New Artical

ဖက်ခွက်စား ရှင်းတမ်း

 

ဖက်ခွက်စား ရှင်းတမ်း

ဘဝရှင်မင်းတုန်းမင်းတရားကြီး၏ ညီတော်အိမ်ရှေ့စံ ကနောင်မင်းသားကြီးတွင် အိမ်ရှေ့မိဘုရား လှိုင်ထိပ်ခေါင်တင်အပြင် ရွှေတိုက်စာရင်းဝင် ကိုယ်လုပ်တော် အပါး ၅၀ကျော်ရှိ၏။ 


 ထိုအထဲ၌  ကျောက်ပန်းတောင်းမြို့သူကြီး ဦးကြာရိုး၏ သမီး ခင်မြင့်လည်း တစ်ပါး အပါအဝင်ဖြစ်၏။ ဦးကြာရိုးမှာနောင်အခါ မြစ်စဥ်ဝန်ဖြစ်လာခဲ့၏။

အိမ်ရှေ့စံဘုရားက ခင်မြင့်ကို ကောက်ယူချိန်၌ ဖခင်ဦးကြာရိုးမှာ ကျောက်ပန်းတောင်းမြို့သူကြီးအဖြစ် အမှု့ထမ်းနေရစဥ် ဖြစ်သောကြောင့် ဆောင်ရသခင်ကြီး ကျောက်ပန်းတောင်းခင်မြင့် ဟူ၍ခေါ်ကြသည်။

ကျောက်ပန်းတောင်းမြို့သူကြီးဦးကြာရိုးတွင် မောင်မောင်ဖြူ နှင့် ခင်မြင့်ဟူ၍ သားသမီးနှစ်ဦးထွန်းကားရာ နှမဖြစ်သူ ခင်မြင့်ကို အိမ်ရှေ့စံ ကနောင်မင်းသားကြီးက ကောက်ယူတော် မူသဖြင့် မောင်မောင်ဖြူမှာအိမ်ရှေ့ မင်း၏ ယောက်ဖတော်လည်း ဖြစ်ပြန်၊ မြစ်စဥ်ဝန်၏ သားလည်း ဖြစ်၍ ကျောက်ပန်းတောင်းနယ် စမ်းစုရွာတွင် တခမ်းတနား နေထိုင်လျှက် တန်ခိုးသြဇာအာဏာလည်း ထက်ခဲ့သည်ဟု ဆိုသည်။

ယင်းစမ်းစုရွာကို ယခုအခါ စမ်းပွင့်ရွာဟု ခေါ်ကြသည်။မောင်မောင်ဖြူ မှာ ခရစ်နှစ် ၁၉၃၁ ခုနှစ် ကွယ်လွန်ခဲ့သည်။

         အိမ်ရှေ့စံ ကနောင်မင်းသားကြီးနှင့် ဆောင်ရ သခင်ကြီးကျောက်ပန်းတောင်းခင်မြင့် တို့မှ သားတော်သမီးတော် ၆ ပါးထွန်းကားခဲ့ပါသည်။

ပထမသမီးတော်ငယ်ကလွန်တစ်ပါး၊မယ်ဖွားစောခေါ် ထိပ်ခေါင်တင်ဖွားစော၊မယ်ဆွေအုံ ခေါ် ထိပ်ခေါင်တင်အုံကြီး၊မောင်ဆွေဝန်းခေါ် ထိပ်တင်ကိုယ်တော်ဆွေဝန်း၊မောင်ဆွေဟန် ခေါ် ထိပ်တင်ကိုယ်တော်ဟန်၊ မောင်ဆွေငြိမ့် ခေါ်ထိပ်တင်ကိုယ်တော်ငြိမ့်တို့ဖြစ်ကြသည်။ 

