်ကျလျှင်တော့ လွယ်သည်။
"သစ်အစ်(စ်)အေဘွခ်၊ သစ်အစ်(စ်)အင် အက်ပဲလ်" ဆိုတာတွေကို တစ်ခေါက်လောက် ချပေးပြီး "ကဲ အဲဒါတွေကို လက်ရေးလှ ငါးခေါက်ရေးကွာ" ဟု ခိုင်းလိုက်ရုံပင်။ သူလည်း သက်သာ၊ သားကလည်း ကျေနပ်၊ ငြိမ်းချမ်းသာယာမှုအတိ ရှိမည် ဖြစ်လေသည်။
"ဖေဖေ"
နို့ညှာကောင်က ခေါ်သည်။
"ဘာလဲကွ"
"နံနံ"
"နံမှာပေါ့ကွ။ အီးပဲဟာ"
မရှူပဲ နေမရသောကြောင့် ပျံ့လာသော ရနံ့ကို မသက်မသာနှင့် မျဉ်း၍ ရှူသည်။
"ကိုမြတ်ဆွေတ်ို့နဲ့ လိုက်သွားရင် ကောင်းသား။ ဒါဆို ကလေး အီးတယ်နေရမှာ မဟုတ်ဘူး" ဟု စဉ်းစားသည်။ ရုံးက အရာရှိကြီး၏ ဇနီး တိုက်ဖွိုက် ဖြစ်သောကြောင့် ကိုမြတ်ဆွေတို့၊ ကိုအောင်မြင့်တို့ လူစုတွေ အလုပ်များကြသည်။ အားဆေး ရှာသူကရှာ၊ ကြက်ပေါင်းရည် ပို့သူကပို့၊ ဂလူးကို့(စ်) ဝယ်သူကဝယ်၍ လှုပ်လှုပ်ရှားရှား ရှိသော်လည်း ကိုရေခဲကတော့ ထုံးစံအတိုင်း ရေခဲတုံးပင်။ "သူ့မိန်းမ နေမကောင်းတာ ကိုယ့်မိန်းမ နေမကောင်းတာမှ မဟုတ်" ဟု တွေးသည်။ သူ့မိန်းမက ကိုယ့်မိန်းမထက် ပိုပြီး အရေးကြီးသည်ဟု မထင်။ ထို့ကြောင့် မလှုပ်မရှား ငြိမ်နေလိုက်သည်။ အင်း လှုပ်စရာ ရှိလည်း ပိုက်ဆံမှ မရှိပဲကိုး။ ညနေတုန်းကတော့ ကိုမြတ်ဆွေ၊ ကိုအောင်မြင့်နှင့် ခင်လေးဝေတို့ သုံးဦးစုပြီး ဟောလစ် တစ်ပုလင်း ဝယ်သည်။ သတင်း သွားမေးမည် လိုက်ဦးမလားဟု ခေါ်သော်လည်း သူ ခေါင်းခါခဲ့သည်။ ဟောလစ်ပုလင်းတွင် သူ့အစုစပ်ငွေ မပါဘဲ လိုက်ရမည်ကို စိတ်မလုံလှ။ သူတို့သုံးဦးကလည်း ရှေ့တင်သာ လိုက်ပါဟု ခေါ်သော်လည်း ကွယ်ရာကျတော့ ပြန်ပြီး "အတင်း" ပြောချင် ပြောကြဦးမည်မို့ သိပ်မယုံလှ။
"ကဲ မနီတွင် လိမ္မော်သီး ခြောက်လုံး ရှိသည်။ နောက်ထပ် လေးလုံး ထပ်ဝယ်လျှင် လိမ္မ်ာမ္မော်သီးမည်မျှ ရှိမည်နည်းတဲ့။ ကဲ ... ဒါဆို ဘာလုပ်ရမလဲ"
"ပေါင်းရမယ်"
"ဘာနဲ့ ဘာနဲ့ကို ပေါင်းရမှာလဲ"
"ခြောက်နဲ့ လေး"
"အဲ ဟုတ်ပြီ။ ကဲ ... ပေါင်းစမ်း"
"ခြောက်ကို စိတ်ထဲမှာ ထား။ လက် လေးချောင်းကို ထောင်။ ခြောက် ပြီးတော့ ... ခုနစ် ... ရှစ် ... ကိုး ... တစ်ဆယ် ... ဆယ့်တစ်"
"ကဲ ... အဲဒါ ဆယ့်တစ်"
မစိန်မြက ပေတံနှင့် လှမ်းခေါက်ပြန်သည်။ သံချောင်းက ဖင်ရွှေ့ပြီး နောက်ဆုတ် သွားပြန်သည်။
