New Artical

ဆရာ့အရည်အသွေး


ဆရာ့အရည်အသွေး

(၁) စိတ်ပါဝင်စားအောင် သင်တတ်ခြင်း

သင်ကြားသည့်လုပ်ငန်းဆိုသည်မှာ စာဖတ်ပြတတ်ရုံဖြင့် ဆရာမဟုတ်ဆိုသည်ကို အနည်းဆုံး သတိပြုနိုင်ရမည်။ ကိုယ်ကသင်သည် ကျောင်းသားက စိတ်မဝင်စားဆိုလျှင် သင်ကြားနေခြင်းမှာ အကျိုးမဲ့စွာဖြင့် လုပ်ဆောင်နေ သည့် လုပ်ရပ်ကြီးတစ်ခု ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ကျောင်းသားတစ်ယောက်ကို မိမိသင်ကြားနေသည့် အပေါ်တွင် အာရုံစူးစိုက်နေရန် အရေးကြီးသည်။ ထိုသို့ သိနိုင်ရန်အတွက် ကျောင်းသား ဘာလိုအပ်သနည်း ဆိုခြင်းကို ဆရာက ဦးဆုံးသိနားလည်ထားရမည်။ ဘယ်လိုသင်မည်နည်း၊ ဘာကြောင့် သင်ရသနည်း၊ ဘယ်သူတွေကို သင်နေသနည်း၊ ဘယ်လောက်သင်ရမည်နည်း၊ ဘယ်တော့သင်ရမည်နည်းဆိုသည့် “ဘ” ငါးလုံးကို နားမလည်သည့် ဆရာတစ်ဦးသည် ကျောင်းသားကို ကောင်းစွာ စိတ်ပါဝင်စားအောင် သင်နိုင်မည် မဟုတ်ပေ။


(၂) ပိုင်းဖြတ်တတ်ခြင်း

ဆရာကောင်းတစ်ယောက်သည် သူ့တပည့်၏ သင်ယူနိုင်စွမ်းကို ကောင်းစွာ ပိုင်းဖြတ်နိုင်သူများဖြစ်သည်။ တပည့်တိုင်း ဉာဏ်ရည်မတူ။ မတူသည့်တပည့်များကို အားလုံး နားလည်စေရန် သင်ကြားနိုင်ခြင်းသည် ပညာဖြစ် သည်။ နိမ့်သူ မြင့်သူ တော်သူ ညံ့သူ အားလုံးတစ်တန်းတည်းထားပြီး ငါသိတာ တတ်တာတွေ လျှောက်ပြောနေ တတ်သူကို ဆရာဟု မခေါ်ပါ။ ဆရာဆိုသည်မှာ ကိုယ့်တပည့်များ နောက်တစ်ဆင့် တက်သွားနိုင်စေရန် ပို့ဆောင် နိုင်သူများ ဖြစ်ရမည်။ မည့်သူ့ကို တွန်း၊ မည်သူ့ကို ပင့်၊ မည်သူ့ကို မြှောက်၊ မည်သူ့ကို တား နောက်ဆုံးတွင် အားလုံးရောက်သွားအောင် ပို့ဆောင်ပေးနိုင်စွမ်းရှိမှသာ ဆရာဖြစ်ပါသည်။


(၃) တီထွင်ဖန်တီးဆန်းသစ်တတ်ခြင်း

ဆရာကောင်းတစ်ယောက်ဖြစ်လိုလျှင် ကိုယ်တိုင်က မျက်စိကိုဖွင့်၊ နားကို စွင့်ထားရုံသာမက ဦးနှောက်ကိုပါ လွှင့်ပေးထားနိုင်ရမည်။ အဟောင်းတွေကို ပိုကောင်းအောင် မည်သို့လုပ်မည်နည်းဆိုသည့် ဆန်းသစ်သည့် အမြင်မရှိဘဲ ဆရာကောင်းတစ်ယောက် မဖြစ်နိုင်ပေ။ ကိုယ်တိုင်လည်းလေ့လာ၊ တပည့်တွေကိုလည်း ဆန်းသစ်စွာ တီထွင်ပြီးသင်၊ လောကကို ပြောင်းလဲပြီး မြင်စေရန် အားထုတ်နိုင်စွမ်းရှိရမည်။ ဖတ်စာပါ ကမ္ဘာကြီးသည် လုံးဝန်းသော ပုံသဏ္ဍာန်ရှိကြောင်း သင်ကြားနေခြင်းမှာ ရိုးနေပါပြီ။ ကျောင်းသားကို အဘယ်ကြောင့် လုံးဝန်း ကြောင်း အမြင်တွေကို အထောက်အထားဖြင့် သက်သေပြခိုင်းနိုင်ရမည်။ ကိုယ်တိုင်က ဖတ်စာထဲကအတိုင်း ဆရာ ဖြစ်လာသည်ဆိုလျှင်လည်း ဆန်းသစ်သည့်အမြင်အတွေးတစ်ခုခုဖြင့် ကလေးများနှင့် ပူးပေါင်းအဖြေထုတ်ရန် လိုနေပြီ။


