New Artical

မြတ်ဗုဒ္ဓ၏ စီမံခန့်ခွဲမှု နှင့် ချီးမြှောက်အုပ်ချုပ်မှု ပညာ

မြတ်ဗုဒ္ဓ၏ စီမံခန့်ခွဲမှု နှင့်  ချီးမြှောက်အုပ်ချုပ်မှု ပညာ

        ရန်အောင်ကျောင်းတိုက် အောင်မေတ္တဝါဒီ ကျောင်းမှာ ယဉ်ကျေးလိမ္မာသင်တန်းပြကြမယ့် ရဟန်းငယ် (၃၀)ကျော်နဲ့ သီလရှင်ဆရာလေး (၁၀)ပါးခန့်တို့ကို ဆရာဖြစ် မွန်း မံသင်တန်း ပို့ချတဲ့ပွဲမှာ မိမိနဲ့ ဓမ္မဂင်္ဂါတို့လည်း ခွန်အားဖြည့် “ဗလဝါနုပ္ပါဒန”ကထာနဲ့ကူညီဟောပြောကြပါတယ်။ 
         မိမိကတော့ ဘုရားရှင်ရဲ့ရိုးသားကြိုးစားမှုနဲ့ စိတ်ရှည်သည်းခံစည်းရုံးပုံ၊အပြစ်ကိုအတိုချုံးပြီး အကျိုးကို အကျယ်ပြဟောကြားပုံကို မိဂဒါဝုန်တရားဦးနဲ့ ယှဉ်ပြီး ဟောပြောခဲ့ပါတယ်။ (ဒီအကြောင်းအရာက “တရားဦး” စာအုပ်မှာ အထိုက်အလျှောက်ပါပြီးဖြစ်လို့ အခု ရေးမပြတော့ပါဘူး)။ ဓမ္မဂင်္ဂါကတော့ “မြတ်ဗုဒ္ဓရဲ့ သံဃာ့ဖွဲ့စည်းပုံ စီမံခန့်ခွဲ့မှုနှင့် အုပ်ချုပ်ချီးမြှောက်မှု စွမ်းရည်”ကို ဟောကြားပါတယ်။ သူ့ဟောကြား ပို့ချချက်များက“အော် … ဒါကြောင့် ဓမ္မဂင်္ဂါလို့ အသိအမှတ်ပြုကြတာကိုး”လို့ ထင်ရလောက်အောင်ပဲ၊ကျောင်း တိုက်တစ်ခု၊ လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ အရပ်ဒေသတစ်ခု တိုးတက်ကြီးပွား ရေးအတွက် ဖွဲ့စည်းအုပ်ချုပ် စီမံခန့်ခွဲတတ်ဖို့ရော၊ ပိဋကတ်စာပေကို  ဖတ်ရှုတဲ့အခါအာဘော်အဓိပ္ပာယ် ကောက်ယူနားလည်တတ်ဖို့ပါ အလွန်အဖိုးတန်လှတဲ့အတွက် နည်းနည်း ရေးပြပါမယ်။
 

သံဃာ့ဖွဲ့စည်းပုံ(၃)ဆင့်

မြတ်ဗုဒ္ဓရဲ့ တပည့်သား သံဃာဖွဲ့စည်းပုံက သုံးဆင့်သုံးမျိုး ရှိပါတယ်။ 

 (၁) ဧဟိဘိက္ခုရဟန်းသံဃာ၊

 (၂) သရဏဂမနူပရဟန်းသံဃာ၊

 (၃) ဥတ္တိစတုတ္ထရဟန်းသံဃာ။ ဆိုပြီးတော့ပါ။

