New Artical

ဝန်ထမ်းတွေနဲ့ ဆက်ဆံရာမှာ လိုအပ်တဲ့ အချက်(၃)ခု


အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ဆက်ဆံရေးနဲ့ပတ်သက်လာရင် ဝန်ထမ်းတွေ အလုပ်မှာပျော်အောင်၊ တက်တက်ကြွကြွဖြစ်အောင် နည်းအမျိုးမျိုးပေါင်းစပ်ပြီး ကျင့်သုံးလို့ရပါတယ်။ များသောအားဖြင့် ရတဲ့ လုပ်ခလစာနဲ့ လုပ်ငန်းခွင်ထဲက ခေါင်းဆောင်မှုပုံစံအပေါ်မူတည်ပြီး အလုပ်ရှင်-ဝန်ထမ်းဆက်ဆံရေးမှာ သက်ရောက်မှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် လစာနဲ့ ခေါင်းဆောင်မှုပုံစံ နှစ်ခုတည်းကို သုံးပြီး ဝန်ထမ်းတွေကို စီမံခန့်ခွဲလို့ မရပါဘူး။ လူတွေဟာ အဓိပ္ပာယ်ပြည့်ဝပြီး ရည်ရွယ်ချက်ကောင်းမွန်တဲ့ အလုပ်ခွင်တွေမှာ အလုပ်လုပ်ကိုင်လိုကြပါတယ်။ လုပ်သားတွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲလိုသူဟာ အောက်ပါအချက်(၃)ချက်ကို ထည့်စဉ်းစားပြီး စီမံခန့်ခွဲသင့်ပါတယ် –

မျှတစွာ ဆက်ဆံခံရခြင်း (Equity)

ဝန်ထမ်းဆိုတာ အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်ပြင်ပမှာပဲဖြစ်ဖြစ် မျှမျှတတဆက်ဆံခံရဖို့လိုပါတယ်။ ဒီလို မျှမျှတတဆက်ဆံရာမှာ အောက်ပါအချက်တွေကို အလုပ်ရှင်တစ်ယောက်ဖြစ်တဲ့ သင့်အနေနဲ့ ဖြည့်ဆည်းပေးနိုင်ရမှာ ဖြစ်ပါတယ် –

  • ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု – မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်ကို အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်တစ်ရပ် ဖြစ်စေချင်ကြတာ သဘာဝဖြစ်ပါတယ်။ အလုပ်သမားဆိုတာ လက်ရှိအလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ဖို့အတွက် ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာဖို့ကိုလည်း လိုလားကြပါတယ်။
  • ဝင်ငွေနဲ့ ခံစားခွင့်အရ ပြည့်စုံမှု – ဝန်ထမ်းတွေဟာ သင့်တင့်မျှတတဲ့ လုပ်အားခ၊ အခွင့်အရေးနဲ့ အလုပ်အကိုင်လုံခြုံမှုကို လိုလားကြပါတယ်။
  • စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှု – ဝန်ထမ်းတွေကို လေးလေးစားစားဆက်ဆံပေးဖို့နဲ့ သူတို့ဘက်ကနေ စာစာနာနာ စဉ်းစားပေးတတ်ဖို့လည်း လိုအပ်ပါတယ်။

အလုပ်ပြီးမြောက်မှုအပေါ် ကျေနပ်အားရတဲ့စိတ် (Achievement)