"ခေါင်းကလေးကို သုံးပြီး စဉ်းစဉ်းစားစား ရွတ်စမ်းပါ သံချောင်းရယ်။ လက်ကို ထောင်ချင်တာ ထောင်။ ပါးစပ်ကလည်း ရွတ်ကောင်းသလောက် ရွတ်ပြီး ရွတ်နေတာပဲ။ အေ ... အေ ... ကျွတ် ... ကျွတ် ... အိပ်ပါကွယ်လေ ... အေ အေ ... အေ"
မစိန်မြက ရင်ခွင်ထဲမှ လူးလွန့်လာသော ကလေး၏ တင်ပါးကို ပုတ်သည်။ အင်္ကျီကို ကမန်းကတမ်း ဆွဲလှန်ပြီး ကလေး ပါးစပ်ထဲသို့ နို့ပိန်ကို ထိုးထည့်သည်။ ကလေးက တစ်ချက်နှစ်ချက် စုပ်ပြီး ပြန်ငြိမ်သွား လေသည်။
"တော်ပါသေးရဲ့"
ကိုရေခဲ သက်ပြင်းချသည်။ ဒီကောင် ပြန်မအိပ်လျှင် မစိန်မြက "ကိုရေခဲရေ" ခေါ်ဦးမည် ဖြစ်သည်။ သူကတော့ စာသင်တာကို ရပ်လိမ့်မည် မဟုတ်။
* * *
"ကိုရေခဲရေ"
"ဟော ... ခေါ်ပါပြီဗျာ"
ကိုရေခဲက ဆေးလိပ်တိုကို နို့ဆီခွက်ထဲ ထိုးထည့်လိုက်ရ ပြန်သည်။ မစိန်မြ၏ လက်ထဲမှ အငယ်ကောင်ကို အလိုက်တသိ လှမ်းယူလိုက်ပြီး ပုခုံးပေါ်တွင် မှောက်ကာ သိပ်လိုက်သည်။ တင်ပါး ပြောင်ပြောင်ကလေးကို ပုတ်ရင်း ဆယ့်နှစ်ပေ ကျယ်သော အခန်း၌ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်သည်။
"မြှောက်တယ်ဆိုတာ ပေါင်းတာပဲ သံချောင်းရဲ့။ အများကြီး ထပ်ကာထပ်ကာ ပေါင်းနေရရင် ကြာတယ် မဟုတ်လား။ တစ်ခါတည်း မြှောက်လိုက်ရင် အဖြေ တန်းထွက်ရော"
မစိန်မြက သူသိသမျှ ပို့ချသည်။
"ဒါကြောင့် အလီရဖို့ အရေးကြီးတယ် ပြောတာပေါ့။ အလီ မရရင် မြှောက်ကြဖို့ မလွယ်ဘူး"
"အောင်မယ်လေးဟဲ့ ငါ့မိန်းမလည်း ဆရာမကြီးပုံ ဖမ်းနေလိုက်တာ။ အလီရအောင် ကျက်။ မရရင် တီးမယ်လို့ သူပြောနေကျအတိုင်း ပြောလိုက်ရင် ပြီးရော"
ကိုရေခဲက တွေးသည်။ ခုတလော မစိန်မြကို သိပ်ပြီး ကြည့်လို့မရ။ ကိုယ့်သားကိုယ် စာသင်တာကတော့ ဟုတ်ပါရဲ့။ သူလုပ်နေကျ အလုပ်များ ဖြစ်သော အငယ်ကောင် သိပ်ခြင်း၊ နို့ညှာကောင် အီအီးတယ်ခြင်း၊ အလတ်မ မိတ်ကုတ်ပေးခြင်း၊ အလတ်ကောင်၏ ဝဲများကို ဆေးထည့်ပေးခြင်း စသောစသော တောက်တိုမည်ရ အလုပ်များကို ကိုရေခဲအား အကုန်လွှဲအပ် လိုက်သည်ကတော့ ခက်လှသည်။ သူ စာသင်နေတုန်းတော့ ဘယ်သူ ဘာကိစ္စ ပေါ်ပေါ် "ကိုရေခဲရေ" ဟု တစ်ဆင့် လှမ်းခေါ် လိုက်သည်သာ ဖြစ်သည်။
"ငါ့နာမည်ကလည်း ရေခဲကနေ အရည်ပျော်ပြီး သူ့လက်ထက်ကျမှ ရေခဲရေ ဖြစ်နေပြီ"
