New Artical

“မြတ်စွာဘုရားရှင်၏ ဝဋ်တော်(၁၂)ပါး အကြောင်း”


“မြတ်စွာဘုရားရှင်၏ ဝဋ်တော်(၁၂)ပါး အကြောင်း”

ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသလို ဝဋ်ဆိုတဲ့အရာက ဘယ်လိုပုဂ္ဂိုလ်ကိုမှ မျက်နှာသာမပေးသလို ဘယ်သို့သောပုဂ္ဂိုလ်ကမှာလည်း လွတ်ကင်းကြတယ်ဆိုတာမရှိပါဘူး။ ဦးဇင်းတို့ကိုးကွယ် ဆည်းကပ်နေတဲ့ မြတ်စွာဘုရားသည်ပင်လျှင် ဝဋ်တော်နှင့်မကင်းတဲ့အတွက် ကျန်သော ပုဂ္ဂိုလ်များမှာ ဆိုဖွယ်ရာပင်မရှိပါ။
 အတုမရှိတဲ့ မြတ်စွာဘုရားသည်ပင်လျှင် ဝဋ်တော်နှင့်မကင်းကြောင်းကို မြတ်စွာဘုရား ကိုယ်တိုင် ဟောတော်မူခဲ့တာတွေရှိပါတယ်။ မြတ်စွာဘုရားဖြစ်နေတာတောင်ရှောင်လို့မရခဲ့ပါဘူး။ ခံစားရတာပါပဲ။ ခံစားရတာတောင် တစ်ပါးတည်းမဟုတ် (၁၂)ပါးတောင်ဖြစ်ပါတယ်။ အဲဒီဝဋ်တော်(၁၂)ပါးအကြောင်းကို မသိသေးသောသူများကိုရည်ရွယ်ပြီး ရေးသားလိုက်ခြင်းဖြစ်သလို၊ သိပြီးသူများလည်း သိသည်ထက်သိအောင် အသိပေးလိုခြင်းဖြစ်ပါတယ်။

 မြတ်စွာဘုရားရှင်၏ဝဋ်တော်(၁၂)ပါးကအောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) ပထမဝဋ်တော်

မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘဝက မုနာဠိမည်တဲ့ သေသောက်ကြူး ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဘဝမှာ (သုရဘိ)အမည်တော်ရတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးကို ဤသူကား လူသူလေးပါး ဆိတ်ကွယ်ရာအရပ်၌ ကာမလိုက်စား မွေ့လျော်ပျော်ပါး၍ တရားမရှိ သီလမရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ စွပ်စွဲစကား ပြောမှားတော်မူခဲ့ပါတယ်။ အဲဒီမကောင်းမှု အကုသိုလ်ကံကြောင်း ငရဲမှာ နှစ်ပေါင်းများစွာ ခံရပြီး ယခုမြတ်စွာဘုရား ဖြစ်တော်မူတဲ့အခါ လူသူအများထင်မှားအောင် သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲခြင်းကို ခံရတော်မူပါတယ်။ ဒါက ပထမဝဋ်တော်ဖြစ်ပါတယ်။ ဒါကြောင့် သူတစ်ပါးအား စွပ်စွဲပုတ်ခြင်းကို အထူးရှောင်ကြဉ်ပါလို့ တိုက်တွန်းချင်ပါတယ်။