ဝန်ထမ်းတွေဟာ သူတို့လက်ရှိလုပ်နေတဲ့ အလုပ်အပေါ်မှာ ယုံကြည်မှုရှိတဲ့အခါ အလုပ်ပြီးမြောက်နိုင်ဖို့ ပိုပြီးကြိုးစားပမ်းစားနဲ့ ဂရုတစိုက် လုပ်ပေးတတ်ကြပါတယ်။ ဒါ့အပြင် လုပ်ငန်းက မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်ကိုရောက်ရမယ်ဆိုတဲ့ ယုံကြည်မှုလည်းရှိကြပါတယ်။ တိုတိုပြောရရင် ငါတို့လုပ်တဲ့ အလုပ်ဟာ ပြီးမြောက်အောင်မြင်မှုရှိတဲ့ အလုပ်ဖြစ်တယ်လို့ ဝန်ထမ်းတွေက မြင်လာကြတဲ့အခါ သူတို့ဟာ အကောင်းဆုံးအလုပ်လုပ်နိုင်ကြတာကို တွေ့ရပါတယ်။ သူတို့အတွက် အောင်မြင်မှုရှိတယ်လို့ ခံစားရအောင် အောက်ပါအချက်တွေက တွန်းအားပေးပါတယ် –

  • အလုပ်ခွင်က စိန်ခေါ်မှုများပေမယ့် သူတို့တတ်ကျွမ်းမှုကို အသုံးချခွင့်ရကြတယ်။
  • သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ခွင့်ရကြတယ်။ ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့အလုပ်တွေကိုလည်း တာဝန်ယူခွင့်ရကြတယ်။
  • အလုပ်ကို ကောင်းကောင်းမွန်မွန်နဲ့ ထိထိရောက်ရောက်လုပ်ကိုင်နိုင်ဖို့ သူတို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ သတင်းအချက်အလက်တွေနဲ့ ပံ့ပိုးမှုတွေ ရရှိကြတယ်။
  • အရေးပါတဲ့ အလုပ်တွေကို လုပ်နေရတယ်ဆိုတာကို နားလည်ကြတယ်။ အဲဒီအလုပ်က အဓိပ္ပာယ်ရှိပြီး ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ကိုင်နေတာဖြစ်တယ်ဆိုတာကို သဘောပေါက်ကြတယ်။
  • ငွေကြေးနဲ့ပဲဖြစ်ဖြစ်၊ အခြားနည်းလမ်းနဲ့ပဲဖြစ်ဖြစ် အလုပ်ရှင်က အသိအမှတ်ပြုတာကို ခံရတယ်။
  • ကုမ္ပဏီက ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ၊ ကျင့်ဝတ်စည်းမျဉ်းတွေ၊ ထုတ်ကုန်တွေနဲ့ အမှတ်တံဆိပ်ရဲ့ ကျော်စောမှုတွေအပေါ်မှာ ဂုဏ်ယူကြတယ်။

ရဲဘော်ရဲဘက်စိတ် (Camaraderie)

ဝန်ထမ်းဆိုတာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သင့်သင့်မြတ်မြတ်ဆက်ဆံဖို့လည်း လိုအပ်ပါတယ်။ ဒီလိုဆက်ဆံနိုင်ဖို့ဆိုတာ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ တူညီတဲ့ သဘောထားနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိရပါမယ်။ ပြီးတော့ အပြန်အလှန်ဂရုပြုမှုရှိပြီး အချင်းချင်းကူညီပံ့ပိုးမှုရှိတဲ့ ဆက်ဆံရေးမျိုး ဝန်ထမ်းရာထူးအဆင့်ဆင့်ကြားမှာ တည်ရှိနေဖို့ လိုအပ်ပါတယ်။ ဒီလိုသင့်သင့်မြတ်မြတ်နဲ့ ရင်းနှီးမှုရှိတဲ့ ဆက်ဆံရေးမျိုးကို အောက်ပါဝန်ထမ်းအင်အားစုတွေကြားမှာ ဖြစ်ပေါ်လာအောင် တွန်းအားပေးနိုင်ရမှာ ဖြစ်ပါတယ် –

  • လုပ်ဖော်ကိုင်ဖက်အချင်းချင်း
  • ဌာနစုအတွင်း
  • ဌာနအချင်းချင်း
  • ကုမ္ပဏီတစ်ခုလုံးအတွင်း။

(Jeremy Kourdi ရေးတဲ့ The 100 Business Tools You Need to Succeed စာအုပ်ထဲက Employee Engagement and the Three-Factor Theory ကို မှီငြမ်းပါတယ်။)

BusyBook

No comments