ကိုရေခဲက မလိုတမာ တွေးသည်။ မိတ်ယားသဖြင့် သူ့ကျောကိုသူ အိမ်တိုင်နှင့် ပွတ်နေသော အလတ်မအား စောင်းကြည့်ပြီး စိတ်မောသွားသည်။ ပုခုံးပေါ်က အကောင် အိပ်သွားလျှင် ခရေပွင့်ခြောက်နှင့် သနပ်ခါးကို ရောသွေးပြီး လူးပေးရန် အမိန့် ကျလာဦးမည်ကို ကြိုပြီး ကြားယောင်နေသည်။ သူက အနည်းငယ် မျက်နှာရှုံ့မိလျှင် "ကဲ ဒီလိုဆို တော်လာပြီး သင်လှည့်။ ဒါမှမဟုတ် ကျူရှင်ခပေးပြီး ကျူရှင်ဆရာဆီ ပို့" ဟု ပြောဦးမည် ဖြစ်လေသည်။
"ကဲ ... ဒီမှာကြည့်။ ပန်းအိုး တစ်အိုးလျှင် ပန်းသုံးပွင့်စီ ရှိသတဲ့။ ပန်းအိုးခြောက်လုံး ဆိုလျှင် ပန်းပွင့် မည်မျှ ရှိမည်နည်းတဲ့"
မစိန်မြက ပန်းအိုးဟု ဆိုလိုက်တော့ ကိုရေခဲသည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေရင်းမှ ဒေါ်စိန်စိန်ကြည်ကို ဖျတ်ကနဲ သတိရသည်။ ရုံးမှ အပျိုကြီး အရာရှိမ, ဖြစ်သော ဒေါ်စိန်စိန်ကြည်ကို သူတို့တစ်တွေက ကွယ်ရာတွင် "ခင်ခင်ပန်းအိုး" ဟု ခေါ်ကြသည်။ ပန်းအိုးကလေးလို ခါးသေးရင်ချီ သောကြောင့်တော့ မဟုတ်။ ပန်းအိုး ထိုးထားသလို တစ်ခေါင်းလုံး ပန်းတွေ ဝေနေအောင် ပန်တတ်သောကြောင့် ဖြစ်သည်။ အသားညိုညို၊ ဝဝဖိုင့်ဖိုင့်နှင့် ပုံပန်းမကျ လှသော်လည်း ရုံးမှ ထွေးထွေးတို့ ကေသွယ်တို့က "မမစိန်တို့ ကိုယ်လုံးကတော့ တကယ်ကို မိတယ်ဟေ့" ဟု ပြောတတ်ကြသည်။ "မမစိန်ရဲ့ အသားက ညိုပေမယ့် စိုပြီးဝင်း နေတာပဲ" ဟုလည်း ပြောကြသေးသည်။
"အင်း ... လျှာမှာ အရိုးမရှိဘူး ဆိုတာ တယ်ဟုတ်တာပဲ။ ဦးလှအောင်ရဲ့ သားကလေး ဆယ်တန်းကို ဂုဏ်ထူးတစ်ခုနဲ့ အောင်တုန်းကရော၊ တော်လိုက်တာနော်။ မွေးရကျိုး နပ်လိုက်တာနော်။ လိမ္မာလိုက်တာနော်နဲ့ ရင်သပ်ရှုမော လုပ်နေလိုက်ကြတာ။ ဒီခေတ်မှာ ဂုဏ်ထူး တစ်ခုလောက် ရတာကိုများ ထူးထူးဆန်းဆန်း တအံ့တဩ လုပ်လို့"
ကိုရေခဲက အိပ်ပျော်သွားပြီ ဖြစ်သော အငယ်ကောင်ကို အိပ်ရာထဲသို့ ဖြည်းဖြည်းကလေး ချသည်။ နိုးသွားလျှင် နောက်ထပ် နာရီဝက်လောက် ထပ်လျှောက်ရ ဦးမည်မို့ အသက်ကိုပင် ပြင်းပြင်း မရှူရဲချေ။
"သုံးတစ်လီ သုံး၊ သုံးနှစ်လီ ခြောက်၊ သုံးသုံးလီ ကိုး၊ သုံးလေးလီ ဆယ့်တစ်"
"ဘာပြောတယ်။ သုံးလေးလီ ... ဆယ့်တစ် ... ဟုတ်လား"
မစိန်မြက အော်သည်။ ကိုရေခဲသည် အိပ်ရာထဲ ရောက်နေပြီ ဖြစ်သော ကလေးကို လက်မလွှတ်ရဲသေးပဲ ကမန်းကတန်း ပြန်ဖက်ထားသည်။"ရှူး ... ရှူး" ဟု ခပ်တိုးတိုး ပြောလိုက်သော်လည်း မစိန်မြက မကြား။
