New Artical

ရာသီဥတုအေးအေးနဲ့ လိုက်ဖက်တဲ့ ကိုရီးယား ဆန်မုန့်ဟင်းရည်

ကိုရီးယား ဆန်မုန့်ဟင်းရည်

 ဆောင်းရာသီအတွက် အကောင်းဆုံး ကိုရီးယားအစားအစာတွေထဲက ဆန်မုန့်ဟင်းရည် ချက်နည်းကို ဝေမျှပေးချင်ပါတယ်။ ကိုရီးယားလူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့မှာ မပါမဖြစ် စားကြတဲ့ “Tteokguk” လို့ခေါ်တဲ့ ကိုရီးယား ဆန်မုန့်ဟင်းရည်ကို ဒေသအလိုက် ချက်နည်း အမျိုးမျိုးရှိပြီး၊ ဆိုးလ်မြို့စတိုင် ချက်နည်းကို ရွေးချယ်ထားပါတယ်။

ကိုရီးယားတောင်ဘက်ပိုင်း မြို့တွေမှာဆိုရင် ဆန်မုန့်ဟင်းရည်ထဲ ကမာအစိုတွေပါ ထည့်ချက်တတ်ကြပါတယ်။ ဆန်မုန့်ဟင်းရည်အတွက် လိုအပ်တာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အမဲသားရင်ပုံ
ကိုရီးယား ဆန်မုန့်
ပဲငံပြာရည်
ကြက်သွန်ဖြူ
ကြက်သွန်နီ
ကြက်ဥ
ကြက်သွန်မြိတ်
ရေညှိခြောက်တို့ လိုအပ်ပါတယ်။

အရင်ဆုံး အမဲသားပြုတ်ရည် လုပ်ဖို့အတွက် အဆီနည်းတဲ့ အမဲရင်ပုံသားကို သေချာ သန့်စင်ထားပါ။ အိုးထဲမှာ ရေထည့်ပြီး ငရုတ်ကောင်းစေ့၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ တို့ကို ပွက်ပွက်ဆူအောင် တည်ပါ။ ပွက်ပွက်ဆူလာရင် အမဲသားထည့်ပြီး ၁ နာရီလောက်ကြာအောင် တည်ထားပေးပါ။

ဆန်မုန့်တွေကို အနေတော် အပိုင်းလေးဖြတ်ပြီး ရေအေးအေးထဲမှာ မိနစ် ၂၀ လောက် စိမ်ထားပေးပါ။ ကြက်ဥကို အကာနဲ့အနှစ် သက်သက်စီဖယ်၊ တခုချင်းစီကြော်ပြီး ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်ကို အဖျားလေးတွေပဲ ပိုင်းဖြတ်ပါ။ ရေညှိခြောက်ကိုလည်း ကပ်ကြေးနဲ့ ပိုင်းဖြတ်ထားပါ။

 

ပြုတ်ရည် လုပ်ထားတဲ့ အမဲသားလွှာတွေကို အအေးခံပြီး ပါးပါးလှီး၊ အရသာအတွက် ဆား၊ နှမ်းဆီ နည်းနည်း ထည့်နယ်ပါ။အမဲသားပြုတ်ရည်တွေကို အအေးခံ အဝတ်ပါးစနဲ့ စစ်ပြီး နောက်ထပ် တအိုးထဲမှာ ပွက်ပွက်ဆူအောင် ပြန်တည်ပါ။ ဆူလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ပဲငံပြာရည် အနည်းငယ် ထည့်ပါ။ နောက်ဆုံးမှာ ဆန်မုန့်ထည့်ပြီး နူးသွားတဲ့ထိ ၃ မိနစ်လောက် တည်ပေးပါ။

အားလုံးကျက်ပြီဆိုရင် စားမယ့် ပန်းကန်းလုံထဲ ဆန်မုန့်ဟင်းရည်ကို လောင်းထည့်ပြီး အပေါ်ကနေ ကြက်ဥ၊ ကြက်သွန်မြိတ်၊ ရေညှိခြောက်၊ အမဲသားတို့ကို တင်လိုက်ရင် အရသာရှိတဲ့ ကိုရီးယားဆန်မုန့်ဟင်းရည် ရပါပြီ။ ကြိုက်နှစ်သက်တယ်ဆိုရင် ဖက်ထုပ်ပြုတ်ပါ ရောထည့်စားလို့ ရပါတယ်။

Ref: My Korean Kitchen

 

No comments