New Artical

အသက်သုံးဆယ်အရွယ်မှာ စတင်သင့်တဲ့အရာများ


အသက်သုံးဆယ်အရွယ်မှာ စတင်သင့်တဲ့ အရာများ

အသက်သုံးဆယ်အရွယ်ဆိုတာ ဘဝမှာ သင်ယူလေ့လာစရာတွေ အသင့်အတင့်ပြည့်ဝနေတဲ့ အရွယ်ပါ။ နုပျိုမှုနဲ့ ဘဝအတွေ့အကြုံ  ဉာဏ်ပညာရင့်ကျက်မှု မျှတတဲ့အရွယ်။ ဒီအရွယ်မှာ စတင်သင့်ပြီဖြစ်တဲ့အရာတွေကို ဝေမျှပေးချင်ပါတယ်။

၁။ ဆေးလိပ်သောက်တတ်တဲ့သူဆိုရင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပါ။ ပိုက်ဆံကုန် ရောဂါရတာသိသိချည်းနဲ့ ဒီအသက်အရွယ်မှာ ဆင်ခြင်သင့်ပါပြီ။

၂။ နေလောင်ဒဏ်ကာကွယ်ပေးတဲ့ UV ခရင်မ်ဟာ ပျိုမေတို့အတွက်သာမဟုတ်ပဲ အမျိုးသားတွေပါ လိမ်းသင့်တဲ့ ခရင်မ်ပါ။ အသားရေမှာ နေလောင်ဒဏ်၊ မှဲ့ခြောက်နဲ့ အဖုအပိန့်တွေမဖြစ်ချင်ဘူးဆိုရင် UV ခရင်မ် တစ်ခုခု စလိမ်းဖို့လိုပါပြီ။

၃။ နောင်ရေးစိတ်အေးရအောင် ပိုက်ဆံစစုသင့်ပါပြီ။ နည်းတာများတာ ပဓာနမဟုတ်ပဲ အသက်သုံးဆယ်နောက်ပိုင်း ကိုယ့်ရှိတဲ့ဝင်ငွေထဲက နည်းနည်းဖြစ်ဖြစ် စုဆောင်းတတ်တဲ့အကျင့်လုပ်ပေးတာဟာ အနာဂတ်အတွက် အာမခံချက်တစ်ခု တည်ဆောက်နေခြင်းပါပဲ။


၄။ မိဘတွေ၊ မောင်နှမတွေနဲ့ဆက်ဆံရေးကောင်းကို တည်ဆောက်ပါ၊ မကောင်းရင် ပြင်ဆင်ပါ။ ဆက်ဆံရေး ရှုပ်ထွေးတယ်၊ အဆင်မပြေဘူးဆိုရင်တောင် သူတို့တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားဖို့လိုအပ်ပါပြီ။ မိသားစုသံယောဇဉ်ဆိုတာ ဘဝမှာအင်မတန်ကို အရေးပါပါတယ်။ မိသားစုဆိုတာ ဘဝမှာတန်ဖိုးအကြီးဆုံး အရာဆိုတာ အနှေးနဲ့အမြန်ဆိုသလို သိလာပါလိမ့်မယ်။


၅။ ရုပ်ဝတ္ထုပစ္စည်းတွေအစား အမှတ်တရတွေကိုစုဆောင်းသိမ်းဆည်းပါ။ ဘဝတစ်ခုဆိုတာ အတွေ့အကြုံတွေ အမှတ်တရတွေနဲ့ တည်ဆောက်ထားတာပါ။ အသက်ငါးဆယ်လောက်မှ "ငါ့ဘဝမှာ ရုပ်ဝတ္ထုပစ္စည်းတွေပဲ စုဆောင်းမိခဲ့ပြီး အမှတ်တရဆိုလို့ဘာမှမရှိ၊ ဗလာနတ္ထိဘဝကြီးပါလား" ဆိုပြီးနောင်တမဖြစ်ပါစေနဲ့။
 

၆။ အသက်သုံးဆယ်အရွယ်မှာ ငါ့အတွက်ဆိုတဲ့ အတ္တဆန်မှုတွေထက် လောကကြီးကို အကျိုးပြုဖို့ ကြိုးစားပါ။ သူတပါးအကျိုးကို ဆောင်ရွက်လိုက်ရခြင်းကြောင့် မိမိကိုယ်မိမိ လူကောင်းတစ်ယောက်အဖြစ် ထင်မြင်လေးစားမှုရရှိစေပါတယ်။ ဒါပေမယ့် သူတပါးအတွက်ပေးကမ်းဆောင်ရွက်တဲ့အခါ ဘာအကျိုးအမြတ်မှမမျှော်ကိုးပဲ ရင်ထဲက လှိုက်လှိုက်လှဲလှဲဆောင်ရွက်ဖို့တော့ လိုပါတယ်။၇။ အားကစားလိုက်စားပါ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးခြင်းရဲ့အကျိုးကျေးဇူးကို အသက်ငါးဆယ်ဝန်းကျင်ကျရင် သိသိသာသာခံစားရပါလိမ့်မယ်။ ကိုယ်အလေးချိန်ကို ထိန်းပါ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
 