(၂) ဒုတိယဝဋ်တော်

မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ်တစ်ခုသော ဘဝမှာ သဗ္ဗာဘိဘူ အမည်တော်ရှိသော ပစ္စေကဗုဒ္ဓဘုရားရှင်၏ နန္ဒမည်သော တပည့်သာဝကဖြစ်ခဲ့၍ ထိုသဗ္ဗာဘိဘူ ပစ္စေက ဗုဒ္ဓါ အရှင်မြတ်ကို သီလမရှိသောသူ ယုတ်မာသောသူ ဖြစ်ဘိ၏ဟု စွပ်စွဲစကား ပြောမှားခဲ့ပါတယ်။ အဲဒီအကုသိုလ်ကံကြောင့် ငရဲမှာ အနှစ်တစ်သောင်းကြာအောင်ခံရပြီး လူဖြစ်သောဘဝများစွာတို့မှာလည်း လူသူလေးပါးရဲ့ မဟုတ်မတရား စွပ်စွဲခြင်းကိုခံရသလို၊ ယခုနောက်ဆုံးဘဝ မြတ်စွာဘုရားရှင် ဖြစ်တော်မူတဲ့အခါမှာ လူများအလည်၌ စိဉ္စမာန မိန်းမယုတ်ရဲ့ မဟုတ်မတရား စွပ်စွဲခြင်းကို ခံရတော်မူတယ်ဆိုတာ အားလုံးအသိပါ။ ဒါက ဒုတိယမြောက် ဝဋ်တော်ဖြစ်ပါတယ်။ ဒါကြောင့်သူတစ်ပါးအား ယုတ်မာသောစိတ်ထား၊ မကောင်းတဲ့စိတ်ထားနဲ့ စွပ်စွဲပြောဆိုခြင်းကို ရှောင်ကြဉ်ပါလို့ တိုက်တွန်းပါတယ်။

(၃) တတိယဝဋ်တော်

မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ လူများလေးစားခြင်းကို ခံရတဲ့ ဗေဒင်သုံးရပ်ကို အကုန်တတ်မြောက်တဲ့ ပါမောက္ခဆရာဖြစ်ပြီး တပည့်ငါးရာကို မဟာဝုန်တော်မှာ ဗေဒင်များကို သင်ကြားပို့ချနေစဉ် အဘိညာဏ်တန်ခိုးရှင် ဘီမ မည်သော ရသေ့သူမြတ် ထိုအရပ်ကို ကြွရောက်တော်မူတာကို မြင်တဲ့အခါမှာ (ကြည်ညိုလေးစားရမယ့်အစား) ဤရသေ့ကား ကာမစည်းစိမ်ကို ခံစားသူ ရသေစဉ်းလဲ ဖြစ်သည်ဟု စွပ်စွဲပြီးတပည့်တွေကိုလည်း ပြောကြားပါတယ်။ တပည့်တွေကလည်း အားရဝမ်းသာလက်ခံကြပြီး မြို့ရွာအတွင်း ဆွမ်းခံကြွနေသော ထိုဘီမရှင်ရသေ့ကို ဤရသေ့ကား ကာမစည်းစိမ်ကို ခံစားသူ ရသေ့စဉ်းလဲဖြစ်သည်ဟု အိမ်တိုင်း အိမ်တိုင်းရှိလူများအား ပြောကြားပါတယ်။အဲဒီ အကုသိုလ်ကံ ကြောင့်ပင်လျှင် နောက်ဆုံးဘဝ ဘုရားရှင်လက်ထက် ရောက်တော်မူတဲ့အခါမှာ တပည့်ရဟန်းငါးရာ ဖြစ်လာကြကာ သုန္ဒရီပရဗိုဇ်မ (တိတ္တိတို့သတ်၍) သေရတယ်ဆိုပြီး လူအများရဲ့ စွပ်စွဲခြင်းကိုခံရပါတယ်။ တပည့်မကောင်း ဆရာခေါင်းဆိုသလို တပည့်ရဟန်းငါးရာကို စွပ်စွဲခြင်းသည် မြတ်စွာဘုရားကို စွပ်စွဲခြင်းသာဖြစ်တဲ့အတွက် တတိယဝဋ်လို့ဆိုရမှာပါ။ 
            (မှတ်ချတ်။ သုန္ဒရီပရဗိုဇ်မက မြတ်စွာဘုရားကိုစွပ်စွဲတဲ့ အကုသိုလ်ကံကြောင့် မြေမြိုပြီးသေဆုံးခြင်းသာ ဖြစ်ပါတယ်။) လူအများက ရဟန်းငါးရာကို တတ္တိဟုဆိုပြီးစွပ်စွဲခြင်းကား ရသေ့အရှင်မြတ်ကို ရသေ့စဉ်းလဲ၊ ကာမဂုဏ်ကိုခံစားသူဟု စွပ်စွဲတဲ့အကုသိုလ်ကံကြောင့် ဖြစ်ပါတယ်။