(၄) စိတ်ကောင်းရှိခြင်း

ဆရာတစ်ယောက်အတွက် အရေးအကြီးဆုံးစိတ်ထားဖြစ်သည်။ စိတ်ကောင်းထားမှ စိတ်ထားကောင်းနိုင်ပါသည်။ ဆရာက အရာရာကို အဆိုးမြင်၊ အဆိုးပြော၊ အဆိုးဝေဖန်နေလျှင် ကိုယ့်တပည့်တွေကလည်း အဆိုးသဘောကို ကောင်းသောစိတ်ထားတစ်ခုဟု ယူဆသွားနိုင်ပါသည်။ ကိုယ်သိထား တတ်ထားသည်များကို ကိုယ့်တပည့်လေး များ သိသွားပါစေဆိုသည့် စိတ်စေတနာက အရေးကြီးသည်။ တာဝန်အရ လုပ်ခြင်းဆိုသည်ထက်၊ စေတနာဖြင့် လုပ်ကိုင်ခြင်းဆိုသည်က တပည့်များကို ပိုပြီးလေးစားချစ်ခင်စေနိုင်ပါသည်။


(၅) ရှင်းရှင်းပြော၊ ပြတ်ပြတ်ပြော

ဆရာ့အသံက ကြည်လင်ပြတ်သားပြီး နားထောင်ရသူများအား စွဲဆောင်မှုရှိနိုင်စေရမည်။ ဆရာကိုယ်တိုင်က ပြောလျှင်လည်း မရှင်းလျှင်၊ မြန်လွန်းနေလျှင် တပည့်များ အာရုံစိုက်ရန် ခက်ခဲစေနိုင်သည်။ အဖြတ်အတောက်၊ အဆွဲအငင်၊ လေယူလေသိမ်း ဆရာကောင်းတစ်ယောက်အတွက် အရမ်းအရေးကြီးသည်။ ကျောင်းသား၏ စိတ်ပါ ဝင်စားမှုသည် ဆရာ့အသံ၊ ဟန်၊ မာန်အပေါ်တွင် များစွာတည်ကြောင်း သိစေချင်ပါသည်။ စကားကို တောရောက် တောင်ရောက် လျှောက်ပြောတတ်လျှင်လည်း ခရီးမရောက်ပါ။ ပြောချင်သည့်အကြောင်းကို ပြတ်သားစွာ မဖြတ် နိုင်ပါကလည်း ကလေးများကို အိပ်ငိုက်သွားစေနိုင်သည်။


(၆) ဦးတည်ချက်ထား

ဆရာက ဘာသင်မည်ကိုလည်း သိထားနိုင်ရမည်ဖြစ်သလို ဘယ်လောက်အတိုင်းအတာအထိ သင်မည်ဆိုခြင်းကို လည်း ဦးတည်လာပြီး သင်ကြားပြသနိုင်ရမည်။ ဆရာတစ်ယောက်သည် သူ့ကန့်သတ်ချက်အတိုင်းအတာ အချိန် အတွင်း လှုပ်ရှားနေရသည်။ ကိုယ့်အတန်းထဲက ကလေးများသည် ဆရာတစ်ယောက်ပြီး တစ်ယောက် ပြောင်း သွားသော်လည်း မပြောင်းလဲစွာဖြင့် ငုတ်တုတ်ကျန်နေသူများဖြစ်သောကြောင့် သူတို့ အာရုံစိုက် စိတ်ဝင်စား နိုင်မည့် အတိုင်းအတာလေးလောက်သာ သင်ရန်ဦးတည်လာခဲ့ရမည်။


