New Artical

နဂါးမောက်သီးကို တရုတ်နှင့် သက်ဆိုင်သည်ဟုဆိုကာ အိန္ဒိယမှာ နာမည် ပြောင်းလဲ

 


အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ မွေးရပ်ပြည်နယ် ဂူဂျာရက် အစိုးရက နဂါးမောက်သီးရဲ့ မူရင်းနာမည်ဟာ တရုတ်နဲ့ သက်ဆိုင်မှု ရှိတယ် ဆိုတာကြောင့် နာမည် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပြီး၊ အဲ့ဒီ ဆုံးဖြတ်ချက်ဟာ အတိုက်အခံတွေဘက်ကနေ ကဲ့ရဲ့မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ လက်ရှိမှာ အားပြိုင်နေတဲ့ ဟိမဝန္တာဒေသမှာ စစ်ရေး အကျပ်အတည်း ဖြစ်နေပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းက အိန္ဒိယတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးခဲ့ရပြီးတဲ့နောက် တရုတ်လုပ် App တွေကို ပိတ်ပင်တာနဲ့ တင်သွင်းကုန်တွေကို ရပ်ဆိုင်းတာမျိုး လုပ်ဆောင်ခဲ့ပါတယ်။

ဂူဂျာရက်ပြည်နယ် ဝန်ကြီးချုပ် Vijay Rupani က “ဂူဂျာရက် အစိုးရဟာ နဂါးမောက်သီးဆိုတဲ့ စကားလုံံးဟာ မသင့်လျော်ဘဲ တရုတ်နဲ့ ဆက်စပ်နေတယ်လို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒီအသီးရဲ့ ပုံစံက ကြာပန်းပုံစံ ရှိပါတယ်။ အဲ့ဒီတော့ ကျနော်တို့က သက္ကတနာမည် ကာမာလမ် ဆိုတဲ့ နာမည်ပေးလိုက်ပါတယ်။ အဲ့ဒါက နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး” လို့ မီဒီယာတွေကို ပြောဆိုထားပါတယ်။

ဟင်ဒီဘာသာစကားနဲ့ ကာမယ် (သို့) ကြာပန်းဟာ ဝန်ကြီးချုပ် မိုဒီရဲ့ အာဏာရ BJP ပါတီရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ အဲ့ဒီပြည်နယ်မှာတော့ နဂါးမောက်သီးကို ကာမာလမ်လို့ လူသိများကြတယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ်မိုဒီက ဂူဂျာရက်ပြည်နယ်ရဲ့ Kutch ဒေသတဝိုက်မှာ နဂါးမောက်သီးကို စိုက်ပျိုးကြတဲ့အတွက် ရေဒီယို အစီအစဉ်တခုကနေ လယ်သမားတွေကို ချီးကျူးခဲ့ပြီး လအနည်းငယ်အကြာမှာ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

BJP ပါတီလွှတ်တော်အမတ် Vinod Chavda က “လယ်သမားတွေက ကျနော့်ဆီကို လာပြီး နဂါးမောက်သီးကို ကာလာလမ်လို့ နာမည်ပြောင်းပေးဖို့ အကြံပေးခဲ့ကြပါတယ်။ ပြည်နယ်က အဲ့ဒီအဆိုပြုချက်ကို လက်ခံလိုက်လို့ ကျနော် ပျော်ရွှင်ရပါတယ်” လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ Kutch ဒေသတခုတည်းမှာတင် ဧက ၁၅၀၀ ကျော်မှာ နဂါးမောက်သီးစိုက်ပျိုးတဲ့ လယ်သမား ၂၀၀ ကျော် ရှိနေပါတယ်။

လယ်သမားတဦးဖြစ်သူ Haresh Thakkar က “အဲ့ဒီအသီးရဲ့ အိန္ဒိယနာမည်ဟာ ကျနော်တို့အတွက် ပျော်ရွှင်မှုတွေ ပိုမို ဆောင်ကျဉ်းလာမှာပါ။ အိန္ဒိယအသီးတခု အနေနဲ့သာ အမြင် ပြောင်းလိုက်မယ်ဆိုရင် အဲ့ဒီအသီးကို လက်ခံမှုအဆင့်က ပိုမြင့်လာမယ်လို့ ခံစားရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

နဂါးမောက်သီးကို အိမ်နီးချင်းပြည်နယ်တွေဖြစ်တဲ့ မဟာရက်စတာနဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းတွေမှာလည်း စိုက်ပျိုးကြပါတယ်။ ဒါပေမဲ့ အဲ့ဒီပြည်နယ် အစိုးရတွေကတော့ နာမည် တစုံတရာ ပြောင်းလဲဖို့ စီစဉ်ထားတဲ့ အရိပ် လက္ခဏာမျိုး မပြသသေးပါဘူး။ အတိုက်အခံတွေဘက်ကတော့ အခုလိုနာမည်ပြောင်းတာဟာ လူစိတ်ဝင်စားခြင်း ခံရအောင် လုပ်ဖို့ ရည်ရွယ်တာလို့ ပြောဆိုပါတယ်။

Ref: CNA

 

No comments