    ပထမဆုံးဘုရားအဖြစ် ရောက်တော်မူတဲ့နှစ်မှာ ကပိလ၀တ်ပြည်သားဖြစ်တဲ့ ဘုရား ရှင်ဟာ ကပိလ၀တ်ပြည်သား ပဉ္စ၀ဂ္ဂီတို့ရှိရာ တိုင်းတစ်ပါးဖြစ်တဲ့ ကာသိတိုင်း ဗာရာဏသီမြို့အနီး မိဂဒါဝုန်(ဆာရာဏသ်)ကိုသာသနာ ပြုကြွပါတယ်။ အဲဒီမှာ တရားဦးအဖြစ် မင်း စိုးရာဇာ အသိုင်းအ၀န်းဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးကိုဟောပြောသိမ်းသွင်းပြီးနောက့်သူဋ္ဌေးသူ ကြွယ် အသိုင်းအ၀န်းဖြစ်တဲ့ရသသူဌေးသားအပါအ၀င် သူဋ္ဌေးသားငါးဦးနဲ့ နောက်ပါငါးကျိပ်အားလုံးပေါင်းပထမဝါတွင်းမှာရဟန္တာ ခြောက်ကျိပ်ပါ။ ဒီပုဂ္ဂိုလ်များဟာ လူမှုရေး၊ စီးပွားရေး အခက်အခဲကြောင့် သာသနာ့ဘောင်၀င်လာကြသူတွေ မဟုတ်ဘဲ အိုနာသေ ဆင်းရဲဘေး လွတ်ငြိမ်းရာအတွက်သာဆိုတဲ့ ခံယူချက်တူသူတွေချည်းဖြစ်လို့ ဒီအ ဆင့်မှာ ဘုရားရှင်က ဘာမှအထွေအထူး စိ စစ်ဖွယ်မလိုဘူး၊ အားလုံးကို “ဒါဖြစ်ရင်လာကြ”ဆိုတဲ့ သဘောနဲ့ “#ဧဟိဘိက္ခု”ရဟန်းအဖြစ် လက်ခံခဲ့တာပါ။ ပထမဝါတွင်းမှာ တပည့်ရဟန္တာခြောက်ကျိပ် (၆၀)နဲ့ ဘုရားရှင်ပါ အားလုံး ရဟန္တာ (၆၁)ပါး ရှိလာတယ်။
 

သာသနာပြု ရည်ရွယ်ချက်

       ဝါကျွတ်ပြီးတဲ့အခါ သာသနာတော် ထွန်း ကားကျယ်ပြန့်ရေးအတွက် သာသနာပြုစီမံကိန်း ချမှတ်ပါတယ်။ ဒီနေရာမှာ ဘုရားရှင်ကျင့်သုံးတဲ့ ချီးမြှောက်စည်းရုံးနည်းလေးမျိုး (သင်္ဂဟတရားလေးပါး)က အတော်အရေးပါ ထိရောက်ပါတယ်။
 (၁) ဒါန = ပေးကမ်းမှု၊
(၂) ပေယျ၀ဇ္ဇ = ချစ်(ကြည်ညို)ဖွယ် ပြောဆိုမှု၊
(၃) အတ္ထစရိယ = အကျိုးစီးပွားဆောင်မှု၊
(၄) သမာနတ္တတာ = ကိုယ်နဲ့ ထပ်တူ (တန်းတူ)ထားမှု ။
“ချစ်ဖွယ်စကား၊ ပေးကမ်းငြား၍၊ စီးပွားဆောင်လင့်၊ ကိုယ်တူကျင့်ဟု၊ လေးဆင့်သဂြိုလ်၊ သူ့ကိုထောက်ထား၊ ချီးမြှောက်ငြား၊ မှတ်သားသင်္ဂဟ”လို့ မှတ်ထားရင် ရပါပြီ။
    မြတ်စွာဘုရားက တပည့်သားများနဲ့ ပတ် သက်ပြီး ဒီသင်္ဂဟတရားလေးပါးကို စနစ်တ ကျအသုံးပြုပြီးသံဃာ့အဖွဲ့ အစည်းကိုတည် ထောင်ခဲ့တာပါ။
