New Artical

လူ့စိတ်နှင့် ဂြိုဟ်နက္ခတ်တာရာ

လူ့စိတ်နှင့် ဂြိုဟ်နက္ခတ်တာရာ 

💅 မေး။ ။ မဃဒေဝလင်္ကာသစ် ၂၇၈ - မှာ ဖွဲ့ဆိုထားတာက - “မင်းတို့မတော်၊ တရားမျှော်က၊ မြေ ပေါ်လူများ၊ မဆိုထားနှင့်၊ မိုးဖျားနက္ခတ်၊ အာကာဓာတ်က၊ ဂြိုဟ်နတ်ရာသီ၊ သွားမညီဘူး” - စသည်ဖြင့် ဖွဲ့ဆိုထားပါတယ် ဘုရား”
 
🙏 “သည်အဖွဲ့မှာ ဘာများမေးချင်စရာ ဖြစ်နေသတဲ့လဲကွယ့်”
 
 💅 မေး ။ ။ “ကောင်းကင်မှာ သွားလာနေကြတဲ့ ဂြိုဟ်နက္ခတ်တာရာများဟာ လူ့ပြည်က လူသားများ တရားပျက်တဲ့အတွက် အသွားအလာဖောက်ပြန်တယ်ဆိုတာဟာ လက်တွေ့ သိပ္ပံပညာနှင့်မကိုက်ညီဘူးလို့ ထင်မြင်ပါသတဲ့၊ သိပ္ပံနည်းနှင့် ကောင်းကင်ရှိ နေလနက္ခတ်တာရာများကို တိုင်းတာကြည့်တဲ့အခါ ဘယ်ဂြိုဟ်သည် ဘယ်အချိန်တွင် နိယထုံကျင့်မည် သီဟဇာကျင့်မည် စသည်ကို ကြိုတင် တွက်ချက် နိုင်ကြပါသတဲ့၊ တွက်ချက်တဲ့အတိုင်း မှန်လည်း မှန်ကန်ပါသတဲ့၊ ဒါကြောင့် ကောင်းကင်က နေလနက္ခတ် တာရာတို့ရဲ့ အသွားအလာ မမှန်ကန်မှုဟာ လူသားတို့ တရားစောင့်မစောင့်နှင့် မသက် ဆိုင်ဘဲ နေလနက္ခတ် တာရာတို့ရဲ့ သဘာဝနိယာမမျှသာ ဖြစ်လိမ့်မယ်လို့ ထင်မြင်ပါသတဲ့၊ သူ့ရဲ့ အထင်အမြင်ဟာ မဃဒေဝလင်္ကာသစ် အဆိုနှင့် ဆန့်ကျင်နေတဲ့အတွက် ဖြေရှင်းပေးဖို့ လျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား”
 
🙏 ဖြေ ။ ။ “မဃဒေဝလင်္ကာသစ် စာပိုဒ် ၂၇၈ - ဟာ အင်္ဂုတ္တရစတုက္ကနိပါတ် ပတ္တကမ္မဝဂ် အဓမ္မိကသုတ်ကို ဖွဲ့ဆိုထားခြင်းဖြစ်တယ်ကွယ့်၊ အဓမ္မိကသုတ်က ဘယ်လိုဟောသလဲဆိုတော့လူ့ပြည်ကလူသား‌တွေတရား ပျက်ခဲ့လျှင် နေလနက္ခတ်တာရာတို့ဟာမညီ မညွတ်လှည့်လည်ကြသတဲ့၊ ညဉ့် နေ့တို့ဟာ မညီမညွတ် ဖြစ်ကြတယ်တဲ့၊ လနှင့်လခွဲတို့ဟာ မညီမညွတ်ဖြစ်ကြတယ်တဲ့၊ ဥတုနှစ်တို့ဟာ မညီမညွတ်ဖြစ်ကြတယ်တဲ့၊ လေများဟာ မညီမညွတ်တိုက်ကြတယ်တဲ့၊ မိုးလေဝသ မမှန်ကန်ဘူးတဲ့၊ ကောက်များဟာ အမှည့်မညီကြဘူးတဲ့၊ လူတွေဟာ အသက်တိုကြသတဲ့၊ အဆင်းမလှကြဘူးတဲ့၊ အားနည်းကြသတဲ့၊ အနာရောဂါ ပေါများကြသတဲ့။
            လူ့ပြည်ကလူသားတွေ တရားစောင့်ခဲ့လျှင် လနေ နက္ခတ်တာရာများဟာ ညီညွတ်စွာ လှည့်ပတ်ကြသတဲ့၊ ညဉ့်၊ နေ့၊ လ၊ လခွဲ၊ ဥတု၊ နှစ်တို့ဟာညီညွတ်ကြ သတဲ့၊ လေမှန်မှန်တိုက်ပြီး မိုးမှန်မှန်ရွာသတဲ့၊ ဒါကြောင့် ကောက်ပဲသီးနှံများ အမှည့်ညီကြတယ်၊ လူတွေဟာ အသက်ရှည်ကြတယ်၊ အဆင်းလှကြတယ်၊ အားတိုးကြတယ်၊ အနာကင်းကြတယ်လို့ ဟောတော်မူတယ်ကွယ့်”
         “သည်အဓမ္မိကသုတ်နှင့် ဆက်စပ်ကြည့်ဖို့ ၅၅၀ - နိပါတ်၊ စတုက္ကနိပါတ်မှာ ရာဇောဝါဒဇာတ်ဆိုတာလည်း ရှိသေးတယ်ကွယ့်” 
 