သားတော်သုံးပါးလုံးသည် သီပေါမင်းနန်းတက်စ မင်းညီ မင်းသားများ အသတ်ခံရစဥ်က ရဟန်းဝတ်နှင့်နေခဲ့ကြပြီးမောင်ဆွေဟန် မှာ ရဟန်းဝတ်နှင့်ပင် ကံကုန်တော်မူပြီး မောင်ဆွေဝန်း နှင့် မောင်ဆွေငြိမ့် တို့မှာ သီပေါမင်းပါတော်မူသောအခါ လူဝတ်လဲကာ ဝန်းသိုစော်ဘွားကြီးနှင့်အတူ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ရင်း ဝန်သိုနယ်တွင် ကံကုန် တော်မူခဲ့ကြသည်။

        တတိယသမီးတော် ထိပ်ခေါင်တင် အုံကြီးတွင်ကျောက်ပန်းတောင်း ထိပ်တင်မကြီးဟူသော သမီးတော်တစ်ပါးသာ ထွန်းကားခဲ့၏။

ထိုသမီးတော် ထိပ်တင်မကြီးကို ပုပ္ပါးဦးဥဂ္ဂါ-ဒေါ်ဒေါ်စိုးတို့၏ သား မောင်မောင်တုတ် ဆိုသူနှင့် လက်ထပ် ထိမ်းမြား ပေးခဲ့သည်။ 

မောင်မောင်တုတ်နှင့် ကျောက်ပန်းတောင်းထိပ်တင်မကြီးတို့မှ သားတော် တင်တင်လွင် နှင့် သမီးတော် တင်တင်မကြီး တို့ကိုဖွားမြင်ခဲ့လေသည်။ ညီမဖြစ်သူ တင်တင်မကြီးက အကို တင်တင်လွင်ကို ကိုကိုကြီးဟု ခေါ်လေ့ရှိရာမှ အများကပါ လိုက်ခေါ်သဖြင့် ဦးကိုကိုကြီးဟု အမည်တွင်သွားလေတော့သည်။

    တင်တင်မကြီးကို စောင်းဦးဘသန်းနှင့် စန္ဒယားအတီးသင်ယူစေခဲ့ရင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ကျွမ်းဝင်ခဲ့လေသည်။ 

ဘုရင့်သမီးတော်နှင့်စောင်းသမား ပုံပြင်လို မေတ္တာဇာတ်လမ်းပမာ အိမ်ရှေ့မင်း၏ မြစ်တော်နှင့် စန္ဒယားဆရာတို့၏ ချစ်ခြင်းမေတ္တာဇာတ်လမ်းဖြစ်ခဲ့လေသည်။

မည်သို့မျှ သဘောတူနိုင်မည်မဟုတ်၍လည်းချစ်သူနှစ်ဦး ထွက်ပြေးကြတော့သည်။ အကိုဖြစ်သူ တင်တင်လွင်ခေါ် ဦးကိုကိုကြီးမှာ ယမ်းပုံမီးကျ ဒေါသထွက်ကာ သေနတ်ကိုင်၍ ​လိုက်လံရှာဖွေခဲ့သည်။ တင်တင်လွင်သည် မွေးချင်းမောင်နှမ နှစ်ဦးတည်းသာရှိရာ နှမတော်လေးကို ချစ်ရှာလွန်းသဖြင့် သူကိုယ်တိုင်အိမ်ထောင်မပြုခဲ့ပေ။

ယခုတော့ ရှက်လွန်း၍ သူ့ကိုယ်သူပင် သတ်သေတော့မည် လုပ်သဖြင့် ဆွေတော်မျိုးတော်ဖြစ်သော်လည်း ညီနောင်ရင်းပမာ ချစ်ခင်သော မင်းတပ်ကိုယ်တော်က တစ်လခန့်အတူနေကာ ထိန်းသိမ်းဖျောင့်ဖျပေးခဲ့ရသည်။ တင်တင်လွင်သည် နောင်တွင် အတွင်းဝန်ဖြစ်လာပြီး ကိုကိုကြီးဟုပင်ခေါ်ကြသည်။ နောင် အတော်ကြာမှ ကိုလိုနီခေတ် နန်းရင်းဝန်ဦးပု၏ သမီး အမာ ခေါ် မြင့်မြင့် နှင့် အိမ်ထောင်ကျခဲ့၏။