 (၁) ပေယျ၀ဇ္ဇ “ချစ်ဖွယ်စကား”အရ ယုံ ကြည်ထိုက်တဲ့စကား၊ ရင်ထဲမှာ သိမ်းထားလောက်တဲ့စကား၊ လေးစား လိုက်နာဖွယ်စကား ဆိုတာ တရားဦးမဟောမီ မိဂဝုန်ရောက်စဉ်ကစပြီး သုံးလာခဲ့တာ။
 (၂) “ပေးကမ်းငြား”အရကြည့်မယ်ဆိုရင်သူသိထားတဲ့ သစ္စာတရားအပါအ၀င်သိသင့်မှန်သမျှ အာစရိမုဋ္ဌိဆိုတဲ့ ဆရာစား မချွင်းမချန် သင်ပေးခဲ့တယ်။
(၃) “စီးပွားဆောင်လင့်”အရ လောက ဒု က္ခ၊ ဘ၀ဒုက္ခတွေ အားလုံးက လွတ်မြောက်တဲ့အထိ အကျိုးစီးပွား ဆောင်တော်မူခဲ့တယ် ။ ကိုယ်တော်တိုင် ဆောင်ပေးရုံမက တပည့်သားတွေလည်း ဆင့်ပွား ဆောင်ရွက် တတ်အောင် အထိ ပေးခဲ့တယ်။
   ဒီသုံးပါးက စိတ်ကောင်း နှလုံးကောင်း ရှိသူမှန်သမျှ ဆောင်ရွက်ဖို့ မခဲယဉ်းလှပါဘူး။ အခက်ခဲဆုံးသင်္ဂဟတရားက (၄)ခုမြောက်ဖြစ်တဲ့ “သမာနတ္တတာ = ဆိုတဲ့ ကိုယ်တူထားခြင်း” ပဲ။ ဒီသင်္ဂဟတရားဟာ ဘယ် ရ ဟန်းအဖွဲ့အစည်း၊လူ့အဖွဲ့အစည်းမှာမဆို အ လွန်ချို့တဲ့နေဆဲဖြစ်နေတာ၊ ဒီသင်္ဂဟတရား ချို့တဲ့မှုကြောင့် တိုးတက်ကျယ်ပြန့်ကြီးပွား ရေးတွေ နှောင့်နှေးနေတာဟာ ဒီနေ့ခေတ်အ ထိ ရှိနေကြတယ်။
       ဥပမာ(ဒါ ဦးဇင်းတို့ ရဟန်းဘ၀ကိုယ်တွေ့ဥပမာတစ်ခုပါ) စာသင်တိုက် တစ်တိုက်မှာ ဆရာတော်ရယ်၊ လက်အောက်ခံ စာချဘုန်း ကြီးများရယ် ရှိကြတယ်။ တစ်နေ့တည်းသံဃာငါးပါး ဆွမ်းကပ်တဲ့ အိမ်နှစ်အိမ်ဆုံတယ်။ ဆရာတော်က နောက်ပါသံဃာလေးပါးနဲ့ တစ်အိမ်ကြွတယ်။ တခြားတစ်အိမ်ကို သံဃာလေးပါး ကြွစေတယ်။
    သူကပထမအိမ်မှာ သီလပေး တရားဟောပြီး နောက်အိမ်ကို ကူးလာတယ်။ အဲဒီမှာလည်း သူပဲ သီလပေး တရားဟောလုပ်တယ်။ အဲဒီတော့ လက်အောက် ငယ်သားတွေမှာ ကိုယ်စွမ်းကိုယ်စ ပြခွင့် မရကြတော့ဘူး။ ဒီဆရာစဉ်ဆက်မှာ လူထူး လူချွန် မပေါ်နိုင်တော့ဘူး။ ဒီလို ဆရာတပည့်စဉ်ဆက်မှာတိုး တက်ကြီးပွားရေးက ဘယ်လိုမှ ဖြစ်လာခွင့် မရှိနိုင်တော့ဘူး၊ တစ်ဆက်ထက် တစ်ဆက် တိုးတက်ရမယ့်အစား ဆုတ်ယုတ် သွားတော့ဖို့ပဲ ရှိတော့တယ်။
