New Artical

နိဗ္ဗာန် နဲ့ ငွေ ဘယ် ဟာ ပို ကြိုက် သ လဲ

နိဗ္ဗာန် နဲ့ ငွေ ဘယ် ဟာ ပို ကြိုက် သ လဲ

တစ်ခါတုန်းက . . .
        မစိုးရိမ်ဆရာတော်ဘုရားကြီး မန္တလေးကနေ ရန်ကုန်ကို ရထားနဲ့ကြွလာတဲ့အခါ သာစည် ဘူတာရောက်တော့ မြင်းခြံတို့ မိတ္ထီလာတို့ဘက်က စာရင်းစစ်ပြီး ပြန်လာတဲ့ စာရင်းစစ် ဒကာကြီးတစ်ဦး ဆရာတော်စီးတဲ့ တွဲပေါ် တက်လာပါသတဲ့။ ဆရာတော်ကြီးကို တွေ့တဲ့အခါ ရဟန်း တော်များနဲ့ တစ်တန်းတည်း မနေရဲဘူး ဆိုပြီးထိုင်ခုံမှာ မနေဘဲ အောက်မှာပဲ နေရာခင်းပြီး နေပါတယ်။
    ပြီးတော့မှ ဆရာတော်ကြီးကို
 🙏“အရှင်ဘုရားတို့လို သံဃာတော်များနဲ့ တွေ့ကြုံရခဲပါတယ် ဘုရား၊ တွေ့တုန်း ကြုံတုန်း တပည့်တော်ကို တရားလေး နည်းနည်းဖြစ်ဖြစ် ဟောတော်မူပါ” လို့  လျှောက်ထားပါတယ်။
🙏 “ဘာကြောင့် တရားနာချင်တာလဲ” လို့ မေးတော့
🙏“နိဗ္ဗာန်ရောက်ချင်လို့ပေါ့ ဘုရား” တဲ့။
🙏 “ဒီလိုဆိုရင် ဒကာကြီးကို ဘုန်းကြီးမေးမယ်၊ မှန်မှန် ဖြေမလား” ဆိုတော့ -
  🙏“တပည့်တော် မလိမ်တတ်ပါဘူး ဘုရား” တဲ့။
🙏 “ဒကာကြီး နိဗ္ဗာန်နဲ့ ငွေ ဘယ်ဟာကို ပိုကြိုက်သလဲ”
  🙏“နိဗ္ဗာန်ကိုသာ ရမယ်ဆိုရင် ငွေဘာလုပ်ဖို့လဲ ဘုရား”
🙏 “မဟုတ်သေးပါဘူး၊ ဒကာကြီးက စာရင်းစစ်ဆိုတော့ ဂဏန်း(သင်္ချာ)ကို ပိုပြီးနားလည်ပါတယ်။ သင်္ချာသမားဆိုတော့ သဘောဉာဏ်လည်း ပိုပြီးကြီးပါတယ်။ သေသေချာချာ တွက်ချက်ပြီးမှ ဖြေပါနော်။ ကိုယ့်စိတ်ကိုယ် မေးကြည်ပါ။ နိဗ္ဗာန်ကို တကယ်လိုချင်ရဲ့လား ဆိုတာ”
🙏“တကယ် လိုချင်ပါတယ် ဘုရား”
🙏 “ဒကာကြီး ဘုန်းကြီးကို မလိမ်ကောင်းဘူးနော်၊ လိမ်တယ်ဆိုတာ ဘာမှ အကျိုးမရှိဘူး။ မှန်မှန်ဖြေပါ။ နိဗ္ဗာန်ကို တကယ်လိုချင်ရဲ့လား”
🙏“အို - အရှင်ဘုရားတို့လို့ ဆရာတော်ကြီးများကို တပည့်တော် ဘယ်လိမ်ဝံ့ပါလဲ။ မှန် တဲ့အတိုင်း လျှောက်ထားတာပါ။ ငွေက ဘာအသုံးကျလို့လဲ၊ တပည့်တော် နိဗ္ဗာန်ကို တကယ်လိုချင်ပါတယ် ဘုရား”
🙏 “ကဲ ... ဒီလိုဆိုရင် ဒကာကြီး အခု နိဗ္ဗာန်ရဖို့ လည်ပြီး ရှာနေတာလား။ ငွေရဖို့ လည်ပြီး ရှာနေတာလား” ဆိုတော့   စာရင်းစစ် ဒကာကြီးက ပြုံးစိစိနဲ့ . . .
🙏“တပည့်တော် လိမ်လိုတဲ့ စိတ်မျိုးလည်း မရှိပါဘူး။ လိမ်တာလည်း မဟုတ်ပါဘူး။ အမှတ်တမဲ့ ပြောမိတာပါ။ သည်းခံခွင့်လွှတ်တော်မူပါ။ တပည့်တော် ငွေနဲ့ နိဗ္ဗာန် နှစ်မျိုးတည်းဆိုရင်တော့ နိဗ္ဗာန်ကို မလိုချင်ပါဘူး။ ငွေကို လိုချင်ပါတယ် ဘုရား”
🙏   “အဲ ... အဲ ... ဒါမှ မှန်တယ်၊
နောက်ဆိုရင် ဘယ်ဘုန်းကြီးနဲ့ တွေ့တွေ့ တပည့်တော် နိဗ္ဗာန်ကို မလိုချင်သေးလို့  “နိဗ္ဗာန် လိုချင်အောင် တရားဟောပေးတော်မူပါ ဘုရား” လို့ အရင်လျှောက်ထားရမယ် ဒကာကြီး။ ခက်တာက တကယ် မလိုချင်သေးဘဲနဲ့ လိုချင်တယ်လို့ ထင်နေကြတယ်” လို့ မိန့်ကြား လိုက်ပါသတဲ့။
🙏 🙏 🙏  ဿာဓု ဿာဓု ဿာဓုပါ အရှင်ဘုရား။🙏 🙏 🙏 

(ထေရုပ္ပတ္တိကထာ - ၁၉၅) - မှ ကောက် နုတ်ပူဇော်မျှဝေပါတယ်။ 

အရှင်ဣန္ဒောဘာသ

No comments