(၄) စတုတ္ထဝဋ်တော်

မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ အဖေတူ အမေကွဲ ဖြစ်သော ညီငယ်အား ဥစ္စာကို လိုချင်တက်မက်သောကြောင့် သတ်ဖြတ်၍ တောင်ချောက်ကြားမှာ ပစ်ချရုံမျှမက ကျောက်တုံးဖြင့် တစ်ဖန်ထပ်ပြီး ဖိညှပ်ကြိတ်ခြေမှုကို ပြုခဲ့ပါတယ်။ အဲဒီအကုသိုလ်ကံကြောင့် မြတ်စွာဘုရား ဖြစ်တော်မူတဲ့ ဘဝကိုရောက်တော့ ရှင်ဒေဝဒတ် ကျောက်မောင်းဆင်ပြီး ပစ်ချသည်ကိုခံရပြီး ခြေမတော်မှာ ကျောက်ချပ်ကျောက်လွှာ စဉ်ထွက်လာကာ သွေးစိမ်းတည်အောင် အထိအခိုက် ခံတော်မူရတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါက စတုတ္ထဝဋ်တော်ဖြစ်ပါတယ်။

(၅) ပဉ္စမဝဋ်တော်

မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ အမြော်အမြင် အဆင်အခြင် နည်းပါး ကစားလေလွင့်နေတဲ့ လူငယ်ဆိုးဖြစ်ပြီး လမ်းခရီးမမှာ မြူးတူးပျော်ပါးကစားနေစဉ် ပစ္စေကဗုဒ္ဓါတစ်ပါး ကိုမြင်ရလျှင် (ကြည်ညိုရမည့်အစား)နှလုံးသွင်းမှားကာ လမ်းခရီးမှာရှိတဲ့ ကျောက်ခဲများကိုကောက်ယူကာ ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ပစ်ခတ်ပါတယ်။ အဲဒီအကုသိုလ်ကြောင့် နောက်ဆုံးဘဝဖြစ်တဲ့ မြတ်စွာဘုရား ဖြစ်တော်မူတဲ့အခါမှာ အရှင်ဒေဝဒတ်က လူသတ်လေးသမားများကို စေလွှတ်ပြီး အသတ်သေအောင် ပြုခြင်းကိုခံရပါတယ်။ ဒါက ပဉ္စမမြောက်ဝဋ်တော်ပါ။

(၆) ဆဋ္ဌမမြောက်ဝဋ်တော်

မြတ်စွာဘုရားရှင် နုစဉ်အခါ တစ်ခုသောဘဝမှာ ဆင်ထိန်းဖြစ်ခဲ့ဖူးပါတယ်။ တစ်နေ့တော့ ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓ အရှင်မြတ်တစ်ပါးကို ဆင်ဖြင့်နင်းသတ်တော့မည်ဟန်ဖြင့် အကြိမ်ကြိမ် ခြောက်လှန့်ခဲ့ပါတယ်။ အဲဒီအကုသိုလ်ကံကြောင့် ရာဇဂြိုလ်ပြည်မှာ အရက်များစွာသောက်ပြီး အကြမ်းစိတ်၊ အရိုင်းစိတ်ပေါက်နေတဲ့ နာဠာဂီရိဆင်ရဲ့ နင်းသတ်ရန် ရှေ့ရှုချဉ်းကပ်လာသည်ကို ခံရတော်မူပါတယ်။ ဒါက ဆဋ္ဌမမြောက်ဝဋ်တော်ပါ။

(၇) သတ္တမမြောက်ဝဋ်တော်

မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ ပြည့်ရှင်မင်းဖြစ်ပြီး မင်းဆိုတော့ မာန်တက်တဲ့ သဘောရှိပါတယ်။ အဲဒါကြောင့် မကောင်းမှုကို မစဉ်းစားဘဲ ယောင်္ကျားတစ်ယောက်ကို ကိုယ်တိုင် လှံဖြင့်ထိုးဆွ သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီအကုသိုလ်ကြောင့် ငရဲမှာ နှစ်ပေါင်းများစွာခံရပြီး မြတ်စွာဘုရား ဖြစ်တော်မူတဲ့ဘဝမှာလည်း အရှင်ဒေဝဒတ် ကျောက်မောင်းဆင်တဲ့အခါ ကျောက်ချပ်ထိပြီး ခြေမတော် သွေးစည်တည်တဲ့အခါ ထိုရောဂါကိုကုစားဖို့ ဆရာဇီဝက ခြေမတော်ကို ဓားဖြင့်ခွဲခြင်းကို ခံရတော်မူပါတယ်။ ဒါက သတ္တမြောက် ဝဋ်တော်ပါ။