    ဘုရားသာသနာတော် တစ်ဝါထက် တစ်ဝါ၊ နှစ်စဉ်တိုးတက်လာနေတာဟာ မြတ်စွာဘုရားရဲ့ ဒီစတုတ္ထ သင်္ဂဟတရားကို အပြည့်အ၀ အသုံးချနိုင်မှုကြောင့်ဆိုရင် မမှားဘူး။ အခုပထမဝါကျွတ်မှာ သာသနာပြု စေလွှတ်ပုံကို ကြည့်ရင် ဒီသဘောကိုမြင်တွေ့နိုင်တယ်၊ အတုယူဖို့လည်း သိပ်ကောင်းပါတယ်။
    ဒီပထမသာသနာပြုခရီးစဉ်စေလွှတ်တော့မယ်ဆိုတော့ ပထမဝါတွင်း ဧဟိဘိက္ခုနဲ့  ရ ဟန်းဖြစ်ပြီး အာသဝေါကုန်ခမ်း ရဟန္တာတွေချည်းဖြစ်တဲ့ တပည့်ခြောက်ကျိပ်၊ ဘုရားရောဆိုရင် ရဟန္တာ (၆၁)ပါးပေါ့၊ အဲဒါ အကုန်စုဝေးစေလိုက်တယ်။
အဲဒီမှာ မြတ်စွာဘုရား သမာနတ္တတာသင်္ဂ ဟ ကို ပွင့်လင်းမြင်သာ စပြီး ပြုလိုက်ပုံက -
 “မုတ္တာဟံ ဘိက္ခဝေ သဗ္ဗပါသေဟိ ယေစ ဒိဗ္ဗာ ယေစ မာနုသာ၊ တုမှေပိ ဘိက္ခဝေ မုတ္တာ” စသည်ဖြင့်ပေါ့လေ။ မြန်မာလိုပဲပြောပါတော့မယ်။ “ချစ်သားတို့ ငါဘုရားလည်း နတ်လူတို့ရဲ့ ကြော့ကွင်းသဖွယ်ဖြစ်တဲ့ ကိလေသာ ကြော့ကွင်းအားလုံးကလွတ် မြောက်ပြီ၊ သင်ချစ်သားတို့လည်း ဒီကြော့ကွင်းတွေက လွတ်မြောက်ကြပါပြီ”တဲ့။ ဆရာနဲ့ တပည့်ကို အရည်အချင်းအရ ထပ်တူပြုပြီး ပြောဆိုချီးမြှောက် အားပေးလိုက်တယ်။ ဒါဟာ သမာနတ္တတာ ဆိုတဲ့  “ကိုယ်တူကျင့်မှု” သင်္ဂဟတရားပဲ။
    သဗ္ဗညုဘုရားရှင်က တပည့်သာ၀ကနဲ့ထပ်တူပြုဖို့ဆိုတာ ပင်ကိုယ်အရည်အချင်းအရ ကွာချင်တိုင်း ကွာပါတယ်။ ဒါပေမယ့်ကိလေသာ ကုန်ခမ်းမှုနဲ့ ဒကာ၊ဒကာမဟော ပြောနိုင်စွမ်းအရ တူညီတဲ့အချက်ကို ကြည့်ပြီး ကိုယ်နဲ့ ထပ်တူပြု ပြောလိုက်တာပါ။ ဒါက သာသနာ တိုးတက်ကျယ်ပြန့်ရေးအတွက် သိပ်အရေးပါတယ်။ အတုလည်း ယူသင့်တယ်၊ ဘုရားရှင်အပေါ် ပိုလည်း ကြည်ညိုလေးစားဖို့ ကောင်းတဲ့အချက်ပါ။
            ဒီလို ကိုယ်နဲ့ထပ်တူ ချီးမြှောက်ပြီးတော့မှ  “စရထ ဘိက္ခဝေ စာရိကံ = ဒေသစာရီလှည့်လည်ကြ” လို့ တိုက်တွန်းလိုက်တယ်။ ဘာကိစ္စ သွားရမှာလဲ၊ ဘယ်လို ရည်ရွယ်ချက် ထားရမှာလဲဆိုတော့ “ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ”တဲ့။ လူအများရဲ့ အကျိုးစီးပွားဆောင်ဖို့၊ ချမ်းသာသုခရစေဖို့ လောကကို စောင့်ရှောက်ဖို့တဲ့။ 👈