       နှမတော်ကို အရပ်သားအနုပညာသမားနှင့်မည်သို့မျှ သဘောမတူနိုင်ပဲ ယမ်းပုံမီးကျဒေါသ မီးတောက်လောင်လျှက်ရှာဖွေနေသော တင်တင်လွင်ခေါ်ကိုကိုကြီးကို တစ်ဘက်မှ ထိမ်းသိမ်းဖြောင့်ဖျရင်း မင်းတပ်ကိုယ်တော်ကြီးက မယ်တော်ဖြစ်သော မင်းတုန်းမင်းကြီးနှင့် ခုနှစ်ရွာစား မိဘုရား၏ သမီးတော် မင်းတပ် ထိပ်ခေါင်တင်ဘုရားအား စောင်းဦးဘသန်း နှင့် တင်တင်မကြီးတ်ို့၏ မဖြောင့်ဖြူးသော အချစ်ခရီးအကြောင်းပြောပြခဲ့သည်။ အကိုတော်တင်တင်လွင်က စောင်းသမား ဖက်ခွက်စား နှင့် ညီမတော်ကို တွေ့ရာသချိုင်း သေနတ်မဆိုင်းပဲ သတ်မည် တကဲကဲ လိုက်လံရှာဖွေနေကြောင်းသားတော်မင်းတပ် ကိုယ်တော်ကြီးကပြောပြသဖြင့် မင်းတပ်ထိပ်ခေါင်တင်ဘုရားက သနားကရုဏာသက်လျှက် ရန်ကုန်မြို့ ရှမ်းလမ်း(ယခုဗဟိုလမ်း)နှင့် ဟုမ်းလမ်း(ယခုပန်းလှိုင်လမ်း) ထောင့် ခြံအမှတ် ၁၅ မင်းတပ်စံအိမ်တော်ကြီးသို့တင်တင်မကြီးတို့ဇနီးမောင်နှံကို ခေါ်ယူကာ စောင့်ရှောက်ထားလေသည်။

မင်းတပ်ထိပ်ခေါင်တင်ဖုရား၏ မြေးတော်နှစ်ပါးကိုလည်း စောင်းဦးဘသန်း ကိုပင် စန္ဒယားအတီး သင်ပေးစေ၏။စာပေ၊ဂီတ၊ဗဟုသုတနှင့် ပြည့်စုံသော မင်းတပ်ထိပ်ခေါင်တင်ဖုရားသည် တစ်နေ့တွင် စောင်းဦးဘသန်းအား ခေါ်တော်မူ၍ 

"စိမ်းစိမ်းညက်ညက်၊မြရည်လိမ်းတဲ့ ယိမ်းနွဲ့ဟန်ချီ၊ 

ရွှေကိန္နရီလို၊ နေခြည် ဘယ်မရောက်၊ နှင်းရည်သောက်သည့်၊ အံ့ဖွယ်ပေါတဲ့ "ငှက်ပျောဖက်"ကို၊ လှပတင့်တယ်၊ ရှု့မငြီး၊ အပြီးလုပ်ရပေသည်။

အလွန်နှစ်သက်တဲ့....." ဟု ရေးသားထားသော ကဗျာဟန်ပါသည့် လက်ရေးစာသားကို ဦးဘသန်းအားအသံထွက်၍ ဖတ်ပြ စေသည်။

 "ဒီစာသားကို ဘယ်လိုသဘောပေါက်သလဲ..? မောင်ဘသန်း"ဟု ထိပ်ခေါင်တင်ဘုရားက မေးတော်မူ၏။  "စိမ်းပေ့၊ညက်ပေ့ဆိုတဲ့ငှက်ပျောဖက်အညွန့်ကလေးများကို ခူးယူပြီး လူ့အသုံးအဆောင် တစ်ခုခု ပြုလုပ်တဲ့အကြောင်း တင်စားဖွဲ့ဆိုထားခြင်း ဖြစ်နိုင်ပါတယ်ဘုရား။