(၈) အဋ္ဌမမြောက်ဝဋ်တော်

မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝမှာ တံငါသည်တစ်ယောက်ရဲ့ သားဖြစ်ခဲ့ဖူးပါတယ်။ မိမိရဲ့ဆွေမျိုး ညီအစ်ကို မောင်နှမတွေက ငါးတို့ကိုရက်ရက်စက်စက် သတ်ဖြတ်တာကိုမြင်တော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။ အမှန်က သတ္တဝါလေးတွေ အသတ်ကိုသတ်တာကိုမြင်ရရင် သနားစိတ်ဖြစ်ရမှာပါ။ အဲလိုစိတ်မဖြစ်သည့်အပြင် ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ (ကိုယ်တိုင်သတ်ခြင်းမျိုးမဟုတ်) အကုသိုလ်ကံကြောင့် ဤနောက်ဆုံး မြတ်စွာဘုရားရှင်ဖြစ်တော်မူတဲ့ ဘဝမှာလည်း ဦးခေါင်းတော် ကိုက်ခြင်းဝေဒနာကို မကြာခဏ ခံစားရပါတယ်။ ငါးတို့ကို သတ်ဖြတ်ကြတဲ့ ဆွေးမျိုးတွေကတော့ မြတ်စွာဘုရားရှင်၏ သာဂီဝင်မင်းမျိုးဆွေတော်မျိုးတော်များ ဖြစ်လာကြပြီး ဥပစ္ဆေဒက ကံလို့ခေါ်တယ် ဒါက အဋ္ဌမမြောက်ဝဋ်တော်ဖြစ်ပါတယ်။

(၉) နဝမဝဋ်တော်

မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် ဖုဿမြတ်စွာဘုရားရှင်၏ သာသနာတော်မှာ တပည့်သာဝက ရဟန်းတော်တို့ကို သင်တို့သည် မုယောကိုစားကြလော့၊ သလေးဆွမ်းတို့ကို မစားကြနဲ့လိုဆိုပြီး ရေရွတ်တော် မူခဲ့ပါတယ်။ အဲဒီ မကောင်းတဲ့ကံကြောင့် မြတ်စွာဘုရား ဖြစ်တော်မူတဲ့ဘဝမှာ ဝေရဉ္စာပြည်၊ ဝေရဉ္စာပုဏ္ဏား လျှောက်ထား ပင့်ဖိတ်ချက်အရ ဝါကပ်တော်မူစဉ် ဝါတွင်းသုံးလလုံး မုယောမှုန်ကိုသာ ဘုဉ်းပေးတော် မူခဲ့ရတာပါ။ ဒါက နဝမမြောက် ဝဋ်တော်ဖြစ်ပါတယ်။

(၁၀) ဒသမဝဋ်တော်

မြတ်စွာဘုရားရှင် အလောင်းဖြစ်စဉ်တစ်ခုသော ဘဝမှာ လက်ဝှေ့သမား ဖြစ်တော်မူ၍ အခြားသော လက်ဝှေ့သမား တစ်ဦးကို ခါးကျိုးအောင် ရိုက်ချိုးထိုးသတ်ခဲ့ဖူးပါတယ်။ အဲဒီ အကုသိုလ်ကြောင့် နောက်ဆုံး မြတ်စွာဘုရား ဖြစ်တော်မူတဲ့ဘဝမှာ ခါးတော် ညောင်းညာ ကိုက်ခဲခြင်း ဝေဒနာကို ခံရတော်မူပါတယ်။ ဒါကဒသမမြောက်ဝဋ်တော်ဖြစ်ပါတယ်။