         ဒါ  အခု ယဉ်ကျေးလိမ္မာသင်တန်း ပြကြမယ့် ဆရာတော်လေးများ၊ ဆရာလေးများ အလေးအနက် ခံယူရမယ့် ဘုရားရှင်ရဲ့ အမိန့်တော် ပြန်တမ်းကြီးပဲ၊ ဒီရည်ရွယ်ချက် မှန်ကန်မှ သာသနာပြုခရီးက အောင်မြင်မှာဖြစ်လို့ ဒါကို အလေးအနက်ထားခံယူကြဖို့ အ ရေးကြီးပါတယ်။
        ပြီးတော့ မြတ်စွာဘုရားက “မာ ဧကေနဒွေ အဂမိတ္ထ” တဲ့။ ခရီးတစ်ကြောင်းကို နှစ်ပါးမသွားကြနဲ့ တစ်ပါးတည်းသာ ကြွကြတဲ့။ မဇ္စျိမဒေသကြီးက ကျယ်၀န်းတော့ လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းခိုင်းတဲ့ သဘောလည်းပါတယ်။ ပြီးတော့ လောကသားတို့ဆိုတာ နှိုင်းယှဉ်ရွေးချယ်စရာနှစ်ခု ရှိလာရင် အမြင်က မတူချင်တော့ဘူး၊ တစ်ပါးပါးက တနည်းနည်းနဲ့သာတယ်၊ လျှော့တယ်ဆိုတာမျိုး မြင်လာတတ်တယ်။ ဒါဆို ဟိုတစ်ပါးက ဘာသာတယ်၊ ဘာလျှော့တယ်ဆိုတဲ့ ခွဲခြားကြည်ညိုမှု ဖြစ်လာမယ်၊ အဲဒီတော့ အချင်းချင်း မကျေနပ်စရာတွေလည်း ဖြစ်လာနိုင်တယ်၊အဲ ဒီတုန်းက ရဟန္တာတွေချည်းဖြစ်လို့ ဒီပြဿနာ မဖြစ်နိုင်ဘူး ဆိုလည်း အစဉ်အလာကျရင် ဒီကိစ္စကို သဘောပေါက်ထားသင့်တယ်။ ဒါကို ဘုရားရှင်က အမြော်အမြင် ကြီးကြီးနဲ့ ကြိုတင်စီမံခန့်ခွဲတဲ့ သဘောပဲ။ အခု ဆရာတော်လေးတွေ ဆရာလေးတွေလည်း ဒါကို သဘောပေါက်ရမယ်၊ ဘာသာရပ်ချင်းတူရင် ဘာသာရပ်တစ်ခု တစ်ပါးစီကြွတာ ပိုအဆင်ပြေမယ်၊ ရေရှည်သင့်မြတ်မယ်။
            “တာထွက်ကတည်းက ခလုတ်တိုက်” ဆိုတာလို အချင်းချင်း ငြင်းခုံကွဲပြားနေရင်သူ များကို စည်းရုံးဖို့ မလွယ်ဘူး။ “သမဂ္ဂါနံ တပေါ သုခေါ” ဆိုသလို ညီညွတ်သင့်မြင့်ကျင့် သုံးနိုင်မှ ချမ်းသာကို ဆောင်နိုင်ကြမှာ။ ဒါကြောင့် “မာ ဧကေန ဒွေ အဂမိတ္ထ” လို့ မိန့်တာဖြစ်မယ်။