💅 မေး ။ ။ “အမိန့်ရှိတော်မူပါဦးဘုရား”
 
🙏 ဖြေ ။ ။ “ရာဇောဝါဒဇာတ်ရဲ့ ဆိုလိုရင်းက သည်လိုတဲ့ကွယ့်၊ ရှေးက ဗာရာဏသီပြည် ဗြဟ္မဒတ် မင်းဟာ တရားစောင့်တဲ့အတွက် တိုင်းပြည်ဟာအင်မတန်သာယာသတဲ့၊ တစ်နေ့တော့ မင်းက တိုင်းရေးပြည်ခင်း စုံစမ်းမယ်လို့ မထင်ရှားတဲ့အသွင်ဖြင့် စုံစမ်းရင်း ဟိမဝန္တာတောအတွင်း ရသေ့တစ်ပါး သီတင်းသုံးရာဌာနသို့ ရောက်သွားသတဲ့၊ ရသေ့ဟာ ရောက်လာတဲ့ဧည့်သည်ကို ညောင်သီးများနှင့် ဧည့်ခံသတဲ့၊ မင်းဟာ ညောင်သီးကို စားကြည့်တော့ အလွန်အရသာရှိတာကို တွေ့တဲ့အတွက် “အရှင်ဘုရား ညောင်သီးဟာ အနံ့အရသာနှင့် ပြည့်စုံလှချည်ကလား”လို့ လျှောက်ထားတယ်၊ ရသေ့က “ဟုတ်တယ် ဒကာ မင်းနှင့်တကွ တိုင်းသူ ပြည်သားများ တရားစောင့်ကြတဲ့အတွက် ညောင်သီးမှည့်ဟာ အနံ့၊ အရသာနှင့် ပြည့်စုံခြင်း ဖြစ်တယ်”လို့ ပြန်ပြောတယ်။
    မင်းနှင့်တကွတိုင်းသူပြည်သားများ တရားစောင့်တာနှင့် ညောင်သီးချိုတယ် ဆိုတာဟာ ယုံကြည်နိုင်ဖွယ်မရှိဘူး၊ ဒါကြောင့် ဗြဟ္မဒတ်မင်းဟာ တိုင်းပြည်ကို ပြန်သွားပြီး တိုင်းပြည်ကိုအဓမ္မနည်းနှင့် အုပ်ချုပ်သတဲ့၊ ကာလအတန်ကြာတော့ ရသေ့ကျောင်းပြန် သွားပြီး ညောင်သီးစားကြည့်လိုက်တော့ ညောင်သီးဟာ ရှေးကလိုမချိုတော့ဘဲ ခါးနေသတဲ့၊ ဒီအကြောင်းရသေ့ကို လျှောက် ထားတော့ ရသေ့က “ဒါယကာ - သည်အချိန်မှာ တိုင်းသူပြည်သားများ တရားမစောင့်ကြဘူး၊ တရားမစောင့်ကြလို့ နေ လ နက္ခတ် ဂြိုဟ်တာရာများ အသွားအလာ မမှန်ဘူး၊ အသွားအလာမမှန်လို့ ရာသီဥတုပျက်တယ်၊ ရာသီဥတုပျက်လို့ သစ်သီးများ အရသာပျက်တယ်”လို့ ပြန်ပြောသတဲ့။
        သည်တော့မှ ဗြဟ္မဒတ်မင်းဟာ သဘော ပေါက်သွားပြီး “တပည့်တော်က ဆင်းရဲသားမဟုတ်ပါဘူး၊ ဗာရာဏသီပြည့်ရှင်ဖြစ်ပါတယ်၊ တိုင်းသူပြည်သား အများ တရား စောင့်ပြီး ညောင်သီးချိုအောင်ပြုပါ့မယ်”လို့ လျှောက်ထားပြီး တိုင်းပြည်ပြန်သွားသတဲ့ကွယ်၊ ယခုပြောခဲ့တာဟာ ရာဇောဝါဒဇာတ်ပဲကွယ့်”
 
💅 မေး ။ ။ “မှန်ပါ - အဓမ္မိကသုတ်ရော ရာဇောဝါဒဇာတ်ပါ မှတ်သားစရာများ ပါရှိပါတယ်၊ သို့သော်လည်း လူသားတရားပျက်တာနှင့် နေလနက္ခတ် အသွား မမှန်ဘူးဆိုတာ ဘယ်လိုဆက်စပ်ကြောင်း မသိသာပါဘူး၊ သိသာအောင်အမိန့် ရှိပေးပါဦးဘုရား”
 