"ဒါကြောင့် အလီကို ကျေအောင် ကျက်ပါဆို။ စာအုပ်သာ ကျေသွားတယ်။ စာ မကျေဘူး။ အလကားကောင်" ဟု ဆက်၍ အော်ပြန်သည်။
ဒီတစ်ခါတော့ ကိုရေခဲ စိတ်မရှည်တော့။ "တိုးတိုးဟ" ဟု ခပ်ကျယ်ကျယ် အော်လိုက်သည်။ မစိန်မြ အော်စဉ်က မနိုးသော အငယ်ကောင်သည် ကိုရေခဲ၏ အသံကြားမှ ဆတ်ကနဲ လန့်နိုးသည်။ ဗြဲကနဲ အော်လေတော့သည်။
"သွားပါပြီကွာ"
ကိုရေခဲက သားငယ်ကို ပုခုံးပေါ် ပြန်ထမ်းသည်။ ခေါက်တုံ့ခေါက်ပြန် လျှောက်ရပြန်သည်။ ထို့နောက် စိတ်ပျက်လက်ပျက်နှင့် ညည်းသည်။
"မစိန်မြရယ် ညည်းစာသင်တာ ငါ ပင်ပန်းလှတယ်"
"မပင်ပန်းချင်ရင် ကျူရှင်ဆရာဆီ ပို့လိုက်ပေါ့။ လောက်အောင် ရှာပေးပေါ့ အိမ်ဦးနတ်ကြီးရဲ့"
မစိန်မြကလည်း ဇတ်ကနဲ မျက်စောင်းထိုးကာ ဆိုက်နေကျ ဘူတာသို့ ဒိုင်းကနဲ ဆိုက်လိုက်လေသည်။
"ဌာနတွင်း စာမေးပွဲ ဖြေထားရ ပါတယ်ကွ။ ရာထူး တိုးတော့မှာပါ"
"ဒီစကားမျိုး ကြားရတာ များလှပါပြီ။ ကြာလှပါပြီတော်"
မစိန်မြက အယုံအကြည် နည်းဟန်နှင့် ဆိုသည်။
"ဒီတစ်ခါ အားလုံး ဖြေနိုင်တယ်ကွ"
"အရင်တုန်းကရော မဖြေနိုင်လို့လား"
ကိုရေခဲက ဘာမှ ဖြေရှင်းချက် ထုတ်မနေတော့ပဲ ကြမ်းကို မသိမသာ ဆောင့်နင်းသည်။ ဆင့်တွေ ညွတ်နေပြီဖြစ်သော ကြမ်းအိုကြမ်းကျဲက ခြေချလိုက်တိုင်း ကျွိကနဲ မြည်သည်။ ကိုရေခဲကတော့ ထိုအသံကို ဆိုင်းသံလို့ ထင်ပြီး "လူမှာသာ ငွေမရှိရင် လင်ယူမိတာ နာတယ် ထင်တယ် ... ယောက္ခမအိမ်တက် သားမက်မှာ မျက်နှာငယ် ... မျက်နှာငယ်။ ဒါတွေကို ငါသိပြီကွယ် ... အချစ်ဆိုတာ လောကမှာ နားမလည် ... တယ် လောက" ဟူသော သီချင်းကို စိတ်ထဲမှာ အော်ဆိုလိုက်မိသည်။
အဖေနှင့်အမေ စကားကောင်းနေစဉ် အကြီးကောင်က ခဲတံဖင်ကို ကိုက်ကာ ငေးနေသည်။ မျက်လုံးစင်းပြီး ငိုက်နေသည်။
မစိန်မြ မြင်တော့ ပေတံနှင့်ရွယ်ကာ အော်ပြန်သည်။
"ဟဲ့အကောင် ဘာငေးနေတာလဲ။ မြှောက်စမ်းပါလို့ ပြောထားတာ မြှောက်ပါလား"
* * *
နေဝင်ခါနီးနေပြီ။
မိုးရိပ်က နည်းနည်း ညိုနေတော့ နေမင်းသည် ရွှေဝါရောင် လက်တံများနှင့် ကမ္ဘာလောကကြီး တစ်ခုလုံးအား ဖြန့်ကျက် နှုတ်ဆက်ပိုင်စွမ်း မရှိရှာပေ။
"ခဏနေရင် မှောင်တော့မယ်"