    ခရီးထွက်ပြီး ဘာလုပ်ရမှာလဲ၊ ဒေသန္တရ ဗဟုသုတရှာဖို့လားဆိုတော့ “ဒေသေထ ဘိက္ခဝေ ဓမ္မံ” တဲ့၊ တရားဟောကြရမှာ လျှောက် လည်နေကြရမှာ မဟုတ်ဘူး။ ဟောတဲ့အခါလည်း သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သဘော။ “မကောင်းမှု ရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကို ထား” တတ်စေရေးတို့ကို ဟောရမှာ။
    ဒီလိုဟောတဲ့အခါမှလည်း “သာတ္ထံ သဗျဉ္ဇနံ” အနက်အဓိပ္ပာယ်လည်း နားလည်အောင် ပြောကြ၊ လိုအပ်တဲ့နေရာမှာဘုရားစကား အကိုးအကားလည်း ခိုင်မာအောင် ထည့်ပြောကြလို့ ဆိုလိုတာပါ။ အာ၀ ဇ္ဇန်း ကောင်းတိုင်းလည်း စည်းလွတ်ဝါးလွတ် ဟေးလားဝါးလားတွေနဲ့ အချိန်မကုန်စေကြနဲ့” လို့ ဆိုလိုတဲ့သဘော ဖြစ်မယ်ထင်ပါတယ်။ စည်းမလွတ်စေကြနဲ့လို့ သတိပေးတာဖြစ်မှာပေါ့။
        ပြီးတော့ အဓိက အရေးအကြီးဆုံးတစ်ခုက  “ကေ၀လပရိပုဏ္ဏံပရိသုဒ္ဓံဗြဟ္မစရိယံ ပကာသေထ” အကျင့်မြတ်ရဲ့ သန့်ရှင်းပြည့်စုံမှုကို ထင်ရှားပြကြတဲ့။ “ဒီအကျင့်ကိုကျင့်သုံးရင်ဒီလို အေးငြိမ်းချမ်းသာမှုကို ရနိုင်တယ်ဆိုတာကို ထင်ရှားပြကြ”ဆိုတာ တရားရရှိပုံကို အများသိနိုင်အောင် ပြကြရမှာ၊ လွယ်တော့မလွယ်ဘူး၊ ခက်လို့လည်း လုပ်ပြကြလို့တိုက်တွန်းရတာပေါ့။
        ကြားဖူးတယ်မို့လား အဲဒီသာသနာပြု ပု ဂ္ဂိုလ်တွေထဲက ရှင်အဿဇိမထေရ်က ရာဇ ဂြိုဟ်မြို့ထဲ ဆွမ်းခံကြွတော်မူတာကိုလက်ျာရံဖြစ်လာမယ့် ဥပတိဿပရိဗိုဇ်ကမြင်လိုက်ရုံနဲ့ “ဒီပုဂ္ဂိုလ်သန္တာမှာ ငါ ရှာနေတဲ့ မသေရာ တရားထူးရှိတယ်”လို့ မမေးဘဲ အကဲခတ်နိုင်တယ်ဆိုတာ။ အဲဒါ ဘာလို့ သိသလည်းဆိုတော့ ကြည်ညိုလေးစား အားထား ယုံကြည်လောက်တဲ့ သွားလာ၊ လှုပ်ရှား၊ ကြည့်ရှုပုံ ဣန္ဒြေများကြောင့်ပဲ။ လူကြည်ညို လေးစားလောက်တဲ့ ဣန္ဒြိယသံဝရသီလကို ပွင့်လင်းမြင်သာအောင် ထင်ရှားပြပြီး သွားကြလို့ မှာလိုတာပါ။
