New Artical

အချိုပွဲအတွက် အမြင်လှစေမယ့် သီးစုံ ကျောက်ကျောကိတ်


 အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ အချိုပွဲလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ မြင်နေကျ ပုံစံနဲ့ မတူဘဲ သီးစုံ ကျောက်ကျောကိတ် လုပ်နည်းပါ။ ကျောက်ကျောတုံးတွေထဲမှာ အရောင်စုံ အသီးတွေပါ မြင်နေရလို့ အမြင်ဆန်းနေပါလိမ့်မယ်။ သီးစုံအတွက် ကြိုက်နှစ်သက်ရာ အသီး သုံးနိုင်သလို၊ ယိုဒယား သီးစုံသံဘူးတွေလည်း သုံးလို့ရပါတယ်။

အရောင်စုံလေးတွေနဲ့ ကလေးရော၊ လူကြီးပါ အကြိုက်တွေ့မယ့် သီးစုံကျောက်ကျောကိတ် လုပ်ဖို့ အောက်ပါအတိုင်း လိုအပ်ပါတယ်။

အသီးစုံ ရယ်ဒီမိတ်သံဘူး
အာဂါး ကျောက်ကျောမှုန့်
အုန်းနို့
သကြား
အသီးဖျော်ရည် (ကြိုက်နှစ်သက်ရာ)
ဆား အနည်းငယ် လိုအပ်ပါတယ်။

အသီးစုံ ကျောက်ကျောအတွက် ၃ လွှာ လုပ်ပါမယ်။ အရင်ဆုံး အပေါ်ဆုံးအလွှာ အသီးစုံနဲ့ ဖန်တီးဖို့ အိုးထဲကို ရေအေးထည့်၊ အာဂါးမှုန့်ထည့်ပြီး အချိုအတွက် သကြားအစား လိုင်ချီးဘူးထဲက အချိုရည်ကို အသုံးပြုပါမယ်။

ကျောက်ကျောမှုန့်တွေ ပျော်ဝင်သွားတဲ့အထိ မွှေပေးပါ။ အရည် အနည်းငယ် ပျစ်လာပြီဆိုရင် အအေးခံမယ့် ဗန်း ရဲ့ ၄ ပုံ ၁ ပုံလောက် လောင်းထည့်ပြီး အသီးစုံကို အနှံ့ထည့်ပါ။ အသီးတွေ ထည့်ပြီးပြီဆိုရင် အပေါ်ကနေ ကျန်တဲ့ အရည်ကို ထပ်လောင်းပြီး အအေးခံထားပါ။

နောက်ထပ် တထပ်ကို အုန်းနို့ကျောက်ကျော အလွှာ လုပ်ပါမယ်။ ခုနကလိုပဲ အိုးထဲကို ရေအေးထည့်၊ အုန်းနို့ရည် (အုန်းနို့အမှုန့် အသုံးပြုလို့လည်း ရပါတယ်) အာဂါးမှုန့်ထည့်ပြီး ပျော်သွားအောင် မွှေပေးပါ။ ၁ မိနစ်လောက်တည်ပြီး ဆူလာရင် သကြား သင့်တော်ရုံနဲ့ ဆား အနည်းငယ် ထည့်ပါ။ အားလုံးပျော်ဝင်သွားပြီဆိုရင် ခုနက သီးစုံအလွှာပေါ် လောင်းချလိုက်ပါ။

နောက်ဆုံး တထပ်ကို ကြိုက်နှစ်သက်ရာ အသီးဖျော်ရည် သုံးပါမယ်။ အပေါ်ကအတိုင်းပဲ အိုးထဲမှာ ရေအေးထည့်၊ အသီးဖျော်ရည်နဲ့ အာဂါးမှုန့်ထည့်ပြီး မွှေပေးပါ။ အချိုကြိုက်ရင် သကြားအနည်းငယ် ထပ်ထည့်ပါ။ အားလုံး ပျော်ဝင်သွားပြီဆိုရင် ခုနက အုန်းနို့အလွှာပေါ် လောင်းချလိုက်ရုံပါပဲ။

၃ လွှာအားလုံး ပြီးသွားရင်တော့ ရေခဲသေတ္တာထဲ အနည်းဆုံး ၁ နာရီလောက် ထည့်ပြီး အအေးခံထားပါ။ ခဲသွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲက ထုတ်ပြီး အရသာလည်းရှိ၊ အလွယ်တကူ ပြုလုပ်နိုင်သလို အမြင်လည်းလှတဲ့ သီးစုံကျောက်ကျောကိတ် ရပါပြီ။

Ref: Hot Thai Kitchen

No comments