New Artical

တော်လေးဝဝင် အမျိုးသမီး


တော်လေးဝဝင် အမျိုးသမီး

တော်လေးဝဝင် ဟူသော စကားကို မြန်မာ့စာပေ ၊ သီချင်း ၊ ဝထ္ထု ၊ ကဗျာ များမှာ မကြာခဏကြားဖူးကြမှာပါ။ မိမိချစ်သူ လင်ယောင်္ကျားအပေါ်သစ္စာ မေတ္တာကြီးမားစွာနဲ့ စောင့်ထိန်းပြီး မယားဝတ္တရားကျေပွန်သည့် အမျိုးသမီးတို့အား တင်စားသည့်အခါမျိုးတွင် သုံးလေ့ရှိပါသည်။ ထိုတော်လေးဝဝင် အမျိုးသမီးများကား မည်သူတွေနည်း ။ သိသူများကြမည် ဖြစ်သော်လည်း မသိသေးသူများအတွက် ဖော်ပြလိုပါသည်။


တော်လေးဝဝင် ဟု သတ်မှတ်ထားခြင်း ခံရသော အမျိုးကောင်း အမျိုးမြတ် အမျိုးသမီး လေးဦးမှာ ရှေးနိပါတ်တော်များတွင် ပါဝင်သည့်အမရာ ၊ ကိန္ဒရီ ၊ မဒ္ဒီ နှင့် သမ္ဘူလတို့ ဖြစ်သည်။

အမရာဒေဝီ ( မဟော်သဓာ၏ ဇနီး )
ဝိဒေဟရာဇ်မြို့တော် မြောက်ဘက် ဥတ္တရယဝမဇ္ဇျဂုံးရွာသူ ဖြစ်ပြီး မဟော်သဓာကို ပါရမီဖြည့်ဖက် ပီပီလုပ်ကျွေးပြုစုခဲ့သူဖြစ်သည်။ ရွှေငွေတို့ဖြင့် ဖျားယောင်းသော်လည်း ခင်ပွန်းအပေါ် တစ်ချက်ကလေးမှ သစ္စာမပျက်ပဲ ကိုယ်ကျင့်တရားစောင့်ထိန်းခဲ့သည့် ဇနီးကောင်းဖြစ်သည်။ ဉာဏ်ပညာအလွန်ထက်မြက်ကာ မဟော်သဓာ၏ အခက်အခဲအချို့ကို ကူညီဖြေရှင်းပေးခဲ့သူလည်း ဖြစ်သည်။

စန္ဒကိန္ဒရီ ( စန္ဒကိန္ဒရာ၏ ဇနီး)
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးလက်ထက် ဘုရားလောင်း စန္ဒကိန္ဒရာသည် ဇနီးကိန္ဒရီ နှင့် ပေါင်းသင်းနေထိုင်သည်။ တစ်နေ့ ဗြဟ္မဒတ်မင်းကြီးက ယောင်္ကျားဖြစ်သူ စန္ဒကိန္ဒရာအား မြှားဖြင့်ပစ်ခွင်းပြီး စန္ဒကိန္ဒရီအား ချစ်ရေးဆိုသည်။ ရွှေငွေ မိဖုရား ရာထူးတို့ဖြင့် ဆွဲဆောင်သော်လည်း လုံးဝ လက်မခံပဲ လင်ဖြစ်သူ စန္ဒကိန္ဒရာ အသက်ရှင်ရေးကိုသာ သစ္စာပြုခဲ့သည်။ သစ္စာမှန်ကန်သည့်အတွက် ယောင်္ကျားဖြစ်သူ စန္ဒကိန္ဒရာမွာမြှားဆိပ်ပြေခဲ့သည်။ ဗြဟ္မဒတ်မင်းကြီးကလည်း သစ္စာကြီးမားလှသည့် ဇနီးမောင်နှံအား ပြန်လည်ပေါင်းသင်းစေပြီး အသက်ဘေးမှ လွှတ်ပေးခဲ့သည်။

မဒ္ဒီဒေဝီ ( ဝေသန္တရာ၏ ဇနီး)
သီဝိတိုင်းမှ ဝေသန္တရာမင်း၏ ဇနီးဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဝေသန္တရာမင်းကြီးမှာ အလွန်အလှူအတန်းရက်ရောပြီး တိုင်းပြည်၏ရတနာဖြစ်သောဆင်ဖြူတော်ကိုပါ လှူဒါန်းလိုက်သဖြင့် ပြည်သူတို့၏ ငြိုငြင်မှုကိုခံရပြီး တိုင်းပြည်မှနှင်ထုတ်ခံရသည်။ မြိုင်ရပ်သို့ထွက်ခွာရာတွင် မဒ္ဒီဒေဝီအား နန်းတော်မှာပဲ အေးချမ်းစွာနေခဲ့ရန် အတန်တန်တားသော်လည်း ဖဝါးထပ်မျှမခွာပဲ နောက်တော်မှ လိုက်ပါခဲ့သူဖြစ်သည်။ တောထဲတွင် ရသေ့ဝတ်သော ခင်ပွန်းသည်အား ပြုစုကျွေးမွေးခဲ့သည်။ ခင်ပွန်းသည်က သားတော်သမီးတော်များသာမက နောက်ဆုံး သူမကိုပါ လှူဒါန်းခဲ့ရာ ပါရမီဖြည့်ဘက်ဖြစ်သူ မဒ္ဒီဒေဝီသည် ကြည်ဖြူစွာလက်ခံခဲ့လေသည်။

သမ္ဘူလ ( သောတ္တိသေန၏ ဇနီး)
ဗာရာဏသီ ဗြဟ္မဒတ်မင်း၏ သားတော် သောတ္တိသေန၏ ဇနီးဖြစ်သည်။ ခင်ပွန်းဖြစ်သူ နူနာဖြစ်ပြီး တောသို့သွားရာတွင် နောက်ပါမှ လိုက်ပါကာ စောင့်ရှောက်ပြုစုခဲ့သူဖြစ်သည်။ သမ္ဘူလ၏ သစ္စာကို လင်သားက မယုံကြည်ပဲ အခြားသူများနှင့်ဖောက်ပြန်သည်ဟု စွပ်စွဲသည့်အခါ “မိမိယောင်္ကျားမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မဖောက်ပြားခဲ့ပါ ၊ သစ္စာမှန်ခဲ့ပါက လင်ယောင်္ကျား၏ နူနာရောဂါပျောက်ကင်းပါစေ” ဟု သစ္စာဆိုသည့်အခါ သစ္စာမှန်ကန်ခဲ့သဖြင့် မင်းသား၏ နူနာရောဂါများပျောက်ကင်းခဲ့လေသည်။

ဤကား ဇာတ်တော်လာ တော်လေးဝဝင် အမျိုးသမီးလေးဦး အကြောင်းပင်ဖြစ်သည်။

Ref: ayesay Credit bagoknowledge.blogspot

No comments