ကျွန်တော်မျိုးတို့ ဘိုးဘွားလက်ထက်ကဘုရားဆွမ်းတော်တင်၊ဆွမ်းလောင်း၊ဘုရားကိုးဆူပွဲများ ကျင်းပပြုလုပ်တဲ့အခါ ငှက်ပျောရွက်များအကြားက လိပ်ပြီး ထွက်လာတဲ့ ငှက်ပျောညွန့်ကို ခူးပြီး ပန်ကန်လုံး ပန်းကန်ပြားသဏ္ဍာန် ခွက်ကလေးများပြုလုပ်ပြီး ဆွမ်းတော်တင်တာတွေ့ဖူးပါတယ်ဘုရား။ သန့်ရှင်း စင်ကြယ်တယ်လို့ ယူဆကြပါတယ်" ဟု လျှောက်တင်၏။

      "မှန်တယ်ကွယ်။ မောင်ဘသန်းတွေးတဲ့အတိုင်းပါပဲ၊ ဒီစာကို ဆက်ဖတ်ရင် အဓိပ္ပါယ်ပိုရှင်းလာပါလိမ့်မယ်။ သို့ပေမယ့် ထားထားဘုရားကပဲ အကြောင်းစုံ ရှင်းပြပါ့မယ်။ ရှေးအခါက တောင်ငူဘုရင် မင်းတရားရွှေထီး(တပင်ရွှေထီး)ဟာ စလင်းမြို့ကို သူရဲကောင်း ရဲမက်ဗိုလ်ပါအပေါင်းနဲ့ ပိတ်ဆို့ ဝန်းရံထားပါသတဲ့။

အဲဒီအခါ ညတစ်ညမှာ စလင်းမြို့တွင်းတစ်နေရာက မြောက်ပြန်လေနှင့်တူ သာယာကြည်နူးဖွယ် ဂီတသံ လွင့်ပျံလာတော့ ဝန်းရံထားတဲ့ တပ်တော်ကနေ မင်းတရားရွှေထီး ကြားတော် မူတယ်။ သဘောကျ နှစ်သက်တဲ့အလျှောက်လည်း ဘာသံလဲ လို့မေးတော်မူတဲ့အခါ မြို့တွင်း ဘုရားပွဲကျင်းပတဲ့ နေရာက တီးနေတဲ့ ပတ်ဆိုင်းသံပါဘုရားလို့ လျှောက်တင်ကြတယ်။

 ဒီတော့မင်းတရားရွှေထီးက ရဲမက်အပေါင်းတို့ နံနက်မိုးသောက်သည်နှင့် မြို့တွင်းကို ထိုးဖောက်သိမ်းယူတဲ့အခါ အဲဒီ ပတ်ဆိုင်းတီးသမားတွေနဲ့အတူ သူတို့ရဲ့ ပစ္စည်းတွေကို အထိအခိုက်မရှိ မပျောက်မပျက်ရအောင် ဂရုပြုပြီး ရှေ့တော်မှောက်အရောက် သွင်းစေ လို့ အမိန့်တော်ချမှတ်ခဲ့သတဲ့။ 

(ယင်းအကြောင်းအရာကို မှန်နန်းရာဇဝင်တော်ကြီး ဒုတိယတွဲ၌ အောက်ပါအတိုင်းဖော်ပြထားပါသည်။)

 "မင်းတရားရွှေထီးလည်း စလင်းဆိပ်သို့ရောက်မူလျှင် စလင်းသို့တက်၍ ရံတော်မူ၏။ထိုအခါ မြို့တွင်းရွှေတန်ဆာ ဘုရားရင်ပြင်တော်တွင် ပတ်ဆိုင်းတင်၍ တီးသည့်အသံကြားလျှင် "အဘယ်အသံနည်း"ဟူ၍ မေးတော် မူသည်ကို

 "ပတ်ဆိုင်းတီးသည့်အသံ"ဟူ၍ လျှောက်လျှင်စလင်းကိုအောင်တော်မူသည့် အခါ သည်ပတ်ဆိုင်းတီးသူ တို့ကို ခြေလက် မလွန်စေနှင့်ဟု မိန့်တော်မူ၏။

