New Artical

အစပျိုးစီးပွားရေးလုပ်ငန်းတွေ အကုန်အကျပိုမိုသက်သာစေဖို့ နည်းလမ်းများ


အစပျိုးလုပ်ငန်းတစ်ခုအနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်ဖို့ နှစ်အတော်ကြာစောင့်ရတတ်ပါတယ်။ လုပ်ငန်းငယ်တစ်ခုအောင်မြင်ဖို့ဆိုတာ အိုင်ဒီယာကောင်းကောင်းရှိရုံလောက်နဲ့ မလုံလောက်ပါဘူး။ သင့်အနေနဲ့ စီးပွားရေးအိုင်ဒီယာကို စနစ်တကျအကောင်အထည်ဖော်တတ်တဲ့ စွမ်းရည်ရှိဖို့နဲ့ ငွေကြေးထည့်ဝင်ရင်းနှီးမှုကို ဉာဏ်ပါပါနဲ့ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သင့်လုပ်ငန်းအတွက် ငွေကြေးသုံးစွဲရာမှာ အခြေကျပြီး ကုမ္ပဏီတစ်ခုလို သုံးစွဲနေလို့မရပါဘူး။ မာကတ်တင်းလုပ်တာကနေ လုပ်ငန်းလည်ပတ်တာအထိ ကုမ္ပဏီလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သင့်အနေနဲ့ ငွေကို အကုန်အကျသက်သာသည်ထက် သက်သာအောင် ချွေတာဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် အောက်ပါချွေတာရေးနည်းလမ်းတွေကို မျှဝေလိုပါတယ် –

ရုံးခန်းနေရာကို မျှသုံးပါ

အစပျိုးလုပ်ငန်းတစ်ခုအနေနဲ့ သင့်အိပ်မက်ထဲမှာ သင်လိုချင်တဲ့ ရုံးခန်းနေရာလှလှလေးတစ်ခုကို သတ်မှတ်ထားပြီး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။  ဒါပေမယ့် လက်တွေ့မှာတော့ ဒီလို ကိုယ့်စိတ်ကြိုက်ရုံးခန်းနေရာတစ်ခုကို ဖန်တီးနိုင်ဖို့ နှစ်နဲ့ချီပြီးကြာအောင် စောင့်ဆိုင်းရပါတယ်။ သင်လိုချင်တဲ့ ရုံးခန်းကို ဖန်တီးနိုင်ဖို့ဆိုတာ အစပိုင်းနှစ်ကာလတွေမှာ ရုံးခန်းငှားရမ်းစရိတ်အတွက် ငွေကို ချွေတာဖို့ လိုအပ်ပါတယ်။ ရုံးခန်းနေရာအတွက် ငွေပိုထွက်လာအောင် လုပ်လို့ရတဲ့ နည်းလမ်းတစ်ရပ်ကတော့ သင့်လိုပဲ အခြားအစပျိုးစီးပွားရေးလုပ်ငန်းတွေနဲ့အတူ ရုံးခန်းနေရာကို စုပေါင်းသုံးစွဲတာပါပဲ။

ဒါ့အပြင် သင့်လုပ်ငန်းထဲမှာ ဝန်ထမ်းဦးရေ နည်းပါးနေတုန်းမှာ ရုံးသုံးပစ္စည်းကိရိယာနဲ့ ပရိဘောဂတွေလည်း အများအပြား လိုအပ်ဦးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အစပျိုးစ နှစ်ကာလတွေမှာ အလိုအပ်ဆုံးပစ္စည်းပစ္စယတွေကိုသာ ဝယ်ယူပြီး ငွေကို ချွေတာခြင်းဖြင့် ငွေပိုထွက်လာအောင် လုပ်ပါ။