    (ဖုန်း တဟဲလိုလို ကင်မရာတကားကား လုပ်မနေကြနဲ့လို့ ပြောချင်တာထင်ပါရဲ့၊ တပည့်တော်တို့ကိုများ ကြိုမြင်တော်မူနေလားပဲ)
        နောက်ဆုံးမှာကြားပုံလေးကလည်းအရေး ကြီးတာပါပဲ  “သန္တိ သတ္တာ အပ္ပရဇက္ခဇာတိကာ(-)ဘဝိဿန္တိ ဓမ္မဿ အညာတာရော = ကိလေသာ နည်းပါးတဲ့ ဝေနေယျတွေအများကြီးရှိတယ်၊ တရားမှန်ကို မနာရသေးလို့သာ၊ နာကြားရရင် တရားသိမြင်သူတွေ ဖြစ်ကြလိမ့်မယ်”တဲ့။ဒီတရားမျိုးက တို့သာသိတာ၊ သူတို့နဲ့ တန်မှာ မဟုတ်ဘူးလို့များမတူမတန် မဆက်ဆံကြနဲ့၊ လေးလေးစားစား ဆက်ဆံကြ၊ တို့လိုလူတွေ အများကြီးဆိုတာသဘော ပေါက်ကြပါ”လို့ သတိပေးလိုက်တာပါပဲ။
    ဒီပထမသာသနာပြုခရီးရဲ့အောင်မြင်မှုဟာလက်ဝဲရံ လက်ယာရံစုံညီ "ပထမ သာဝ ကသန္နိပါတ" ကြီး ပြုလုပ်နိုင်ခဲ့ပါတယ်။ အဂ္ဂ သာဝက(၁)ဖြစ်လာမယ့် အရှင်သာရိပတ္တရာအလောင်း ဥပတိဿပရဗိုဇ်ကို ပဉ္စဝဂ္ဂီထဲမှာအငယ်ဆုံးဖြစ်တဲ့ ရှင်အဿဇိက စည်းရုံးခဲ့တာပါ။
     ဘုရားရှင်က "သမာနတ္တတာ"နဲ့ကိုယ်တူပြုပြီးပါဝါပြည့်ပေးလိုက်လို့ သာဝကတွေလုပ်ရဲကိုင်ရဲ ဝံ့ဝံ့စားစားရှိပြီး အောင်မြင်မှုတွေအံ့ မခန်းရရှိပုံကို မှန်းဆ အတုယူကြဖို့ပါ။
        ဒီနေ့ တချို့တိုက်တည်ဆရာတော်တွေ လုပ်ပိုင်ခွင့်အာဏာရပုဂ္ဂိုလ်တွေ နေရာတကာ "ငါပါမှပြီး" ချုပ်ကိုင်မှုကြောင့် လက်ထောက်တွေ ကိုယ်စွမ်းကိုယ်စလွတ်လပ်စွာ ထုတ်ပြခွင့်မရကြလို့ တိုးတက်မှုတွေနှေးကွေး၊ လုပ်ငန်းတွေထောင့်မစေ့၊ တချို့ စိတ်ပျက်သူပျက်၊ နှုတ်ထွက်သူထွက်နဲ့ အဖွဲ့အ စည်းတွေ ခန်းနားတဲ့ဆိုင်းဘုတ်ကြီးအောက်မှာ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေတာကိုကြားရ၊ မြင်ရတိုင်း မြတ်ဗုဒ္ဓရဲ့ "သမာနတ္တတာသင်္ဂဟ" ဂုဏ်ကို ကြည်ညို ကြည်နူးမဆုံးပါပဲ။
  • သဗ္ဗညုဘုရားရှင်ကြီးသော်မှ သာသနာ တော်ကြီးတည်တန်ပြန့်ပွားရေးကို တကိုယ်တော်စွမ်းရည်နဲ့ တည်ထောင်ခဲ့တာ မဟုတ်ပါကလား... 
  U Zaww Tika 

No comments