(မှန်နန်းဒုတွဲ၊စာ၂၂၁)

 "တောင်ငူတပ်တွေဟာ မိုးလင်းတဲ့အခါ စလင်းမြို့ထဲကို ဝင်ရာက်တိုက်ခိုက်လိုက်တာ သေကြေပျက်ဆီးသူများစွာနဲ့ စလင်းစား စည်သူကျော်ထင် အရေးနိမ့် ကာ သုံ့ပန်းများနှင့်အတူ လက်ရ ဖမ်းဆီးနိုင်ခဲ့တယ်။

မင်းတရားရွှေထီးအမိန့်တော်အတိုင်း ပတ်ဆိုင်းတီးသမားတွေနဲ့ ဆိုင်းဝိုင်းကိုလည်း မပျက်မစီး အထိအခိုက်မရှိ ရှေ့တော်မှောက် သွင်းရသတဲ့။

 အောင်ပွဲရမင်းတရားရွှေထီးဟာ ဝမ်းသာအားရနဲ့ပတ်ဆိုင်သမားတွေကို ညကလို တီးကြလို့ အမိန့်တော် ချမှတ် နားဆင်တော် မူတယ်။ အလွန်ချမ်းသာကြည်နူးစရာပါတကားလို့လည်း မိန့်တော်မူတယ်။ တစ်နေ့တော့ အဲဒီ ပတ်ဆိုင်းသမားတွေနဲ့ ဥယျာဥ်တော် ထွက်တော်မူတဲ့အခါ မောင်မင်းတို့တီးကြ၊အားလုံးလည်း ပျော်စေ၊ပျက်စေ၊ကလက်စေ လို့မိန့်တော်မူတယ် ဆိုရင်ပဲ တီးကြမှုတ်ကြ တော့တာပေါ့။

 လူပျိုတော်သားတွေကလည်း ပျော်မြူးကခုန်ကြသလို ဖက်ရွက်တွေခူးပြီး အစားအသောက်တွေ ထည့်စားးကြသတဲ့။ ရဲမက်တော်သူရဲကောင်းတွေကလည်း ဥယျာဥ်တော်ထဲက ဖက်ရွက်တွေခူးပြီး အစားအသောက်တွေမြိန်ရေရှက်ရည်စားသောက်နေကြတာတွေ့တော့ မင်းတရားရွှေထီးကလည်း ပွဲတော်ဆက်ကိုခေါ်ပြီး ငါ့ကိုဆက်မြဲပွဲတော်အုပ်ရွှေပန်းကန် ရွှေဇွန်းတွေနဲ့ မဆက်ပဲ ဟိုမှာသူတို့အများနည်းတူ ဖက်ရွက်နဲ့သာ ပွဲတော်တည်လိုတယ် လို့မိန့်တော်မူတယ်။ သည်တော့ ပွဲတော်ဆက်ကလည်း စိမ်းပေ့ညက်ပေ့၊ နုပေ့ဆိုတဲ့ ငှက်ပျောရွက်၊ငှက်ပျောညွန့်တွေခူးပြီး ရွှေပန်းကန်၊ရွှေဇွန်းသဏ္ဍာန် အပြီးဖန်တီးလုပ်ဆောင်ရပြီး ဘုရင့်ရှေ့တော်မှောက်ဆက်သကာ မြစိမ်းခွက် နှင့် ပွဲတော် တည်ပါဘုရားလို့ ပွဲတော်ဆက်ရ သတဲ့။  မင်းတရားရွှေထီးဟာ ပတ်ဆိုင်းတီးသမားတွေကို လေးစားချစ်ခင်သည်ကတစ်ကြောင်း၊ သူတို့ကြောင့်သောတအာရုံ စိတ်ချမ်း​သာမှု့ ဖြစ်စေသည်က တစ်ကြောင်းကြောင့် ပွဲတော်တည်အပြီး ပတ်ဆိုင်းသမားတွေကို အခေါ်လွှတ်ကာ ပွဲတော်အုပ်ကျကို ပေးသနားစားသောက်စေခဲ့တယ်။ 