အုပ်ချုပ်ရေးကိစ္စတွေကို စနစ်တကျစိစစ်ဆောင်ရွက်ပါ

အုပ်ချုပ်ရေးလုပ်ငန်းတွေဟာ အရှိန်ယူနေတဲ့ လုပ်ငန်းတွေအတွက် အချိန်အတော်တော်များများပေးရတဲ့ လုပ်ငန်းတွေ ဖြစ်ကြပါတယ်။ ဒီလို အချိန်ကုန်နေရတာကြောင့် သင်ဟာ သင့်လုပ်ငန်းအတွက် တကယ်အရေးကြီးတဲ့ လုပ်ငန်းတွေကို အာရုံစိုက်လုပ်ဖို့ အချိန်နည်းသွားစေပါတယ်။ ဒါ့ကြောင့် အုပ်ချုပ်ရေးလုပ်ငန်းတွေကို နည်းစနစ်ကျကျနဲ့ အချိန်အလေအလွင့်နည်းပါးစွာ လုပ်ဆောင်တတ်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အုပ်ချုပ်ရေးကိစ္စတွေအတွက် နည်းစနစ်ကျတဲ့ လုပ်ငန်းစဉ်တွေ ရေးဆွဲပြုစုထားဖို့၊ တစ်နည်းအားဖြင့် အုပ်ချုပ်ရေးကိစ္စတွေကို အလိုအလျောက်ဆောင်ရွက်ပေးနိုင်တဲ့ စနစ်တွေကို ဖန်တီးထားဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် – အခွန်အခတွေကို အလိုအလျောက် ပေးချေနိုင်တဲ့ စနစ်၊ ခွင့်ကိစ္စစတဲ့ ဝန်ထမ်းရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ရင် စနစ်တကျမှတ်တမ်းတင်ပေးနိုင်တဲ့ စနစ်၊ စတာတွေကို ဝယ်ယူတပ်ဆင်ထားသင့်ပါတယ်။

ဒီလိုဝယ်ယူရတဲ့အတွက် သင့်အနေနဲ့ ငွေပိုကုန်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ပါပဲ။ အင်တာနက်မှာလည်း လုပ်ငန်းProofhub’s လို ဖိုင်တွဲထိန်းသိမ်းမှုဆော့ဖ်ဝဲ၊ ကုန်ကျစရိတ်တွေကို နှိုင်းယှဉ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲတွေ စတာတွေကို ဝယ်ယူသုံးစွဲလို့ရနေပြီ ဖြစ်ပါတယ်။ ဒီလို စနစ်တွေကို အသုံးပြုခြင်းအားဖြင့် အုပ်ချုပ်ရေးကိစ္စတွေကို ဆောင်ရွက်ပေးမယ့် ဝန်ထမ်းသတ်သတ် ခန့်ထားစရာ မလိုတော့ဘဲ အချိန်ကုန်ပြီး ရှုပ်ထွေးတဲ့လုပ်ငန်းတွေကို အလိုအလျောက်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မာကတ်တင်းလုပ်တော့မယ်ဆိုရင် အရင်စမ်းလုပ်ကြည့်ပါ

သင့်ကုန်ပစ္စည်းတွေကို လူစိတ်ဝင်စားအောင်လုပ်ဖို့ဆိုရင် မာကတ်တင်းလုပ်ငန်းဟာ သင့်ရင်းနှီးငွေတွေထဲက အတော်များများကို ကုန်ကျအောင်လုပ်မယ့် ကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် မာကတ်တင်းနဲ့ ကြော်ငြာစရိတ်တွေကို သုံးစွဲရာမှာ မှန်ကန်တဲ့နေရာမှာ မသုံးစွဲမိတဲ့အတွက် သင့်လုပ်ငန်းကို စိတ်ပါဝင်စားသူဦးရေ သိသိသာသာတိုးတက်မလာတဲ့ အဖြစ်မျိုးတွေ ကြုံရတတ်ပါတယ်။ ဒါ့ကြောင့် မာကတ်တင်းအလုပ်တွေကို ကျကျနနစမ်းသပ်ပြီး မကုန်သင့်တဲ့ ငွေကို မကုန်အောင် ဂရုပြုရမှာ ဖြစ်ပါတယ်။