၈။ ဘဝမှာရောင့်ရဲတတ်ဖို့ လေ့ကျင့်သင်ယူပါ။ ကိုယ့်မှာရှိသမျှလေးနဲ့ ရောင့်ရဲတတ်တဲ့အတွက်ကြောင့် မီလီလျံနာကြီးမဖြစ်ပေမယ့် ပျော်ရွှင်တဲ့လူသားတစ်ဦးတော့ ဖြစ်မှာသေချာပါတယ်။

၉။ ဘဝရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ဖို့ အချိန်မစောင့်ပါနဲ့တော့။ "တစ်နေ့နေ့တော့ စကိုစမယ်ကွ" ဆိုပြီး နေ့ရွှေ့ညရွှေ့လုပ်ရတာလွယ်ပါတယ်။ ဒါပေမယ့် သင့်အသက်သုံးဆယ်နောက်ပိုင်းရောက်လာရင် အချိန်က အရင်ကထက် အကုန်မြန်ပါတယ်။ အိပ်မက်တွေကို မဖြစ်မနေစတင်ရမယ့်အချိန်ဟာ ဒီနေ့ပါပဲ။၁၀။ သွားကျန်းမာရေးကိုဂရုစိုက်ပါ။ သွားကျန်းမာရေးဆိုတာ ဂရုမစိုက်ပဲထားရင် သူ့ဟာသူပြန်ကောင်းသွားတယ်လို့ ဘယ်တော့မှမရှိပါဘူး။ ပိုဆိုးလာဖို့ပဲရှိပါတယ်။
 

၁၁။ စူးစမ်းလေ့လာပါ၊ ခရီးထွက်ပါ။ သင်တတ်နိုင်သမျှ ထူးခြားဆန်းပြားတဲ့နေရာတွေဆီကို ခရီးထွက်ပါ။ စွန့် စွန့်စားစားသွားရမယ့်နေရာတွေအထိ သွားပါ။ ဖြစ်နိုင်ရင်တော့ အရင်းနှီးဆုံးသူတစ်ယောက် ခရီးဖော်အဖြစ် ခေါ်သွားပါ။ အသက်ကြီးလာတဲ့အခါ ခရီးတွေအကြောင်း ပြန်တွေးပြီး ပျော်ရွှင်ရပါလိမ့်မယ်။
 

၁၂။ တစ်နှစ်ကို အနည်းဆုံး စာအုပ်ဆယ်အုပ်တော့ ဖတ်ဖြစ်အောင်ဖတ်ပါ။ လူတစ်ကိုယ်လုံးမှာသေတဲ့အထိ ဖွံ့ဖြိုးကြီးထွားနိုင်တဲ့အရာဟာ ဉာဏ်ပညာပါပဲ။ ဦးနှောက်ကြီးထွားဖွံ့ဖြိုးအောင် စာကောင်းပေမွန်တွေနဲ့ လေ့ကျင်ပျိုးထောင်ပေးပါ။၁၃။ ကိုယ့်ကိုယ်ကို သူများတွေနဲ့ နှိုင်းယှဉ်တာမျိုးမလုပ်ပါနဲ့တော့။ သူများတွေ ကိုယ့်ကိုအထင်ကြီးတယ်၊ မကြီးဘူးဆိုတာ အရေးမပါမှန်း အသက်ငါးဆယ်လောက်ကျရင် သိလာပါလိမ့်မယ်။ ကိုယ့်လမ်းပေါ် ခိုင်ခိုင်မာမာ လျှောက်ပါ။


၁၄။ ဒိုင်ယာရီရေးတဲ့ အကျင့်လုပ်ပါ။ ဘဝထဲက အမှတ်တရဖြစ်ရပ်အချို့ဟာ သတိတရနဲ့ရေးမှတ်ထားတာမျိုးမလုပ်ရင် တစ်ချိန်ကျမေ့သွားတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဘဝအမှတ်တရလေးတွေ စုစည်းရေးမှတ်ထားတဲ့ ဒိုင်ယာရီလေးကိုပြန်ဖတ်ရတာ ပျော်ရွှင်မှုတစ်မျိုးပါပဲ။
 

၁၅။ ကိုယ်ပိုင်အိမ်တစ်လုံးဝယ်ယူပါ။ လူတော်တော်များများအတွက်တော့ လက်ရှိအခြေအနေအရ မလွယ်ကူပေမယ့် တစ်နေ့တာပင်ပန်းနွမ်းနယ်မှုတွေကို ကိုယ်ပိုင်ဆိုင်တဲ့အိမ်လေးထဲမှာ အနားယူဖြေဖျောက်နိုင်ဖို့ ရည်မှန်းချက်ထားပြီး တတ်နိုင်သမျှကြိုးစားပါ။

Ref: မြန်မာအွန်လိုင်းစာအုပ်စင်

No comments