ပွဲတော်အုပ်ကျဆိုတာ ဘုရင့်သားတော်သမီးတော်မြေးတော်တွေကိုသာ ပေးဝေလေ့ရှိတာကြောင့် ပွဲတော်အုပ်ကျကို စားရတဲ့ဂုဏ်နဲ့ အရည်အသွေးက နည်းတာ မဟုတ်ပါကလား။

ဒါတင်မကသေးဘူး ပတ်ဆိုင်းသမားတွေကိုအချိန်နဲ့ တီးခိုင်းပြီး ကိုယ်တော်တိုင် နှစ်သက်စွာ နားထောင်တော်မူကာ မြို့စား၊ရွာစားများအဖြစ်ချီးမြှင့် တော်မူပါတယ်။

       ဒီလို ဘုရင်ကအလွန်အရေးပေး ချီးမြှင့်မြှောက်စားခံရတော့ ပတ်ဆိုင်းသမားတွေကို ဘုရင့်အပါး နန်းတွင်း မင်းကပ်စိုးမြှောင် အပါးတော်မြဲတွေက မကျေနပ်ကြဘူး။ မနာလိုဖြစ်ကြပုံရပြီး သူတို့ကို "ဖက်ခွက်စားတွေ"လို့ ချိုးနှိမ်စောင်းမြောင်းပြောဆိုကြသတဲ့။

" မင်းတပ်ထိပ်ခေါင်တင်ဘုရားသည် အထက်ပါအတိုင်း အမျှင်မပြတ် မိန့်တော်မူရာမှနားလိုက်ပြီးနောက် ဦးဘသန်း ကိုကြားဖြတ်မေးလိုက်ပြန်သည်။ 

"ဘုရင်ကိုယ်တိုင် အဲ့သည်ဖက်ခွက်နဲ့ ပွဲတော်တည်ခဲ့တာ မဟုတ်လား မောင်ဘသန်း"

" မှန်ပါ လူတွေက ဆိုင်းသမားတွေကိုအမြင်ကတ်ပြီး ဒေါမနဿနဲ့ ပြောကြတဲ့ သဘောပါဘုရား။"

        "အေး မောင်ဘသန်းကို ခေါ် ဖတ်ပြခိုင်းပြီး ဆွေးနွေးတဲ့ အကြောင်းက ဒီအကြောင်းပါပဲ။ သဘင်၊ဂီတအနုပညာသည်တွေဟာဖက်ခွက် စားဆိုတဲ့ သဘောအဓိပ္ပါယ်ကို မသိကြဘူး။ သာမန် အရပ်သားတွေအပါအဝင် ဂုဏ်သရေရှိ လူကြီးလူကောင်းတွေလည်း နားမလည်ကြဘူးကွယ့်။ မင်းရဲ့ ယောက်ဖတော်လိုလူမျိုးတွေကအများသားကလား။ ထားထားဘုရားရဲ့ သဘောကိုပြောရရင် ဖက်ခွက်စား ဆိုတဲ့အကြောင်းအရာအဓိပ္ပါယ်ကို အများပြည်သူ သိနားလည်လာအောင် မင်းက သီချင်းရေးစပ်သီကုံး စေလိုတယ်။ ဒါမှ အများသူငှာပါ သဘေ ာပေါက် လာကြလိမ့်မယ်။"ဟု မိန့်တော်မူလေသည်။ 

ထို့ကြောင့် စာပေ၊ဂီတ၊သုတနှင့် ပြည့်စုံသော စေတနာရှင် မင်းတပ်ထိပ်ခေါင်တင်၏ လိုအင်ဆန္ဒကို လေးစားသည့်အလျှောက် အများပြည်သူသိရှိနားလည်မှု့ လွဲနေသောဖက်ခွက်စား ဟူသည့် အဓိပ္ပါယ်အား ရှင်းရှင်းလင်းလင်းသိမြင်သဘောပေါက်ကြစေရန် ရည်ရွယ်ပြီး စောင်းဦးဘသန်းသည် "ဖက်ခွက်စားရှင်းတမ်း"သီချင်းကို ရေးသားကာ သဘင်လောက၊ဆိုင်းဂီတလောက အသီးသီးသို့ ဖြန့်ဝေ ပေးခဲ့ပါတော့သည်။