🙏 ဖြေ ။ ။ “စိတ္တေန နိယျတိ လောကော၊ စိတ္တေန ပရိကဿတိ၊စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ” ဆိုတဲ့ဂါထာကိုတော့ ကြားဖူးရဲ့ မဟုတ်လားကွယ့်။ 
 
💅 မေး ။ ။“မှန်ပါ-ကြားဖူးပါတယ်ဘုရား၊ သဂါထာဝဂ္ဂသံယုတ် စိတ္တသုတ်မှာ ဟောထားပါတယ်ဘုရား”
 
🙏 ဖြေ ။ ။ “သည်သုတ်ရဲ့ အဓိပ္ပာယ်က ဘယ်လိုဆိုသလဲကွယ့်”
 
💅 မေး ။ ။ “စိတ်သည် လောကကိုဆောင်အပ်၏၊ စိတ်သည် လောကကိုဆွဲငင်အပ်၏၊ အလုံးစုံသော တရားတို့သည် စိတ်ဟုဆိုအပ်သော တစ်ခုသောတရား၏ အလိုကိုသာလျှင် အစဉ်လိုက်ရ၏လို့ ဆိုပါတယ်ဘုရား”
 
🙏 ဖြေ ။ ။ “သည်လိုဆိုလျှင် လူတို့ရဲ့ စိတ်ဓာတ်ကြောင့် နေလနက္ခတ်တာရာများ အသွားမှန်တယ် မမှန်ဘူးဆိုတာဟာ ရှင်းလောက်ပါပြီ၊ တကယ်တော့ သည်စကြဝဠာ လောကကြီးအတွင်းမှာ များစွာသော သတ္တ ဝါတွေ တည်နေကြသော်လည်း လူသားဟာအဓိကပုဂ္ဂိုလ်မို့ (မနုဿဘုံ)လူ့လောကကြီးလို့ ခေါ်ကြရတယ်။ လူ့လောကအတွင်းဖြစ်တဲ့ အရာဝတ္ထုမှန်သမျှတွေဟာ တစ်နည်းမဟုတ် တစ်နည်း လူသားနှင့် ဆက်စပ်တာချည်းပဲကွယ့်၊ တစ်နည်းပြောရလျှင် လူ့ဘုန်း ကံကြောင့် ဖြစ်ပေါ်လာတာတွေ ချည်းပဲဖြစ်တယ်၊ နေလနက္ခတ်တာရာ ဆိုတာတွေဟာလည်း လူ့ကံကြောင့် ဖြစ်လာတာတွေပါပဲ။ 
        ဒါကြောင့် လူသားတို့ရဲ့ စိတ်ဓာတ်နှင့် ဆက်စပ်နေတယ်၊ လူသားတွေရဲ့ စိတ်ဓာတ် သန့်ရှင်းစင်ကြယ်လျှင် နေလနက္ခတ် တာရာများ အသွားမှန်ကန်တယ်၊ လူသားတို့ရဲ့စိတ်ဓာတ် မသန့်ရှင်း မစင်ကြယ်လျှင် နေလနက္ခတ်တာ ရာများလည်း အသွားအလာ မမှန်ကန်ဘူး၊ သည်အကြောင်းကို ဗေဒင်နည်းနှင့် တွက် ချက် ကြည့်လျှင်လည်း သိသာပါတယ်၊ ဥပမာဆိုပါစို့၊ ကောင်းကင်က တာရာတစ် လုံးဟာ အသွားမမှန်ဘူး ၊ သို့မဟုတ် အရောင်မှိန်တယ်၊ တာရာအရောင်ဖောက်ပြန်တယ်ဆိုလျှင် သည်တာရာဟာ ဘယ်ပြည်နှင့် တည့်သလဲ၊ ဘယ်ပြည်အပေါ် ဖြတ်သန်းသွားသလဲလို့ တွက်ကြည့်ရတယ်၊ တွက်ကြည့်လို့ ထိုတာရာ ဖြတ်သန်းသွားတဲ့ ပြည်ကိုတွေ့လျှင် အဲသည်ပြည်ကို စစ်ဆေးကြည့်လိုက်ကွယ့်၊ စစ်ဆေးကြည့်လိုက်လျှင် ဘာတွေ့မလဲဆိုတော့ အဲသည့်ပြည်သားများဟာ တရားပျက်နေတာကို တွေ့ရလိမ့်မယ်၊ တရားပျက်တဲ့အတွက် စစ်ဘေး၊ ရောဂါဘေး၊ ငတ်မွတ်ခြင်းဘေးများ ကြုံနေ ကြရတာကို တွေ့ရလိမ့်မယ်၊ ဒါကြောင့် နေလနက္ခတ်တာရာများဟာ လူသား တို့ရဲ့ စိတ်ဓာတ်နှင့် ဆက် စပ်နေကြောင်းကို ယုံကြည်သင့်ပါတယ်ကွယ့်”
 
💅 မေး ။ ။ “မှန်ပါ - ဝမ်းသာလှပါပြီ ဘုရား”  “ဿာဓု  ဿာဓု  ဿာဓု”
 
ထီးချိုင့်မြို့တည်တောဆရာတော် 
သုဝဏ္ဏသျှမ်

No comments