ကိုရေခဲက တွေးသည်။ ဆေးလိပ်တိုကို ဖင်စီခံနား ရောက်သည်အထိ ဖိ၍ ဖွာသည်။ အပူငွေ့က အစီခံကို လောင်မြိုက်ကာ နှုတ်ခမ်းဆီသို့ ကူးစက်လာတော့မှ ရပ်လိုက်သည်။
"အစကတည်းက ထင်သားပဲ။ ပါမှာ မဟုတ်ပါဘူးလို့"
မစိန်မြက ခပ်တိုးတိုး ပြောသည်။ ကိုရေခဲကတော့ သက်ပြင်းချသည်။ ရာထူးတိုးရန် စာမေးပွဲ ဖြေရသည်။ သူဖြေသည်။ ဖြေလည်း ဖြေနိုင်သည်။ သို့သော် ယခု စာရင်း ထွက်လာတော့ သူ့အမည် ပါမလာ။ သူ့ထက် လုပ်သက်နုသူတွေ၊ သူ့နောက်မှ အလုပ်ဝင်သူတွေက သူ့ကို ကျော်ပြီး တက်သွားကြသည်။ "သူတို့ ငါ့ထက် ဖြေနိုင်လို့ ထင်ပါရဲ့" ဟု တွေးရုံမှအပ ကိုရေခဲ ဘာမှ မလုပ်တတ်။
"သူကရော အစကတည်းက ထင်သားပဲ ဆိုတာကလွဲလို့ ဘာမှ မပြောတတ်တော့ဘူးလား"
ကိုရေခဲက မစိန်မြကို ဒေါသ ဖြစ်ချင်သည်။ "အလကားမိန်းမ၊ သူကြိုပြီး နိမိတ်ဖတ်နေလို့ ဖြစ်ရတာ" ဟု တွေးသည်။ ခါတိုင်းလို အိမ်ခါးပန်းလေး ခေါင်းအုံးပြီး ဆေးလိပ်ဖွာဖို့ပင် စိတ်မကူးနိုင်။ ရင်ထဲတွင် လေးလံပြီး ညှိုးချုံးနေသည်။
"အေမ"
"အေး"
"ဒီနေ့ အစားသင်တယ်"
"ရရဲ့လား"
"ဟင့်အင်း"
"ပြစမ်း"
သားတော်မောင် မောင်သံချောင်းက သူ၏လေ့ကျင့်ခန်း စာအုပ်ကို တွန့်ဆုတ် တွန့်ဆုတ်နှင့် လှမ်းပေးသည်။ မစိန်မြက စာရွက်များကို တဖျပ်ဖျပ် လှန်ကာ စစ်ဆေးသည်။ ကြက်ခြေခတ်ရာများနှင့် ပြည့်နေသော စာမျက်နှာများကို စိတ်လက်ညစ်ညူးစွာနှင့် စိုက်ကြည့်သည်။ ဆရာညံ့ခြင်းလော၊ တပည့်ညံ့ခြင်းလောဟု တွေးမနေအား။ တပည့်ညံ့ခြင်းသာ ဖြစ်သည်ဟု ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ကျောင်းက ဆရာလည်း ညံ့မည်မဟုတ်။ အိမ်က ဆရာလည်း အလွန်တော်သည်ဟု တွေးသည်။
"သား မစားတတ်သေးဘူး အမေ"
သံချောင်းက သူ့အမေ လက်လှမ်းမမှီရာသို့ ဆုတ်ခွါရန် ဟန်ပြင်သော်လည်း မစိန်မြက သူ့ထက် မြန်သည်။ သံချောင်း၏ ဦးစွန်းဖုတ်ကို ဘယ်ဘက်လက်နှင့် ဖျတ်ခနဲ လှမ်းဆွဲသည်။ ခေါင်းက ရှေ့သို့ ငိုက်လာတော့ ညာဘက်လက်နှင့် ကျောပြင်ကို ဖြန်းခနဲ ရိုက်လိုက်သည်။
"အပေါင်းလည်း မတော်၊ အမြှောက်လည်း မတတ်ဘဲနဲ့ စားချိန်ကျမှ စားချင်လို့ ရမလားဟဲ့ အဖေတူသားရဲ့"
မစိန်မြက ဒေါသတကြီး ရေရွတ်သည်။ သံချောင်း ငိုနေသည်။ ကိုရေခဲက ငေးနေသည်‌။
 
မစန္ဒာ
မြတ်လေး၊ မေ၊ ၁၉၈၇။
Credit - မြန်မာဝတ္ထုတိုများ

No comments