       စောင်းဦးဘသန်းနှင့် တင်တင်မကြီးတို့မှထိပ်တင်သန်းဆွေ၊ထိပ်တင်သောင်း(ငယ်ကလွန်)ထိပ်တင်မြင့်၊ထိပ်တင်ဝင်း၊ထိပ်တင်သင်း၊ထိပ်တင်စမ်းဟူ၍ သားသမီးခြောက်ယောက်ထွန်း ကားခဲ့ပါသည်။ သားသမီးအချို့မှာ မင်းတပ်ထိပ်ခေါင်တင်၏ အိမ်တော်တွင်ပင် ဖွားမြင်ခဲ့သူများဖြစ်သည်။

ထိုအထဲမှ စောင်းဦးဘသန်း၏ အနုပညာအမွေကိုဆက်ခံခဲ့ကြသော ထိပ်တင်ဝင်းမှာ စန္ဒယားထိပ်တင်ဝင်းဖြစ်လာပြီး ထိပ်တင်သင်းမှာ ကြည်သာ(ပွဲကြိုက်ခင်) ဖြစ်လာခဲ့၏။ သမီး အငယ်ဆုံး ထိပ်တင်စမ်းမှာလည်း ပန်တျာကျောင်းဆင်းဖြစ်ပြီး အနုပညာနယ်ပယ်တွင် ကျင်လည် ထွန်းပေါက် ထင်ရှားခဲ့ကြပါသည်။


စာကိုး။       ဦးသန်းဆွေ(ထားဝယ်)"ကုန်းဘောင်အလွန်ပေါင်းချုပ်" အိမ်ရှေ့ဘုရား၏ အုံသုံးအုံ ဆောင်းပါးမှကောက်နှုတ် ဖော်ပြပါသည်။ ။


ဖက်ခွက်စား
        မင်းညီမင်းသားအိမ်တော်နှင့် ဥယျာဉ်ပျော်ပွဲ ထွက်သောအခါ၌ နောက်တော်က လိုက်ပါအသုံးတော်ခံရသော သဘင်သည်တို့အား မင်းတို့ ပွဲတော်တည်သော ငှက်ပျောရွက် ဖက်စိမ်းကို ပဒုမ္မာကြာပွင့် ကဲ့သို့ထိုးသော ဖက်စိမ်းခွက်ကို မနောလင်ပန်း မနောခွက် ခေါ်သည်။
 ၄င်းခွက်တို့နှင့် မင်းသားပွဲတော် တည်ပြီးသော် "ငါ့ကျွန်များကို ဤဖက်ခွက်နှင့် ကျွေးလိုက်ပါဘိ"ဟု မိန့်တော်မူသည့်အတိုင်း အစေခံတို့က ယူ၍ သဘင်သည်တို့ကို ကျွေးရသည်။
 
         ပွဲတော်ကျ ဖက်ခွက်အတိုင်း စားကြရ၍ ဂုဏ်ရှိသောကြောင့် ဝမ်းမြောက်ကြလေသည်။ ဝန်စုမှူးစုတို့ကလည်း ရံခါရံခါ အကြောင်းအားလျော်စွာ ဖက်ခွက်နှင့် အယဉ် အကျေး ပြု၍ ကျွေးလေ့ရှိပေသည်။ ဤသို ဖက်ခွက်နှင့် စားသုံးကြရသည်ကို အစွဲပြုကာ ဖက်ခွက်စားဟု ခေါ်ကြလေသည်။ ။

(မှော်ဘီဆရာသိန်း၏ မြန်မာဇာတ်ပွဲသဘင်မှ)

No comments