New Artical

ဝမ်းကိုက်ခြင်း အကြောင်းသိကောင်းစရာ


ဝမ်းကိုက်ခြင်း

ဝမ်းကိုက်တယ်ဆိုတာ လူတော်တော်များများ ခံစားဖူးမှာပါ။ ဝမ်းကိုက်တာနဲ့ ဝမ်းလျှောဝမ်းပျက်က မတူပါဘူး။ ဝမ်းကိုက်တာက ရောဂါပိုးကြောင့်ပဲဖြစ်တာပါ။ ရောဂါပိုးလို့ဆိုရာမှာ ဘက်တီးရီး ယားပိုးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ Amoeba လို့ခေါ်တဲ့ ကပ်ပါးကောင်တစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
 
ဝမ်းကိုက်တာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ များပါတယ်။ လူသိများနေတဲ့ E coli အပြင် shigella, salmonella စသဖြင့်လည်း ရှိပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းကိုက်တာကို bacteria dysentry လို့ခေါ်ပါတယ်။
 
ဝမ်းကိုက်ခြင်းကိုဖြစ်စေတဲ့ Amoeba ကတော့ Entamoeba hystolytica ပါ။ သူ့ကြောင့်ဖြစ်ရင်တော့ Amoebic dysentry လို့ခေါ်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တာလား amoeba ကြောင့်ဖြစ်တာလားဆိုတာကတော့ ဝမ်းကိုက်ပြီဆိုရင် ဝမ်းကိုစစ်ဆေးခြင်းကြည့်လို့ရပါတယ်။ ဆေးကုပုံချင်းမတူတတ်ပါဘူး။
 
ဝမ်းကိုက်ပြီဆိုရင် အများစုမှာ ဗိုက်ထဲရစ်နေသလို စုပ်ဆွဲထားသလို နာကျင်တတ်ပါတယ်။ ဗိုက်တစ်ပြင်လုံးနီးပါးမှာ ဖြစ်တာပါ။ အိမ်သာတက်ချင်သလိုခံစားရပြီး တကယ်သွားတဲ့အခါမှာ ဝမ်းအနည်းငယ်ပဲ သွားတတ်ပါတယ်။ ဝမ်းသွားရတာ အားမရသလိုဖြစ်နေတတ်ပါတယ် အကျိအချွဲတွေလည်း ဝမ်းနဲ့အတူရော ပါတတ်ပါတယ်။
 
တစ်ချို့တွေမှာ သွေးစတွေလည်း ဝမ်းနဲ့ အတူရော ပါတတ်ပါတယ်။ ဝမ်းသွားပြီးတဲ့အခါမှာ ဗိုက်နာတာ သက်သာသလလို ရှိပေမယ့် လူတစ်ကိုယ်လုံး နုန်းပြီး ကျန်နေတတ်ပါတယ်။ တစ်ချို့ဝမ်းကိုက်တဲ့သူတွေမှာ အဖျားလည်း ရှိနေတတ်ပါတယ်။ တစ်ချို့သူတွေမှာ ပျို့တာအန်တာပါ တွဲဖြစ်တတ်ပါတယ်။ ဖြစ်စေတဲ့ ဝမ်းကိုက်ပိုးအမျိုးအစားပေါ် မူတည်ပြီး ရောဂါပြင်းတာလည်း ဖြစ်နိုင်တယ်။ အသက်အန္တရာယ်လည်း ဖြစ်သွားတတ်ပါတယ်။
 
ဝမ်းကိုက်ပိုးတိုင်းက အစာလမ်းကြောင်းကနေကူးတာပါ အစာမသန့်တာ လက်မသန့်တာ ရေမသန့်တာ အသုံးအဆောင်ပစ္စည်း မသန့်တာတွေ ကနေဖြစ်ပါတယ်။ အစာမသန့်လို့ ပြောတဲ့နေရာမှာ အစားအစာ ချက်ပြုတ်တာလည်း ပါပါတယ်။ သေချာမကျက်တာတွေ ယင်နားစာတွေကနေလည်း ဖြစ်နိုင်ပါတယ်။
 
လက်မသန့်တာကတော့ အစားအသောက်မကိုင်ခင် လက်ကိုဆပ်ပြာနဲ့သေချာမဆေးဘဲ အလွယ်တကူ စားသောက်တဲ့သူတွေ အိမ်သာတက်ပြီးတိုင်းဖြစ်စေ တစ်ခုခုညစ်ပတ်တာ ကိုင်ပြီးတိုင်းဖြစ်စေ လက်ကို ဆပ်ပြာနဲ့ သေချာမဆေးတဲ့သူတွေမှာ ဖြစ်စေတတ်ပါတယ်။
 
ရေမသန့်တာမျိုးကတော့ ရေတွင်းရေကန်က သေချာသန့်ရှင်းအောင် မလုပ်ထားတာတွေကြောင့် သော်လည်းကောင်း အိမ်သာကရေတွေ ရေတွင်းရေကန်တွေဆီ စီးဆင်းနေတာတွေကြောင့်သော်လည်းကောင်း သောက်ရေကို ရေသန့်လည်းမဟုတ် ကျိုချက်ပြီးသောက်တာလည်းမဟုတ်တာကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။
 
အသုံးအဆောင်ပစ္စည်း မသန့်တာတွေကတော့ အိုးခွက်ပန်းကန်တွေ မသန့်တာပါ။ သီးသန့်ဆေးတာမျိုး မဟုတ်ဘဲ တစ်ပြုံကြီးဇလုံတည်း စုဆေးတာတွေ ဆပ်ပြာသေချာ မတိုက်တာတွေ ဆေးပြီးသား အိုးခွက်ပန်းကန်တွေကို အဖုံးနဲ့ သေချာမသိမ်းထားတာကြောင့် ကြွက် ပိုးဟပ် စတဲ့အကောင်တွေ ဖြတ်ပြေးတာ မျိုးတွေမှာ ဖြစ်တတ်ပါတယ်။ ဝမ်းကိုက်ပိုးကူးစက်ခံရပြီဆိုရင် တစ်ယောက်တည်း ဖြစ်တာထက် အများနဲ့ဖြစ်တာ ပိုများပါတယ်။ ကုသတဲ့အခါမှာလည်း အားလုံးကိုတစ်ပြိုင်တည်းကုသပေးရမှာပါ။
 
ဝမ်းကိုက်ပြီဆိုတာနဲ့ ကိုယ့်ဘာသာ ကျိတ်ကုမနေဘဲ သေချာဆေးခန်းပြဖို့တော့ လိုပါတယ်။ ပိုးသတ်ဆေး တွေသောက်ဖို့ လိုအပ်တဲ့အခါဆေး course ပြည့်ဖို့ ဆေးပတ်လည်အောင် သောက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဝမ်းကိုက်ဝေဒနာခံစားရပြီးဆိုရင် နီးစပ်ရာဆေးခန်းတော့ပြထားဖို့လိုအပ်ပါတယ်။
 
Dr. CST - On Doctor

No comments