တကယ်တော့ အစပျိုးလုပ်ငန်းတစ်ရပ်နဲ့ အဲဒီလုပ်ငန်းရဲ့ အိုင်ဒီယာအပေါ်မှာ လူတွေ ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာ သိရှိဖို့ ခက်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အလားအလာရှိတဲ့ စားသုံးသူအုပ်စုတစ်ရပ်ကို သတ်မှတ်ဖို့နဲ့ သူတို့ဆီက ထွက်လာနိုင်မယ့် တုန့်ပြန်မှုတစ်ရပ်ကို ကြိုတင်တွက်ချက်ခန့်မှန်းထားသင့်ပါတယ်။ မာကတ်တင်း ကမ်ပိန်းတစ်ရပ်ကို စမ်းမကြည့်ဘဲ စမလုပ်ပါနဲ့။ အလားတူအကြောင်းအရာပါတဲ့ ကမ်ပိန်းအသေးစားလေးတွေကို အရင်စမ်းပြီး လွှင့်တင်ကြည့်ပါ။ ဒီကမ်ပိန်းမျိုးကို လူတွေဘယ်လိုတုန့်ပြန်ကြသလဲဆိုတာ မက်ဆေ့ကနေ မေးမြန်းကြည့်ပါ။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် သင့်ကမ်ပိန်းတွေကို ပိုကောင်းလာအောင် ပြုပြင်ပြောင်းလဲနိုင်ပြီး စရိတ်စကအရ အလေအလွင့်နည်းအောင် စီမံခန့်ခွဲလို့ရပါတယ်။

စားသုံးသူအုပ်စုတွေနဲ့ သူတို့ရဲ့အကြိုက်ကို ခွဲခြားပြီး စာရင်းလုပ်ခြင်း (customer personas) ပြုလုပ်ပြီး စမ်းသပ်ပါ။ တကယ့်ကမ်ပိန်းကို မစတင်ခင်မှာ တကယ်ဝယ်ယူစားသုံးမယ့် လူတန်းစားရဲ့ စရိုက်လက္ခဏာတွေကို ပြုစုထားပါ။ အဲဒီအခါမှာ သင့်အနေနဲ့ ဘယ်လိုစားသုံးသူအုပ်စုမျိုးကို အဓိက ပစ်မှတ်ထားပြီး မာကတ်တင်းဆင်းရမယ်ဆိုတာ သိလာမှာဖြစ်ပါတယ်။

ဖုန်းခေါ်ပါ။ ကိုယ်တိုင်သွားမတွေ့ပါနဲ့။

တွေ့စရာရှိတဲ့ အစည်းအဝေးတွေကို ကိုယ်တိုင်သွားတာထက်စာရင် Skype ကနေ တွေ့တာမျိုး၊ ဖုန်းခေါ်တာမျိုးက စရိတ်ပိုသက်သာစေပါတယ်။ နောက်ပြီး သင့်ဖောက်သည်တွေနဲ့ သင် အပြင်မှာ မဆုံခင်မှာ ဖုန်းပြောဖူးထားခြင်းဖြင့် ရင်းနှီးမှုတစ်ရပ်ကို တည်ဆောက်ထားနိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် အချို့အစပျိုးလုပ်ငန်းတွေ ကျရှုံးရတတ်တဲ့ အကြောင်းရင်းဟာ အိုင်ဒီယာညံ့ဖျင်းလို့ပါ။ ဒါပေမယ့် လုပ်ငန်းအတော်များများ ကျရှုံးရတာကတော့ ကနဦးကတည်းက ငွေကြေးစီမံခန့်ခွဲမှုညံ့ဖျင်းလို့ ဖြစ်ပြီး မျှော်မှန်းချက် အရမ်းကြီးမားနေလို့ ဖြစ်ပါတယ်။ အထက်ကဖော်ပြခဲ့တာတွေကတော့ သင့်လုပ်ငန်းရဲ့ အစပိုင်းမှာကတည်းက ငွေကြေးကို စုဆောင်းပေးနိုင်ပြီး အနာဂတ်မှာလည်း လုပ်ငန်းအောင်မြင်အောင် အထောက်အကူပြုနိုင်မယ့် နည်းလမ်းအချို့ပဲဖြစ်ကြပါတယ်။ 

BusyBook

No comments