(၁၁) ဧကာဒသမမြောက်ဝဋ်တော်

မြတ်စွာဘုရားရှင် အလောင်းဖြစ်စဉ် တစ်ခုသော ဘဝမှာ ဆေးဆရာဖြစ်ခဲ့ဖူးပါတယ်။ ဆေးဖိုးဝါးခ မပေးလိုသော သူဌေးသားတစ်ယောက်ကို ဝမ်းလားဆေး(ဝမ်းလျောဆေး) ကိုတိုက်ကျွေးခဲ့ပါတယ်။ အဲဒီအကုသိုလ်ကံကြောင့် မြတ်စွာဘုရား ဖြစ်တော်မူတဲ့ နောက်ဆုံးဘဝမှာ ပရိနိဗ္ဗာန် စံတော်မူခါနီး အခါ သွေးလွန်သည့် ရောဂါဝေဒနာကို ခံစားရတော်မူတာပါ။ 
        (မှတ်ချက်။ ။စုန္ဒသတို့သားရဲ့ ဝက်ပျိုသားကိုဘုဉ်းပေးတော်မူလို့ ဝမ်းလျှောခြင်းမဟုတ်ပါဘူး။) ဒါက တစ်ဆယ့်တစ်ပါးမြောက်ဝဋ်တော်ဖြစ်ပါတယ်။

(၁၂) ဒွါဒသမဝဋ်တော်

မြတ်စွာဘုရားရှင် အလောင်းတော်ဖြစ်စဉ် ကဿပ မြတ်စွာဘုရား လက်ထက်တော်မှာ ဇောတိပါလမည်တဲ့ ပုဏ္ဏားလုလင် တစ်ဦးဖြစ်ခဲ့ပါတယ်။ ကဿပမြတ်စွာဘုရားကို ဤဦးပြည်းရဟန်အဖို့ရာ သဗ္ဗညုတ ရွှေဉာဏ်တော် သည် အဘယ်မှာဖြစ်အံ့နည်း။ ထိုသဗ္ဗညုတဉာဏ်တော်သည် အလွန်တရာရခဲသော တရားဖြစ်သည်ဟု နှုတ်ဖြင့် ပြစ်မှားပြောကြားခဲ့ပါတယ်။ အဲဒီအကုသိုလ်ကံကြောင့် နောက်ဆုံး မြတ်စွာဘုရားဖြစ်ဖို့ရန် ဒုက္ကရစရိယာကျင့်တော်မူ တဲ့အခါ ရက်၊လ အနည်းငယ်သာထိုက်သည့် အလျောက်ကျင့်ကြရသော်လည်း ဦးဇင်းတို့မြတ်စွာဘုရားရှင်ဟာ ဝစီဝိပါက်တော်ကြောင့် ခြောက်နှစ်ကြာအောင် ခဲခဲယဉ်းယဉ်း ကျင့်တော်မူခဲ့ရပါတယ်။ ဒါကနောက်ဆုံးဝဋ်တော်ပါ။
 
ထိုဝဋ်တော်(၁၂)ပါးကို မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားတာဖြစ်ပါတယ်။ ခုဒ္ဒက နိကာယ် ထေရာပဒါနပါဠိ(၃၉) အဝဋဖလဝဂ်မှာအကျယ်ဖတ်ရှုနိုင်ပါတယ်။
 

ဒီဝဋ်တော်(၁၂)ပါးကိုလေ့လာကြည့်မည်ဆိုပါက...

ကိုယ်(ကာယကံ)။ နှုတ်(ဝစီကံ) ဒီနှစ်ပါးကြောင့် ဖြစ်ရတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် အများထိခိုက်မယ့်၊ အများဆင်းရဲမယ့် အမှုကိုကိုယ်ဖြင့် သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း မလုပ်ဖို့ မပြောဖို့ အထူးရှောင်ကြဉ်ဖို့ လိုအပ်ပါကြောင်း အသိပေးပါတယ်။ သတ္တဝါလေးများကို မသေမရှင်၊ ခြေချိုးခြင်း၊ မျက်လုံးဖောက်ခြင်း၊ လက်ချိုးစတဲ့ ဝဋ်လိုက်စေတတ်တဲ့အမှုမျိုးရယ်၊ သူတစ်ပါးအားမဟုတ်မမှန် စွပ်စွဲပုတ်ခတ်မျိုးများကို အထူရှောင်ကြဉ် ကြပါလို့ အသိပေးရေးသားလိုက်ရပါသည်။

 
ကိုးကား။ ။မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင် (ပဉ္စမတွဲ) မှ ကောက်နှုတ်ချက်သာဖြစ်ပါသည်။
(ဆရာတော်အရှင်ဒေါက်တာပါရမီ)
အညတရ ဘိက္ခု

No comments