(၇) ကိုယ်ချင်းစာစိတ်ထားခြင်း

ကလေးတစ်ယောက်သည် ငါသင်သမျှ စိတ်ဝင်စားရမည်ဟု မသတ်မှတ်သင့်ပါ။ သူတို့၏ သင်ယူနိုင်မှုသည် သူတို့၏ အချိန်အပိုင်းအခြားအလိုက်ဖြစ်ပျက်နေသည့် ခံစားချက်တို့နှင့်လည်း သက်ဆိုင်တတ်ပါသည်။ ထမင်းဆာနေသည့် ကလေးတစ်ယောက်က ကိုယ်ကဘယ်လောက်ကောင်းအောင်သင်သည်ဖြစ်စေ စိတ်ဝင်စားမှု ရှိချင်မှရှိမည်။ သူတို့ ဟိုကြည့် သည်ကြည့် တောကြည့် တောင်ကြည့်လာလျှင် သတိပြုစေချင်သည်။ ကိုယ်သင်တာ များသွားပြီလား၊ နည်းနေသလား၊ သူတို့ ဘာဖြစ်လို့ အာရုံစိုက်နိုင်စွမ်းမရှိသလဲ ကိုယ်ချင်းစာစိတ်ဖြင့်သာ ပိုင်းဖြတ်ပေးနိုင်ပါသည်။


(၈) ပြောင်းလဲပြုပြင်

ကိုယ်က အကောင်းဆုံးပြင်ဆင်ခဲ့သော်လည်း သူတို့တွင် အခက်အခဲများ ရှိနိုင်ပါသည်။ ငါပြင်ခဲ့တဲ့အတိုင်း တာဝန်ကျေ သင်သွားမည်ဆိုလျှင် ဖြစ်နိုင်ပါသည်။ သို့သော် အခြေအနေနှင့် အချိန်အခါအလိုက် ကိုယ်သင်ကြားမှု အနေအထားပုံစံများကို ပြောင်းလဲပြုပြင် သင်ကြားနိုင်သူများဖြစ်ရန်လိုသည်။


(၉) စက်ရုပ်လား ပညာရှင်လား

စာဖတ် စာရွတ်ပြခြင်းသည် ဆရာမှမဟုတ် စက်ရုပ်များလည်း လုပ်နိုင်ပါသည်။ စပိန်နိုင်ငံတွင် ကျူရှင်ဆရာ များကို စက်ရုပ်များဖြင့် တီထွင်နေသည်။ ကျောင်းသားသိချင်သည့် စာများကို စက်ရုပ်ဆရာက ရွတ်ပြနေလိမ့် မည်။ ဆရာဆိုသည်မှာ ပညာရှင်ဖြစ်သည်။ ကလေး၏စိတ်နှင့် ကလေး၏ အနေအထားအလိုက် တန်ဖိုးကို တွက်ဆကာ သင်ကြားနိုင်ရသည်။


(၁၀) ထာဝရကျောင်းသား

ဆရာဆိုသည်မှာ ထာဝရကျောင်းသားတစ်ဦးဖြစ်နေသင့်သည်။ ဘွဲ့ သို့မဟုတ် သင်တန်းတစ်ခုခုက ဆရာ တစ်ဦးကို အဆင့်အနေအထား သတ်မှတ် ပေးလိုက်ခြင်းသာဖြစ်သည်။ ဆရာကို ထာဝရပညာရှင်တစ်ယောက် အနေဖြင့် အသိအမှတ်ပြုလိုက်ခြင်းမဟုတ်ပါ။ ဆရာဆိုသည်မှာ ထာဝရလေ့လာသင်ယူနေသည့် ကျောင်းသား ကြီးများဖြစ်ရန်လိုသည်။ ဘဝထဲမှာ သင်ယူနိုင်သည်၊ စာအုပ်စာပေများ မပြတ်လေ့လာ သင်ယူနိုင်သည်။ တိုးတက်လာသည့်ခေတ်တွင် ခေတ်နှင့် မျက်ခြေမပြတ် ကွန်ပျူတာ အင်တာနက်များထဲတွင်လည်း သင်ယူနိုင်ရမည်။ သင်ယူခြင်းသည် သင်ကြားခြင်းအတွက် အားဆေးများဖြစ်သည်။ ပညာကို ဆက်မရှာလျှင် ခေတ်နောက်ကျကျန်ခဲ့သော ဆရာများဖြစ်သွားပါလိမ့်မည်။



တင်ညွန့်
Qualities of Good Teacher

No comments