New Artical

ကမ္ဘာတည်ပုံ နှင့် ကမ္ဘာပျက်ပုံ

 

"လူတိုင်းသိသင့်သိထိုက်သောကမ္ဘာပျက်ပုံနှင့် ကမ္ဘာတည်ပုံ ကမ္ဘာပျက်ပုံ"


ဖြစ်ဖြစ်သမျှ အရာ၀တ္ထုအစုစုသည် တစ်နေ့ကျလျှင် ဧကန်ပျက်ရမည် အနိစ္စတရားသာဖြစ်သည်။ ထို့ကြောင့် သတ္တဝါတို့တည်နေရာ ဤကမ္ဘာလောကကြီးလည်း ထို အနိစ္စနယ်တွင် ပါ၀င်ရကား ခိုင်မြဲတည်တံ့နိုင်မည်မဟုတ်။ တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရချေမည်။ ကမ္ဘာလောကပျက်ဖို့ရာ အကြောင်းမှာ မီး၊ ရေ၊ လေ အားဖြင့် ၃-မျိုးရှိ၏။

မီးကြောင့်ပျက်စီးရမည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေ ၂-စင်းပေါ်လာ၏။ ရိုးရိုးနေက နေ့အခါထွက်၍ နေသစ်က ညဉ့်အခါ ဆက်လက် တက်လာသဖြင့် ညဉ့်အခါဟု မရှိတော့ပြီ။ ထိုနေအသစ်၏ ပူလောင်မူကြောင့် မြစ်ငယ် ချောင်းငယ်များ၌ ရှိသော ရေတွေ ခြောက်ခန်းရလေတော့ သည်။ ထို့နောက် ၃-စင်းမြောက် နေအသစ်ပေါ် လာပြန်သောအခါ မြစ်ကြီးများ၌ရှိသော ရေတွေခြောက်ခန်း၏။ ၄-စင်းမြောက်နေ
ပေါ်လာပြန်လျှင် ဟိမ၀န္တာအတွင်းရှိ အိုင်ကြီး ၇-အိုင်လည်း ခြောက်ခန်းရတော့သည်။

ထို့နောက် ၅-စင်းမြောက်နေ ပေါ်လာပြန်လျှင် သမုဒ္ဒရာ ရေခြောက်ခန်း၏။ ၆-စင်းမြောက်နေ ထွက်လာသောအချိန်မှာ ကမ္ဘာလောက၌ အစိုးအစေးဟူ၍ လုံး၀မရှိတော့။ ၇-စင်းမြောက်နေ ပေါ်လာသောအခါ ဤကမ္ဘာလောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်းထလျက် ကာလအတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပထမစျာန် ဗြဟ္မာ့ဘုံတိုင်အောင် မီးတောက်မီးလျှံစွဲရကား ဟိမ၀န္တာတောင်၊ မြင့်မိုရ်တောင်၊ စကြ၀ဠာ တောင်ကြီးများ နှင့်တကွ ငွေ ရွှေ ရတနာ နီလာ မြသား အလွန်ကြီးမားသော ဗိမာန်များလည်း မတိမ်းသာမရှောင်သာ လောင်စာချည်း ဖြစ်ကြရလေတော့၏။  မီးလောင်စာမရှိ၍ မီးတောက်မီးလျှံငြိမ်းလျက်  ပြာအမူန့်မဆ မကျန်တော့သည့်အခါကျမှ ကမ္ဘာပျက်ခြင်းကိစ္စ ပြီးတော့သည်။ (ရေဖျက် လေဖျက်ဖို့ အလှည့်ကြုံသည့်အခါ၌လည်း ဆားငန်ရေထိ၍ မြည့်မြည့်ကြေရပုံ၊ လေမုန်တိုင်းကျ၍ မွမွကြေရပုံများကို သိပါလေ။)


ပျက်နေရာအချိန်အခါ
ဤသို့ ကမ္ဘာလောကဓာတ်ကြီး၏ ပျက်စီးနေရ အချိန်အခါသည် "နှစ်ပေါင်းမည်မျှကြာသည်"ဟု မခန့်မှန်းနိုင်လောက်အောင်ပင် ကြာ၏။ ၁၀-နှစ်တမ်းမှ တဖြည်းဖြည်းတက်၍ အသက်အသင်္ချေတမ်းသို့ရောက်၊ ထိုအသင်္ချေတမ်းမှ တဖြည်းဖြည်းဆုတ်၍ ၁၀-နှစ်တမ်းသို့ရောက်၊ ဤ တက်ကပ် ဆုတ်ကပ် တစ်စုံကို အန္တရကပ်(အကြားကပ်) ဟုခေါ်၏။ ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးရာနေရာ အချိန်အခါသည် ထိုအန္တရကပ်ပေါင်း ၆၄-ကပ်မျှကြာသတဲ့။ ထိုကဲ့သို့ ပျက်စီးပြီးနောက် (အိမ်တစ်ဆောင်ကို မီးလောင်ပြီးနောက် အိမ်အသစ်မဆောက်ခင် ပျက်မြဲအတိုင်း တည်နေသကဲ့သို့) ကမ္ဘာအသစ်မတည်ခင် ပျက်မြဲအတိုင်းတည်သော အချိန်လည်း  အန္တရကပ် ၆၄-ကပ်မျှပင် ကြာသတဲ့။


သတ္တဝါတိုင်းဗြဟ္မာ့ပြည်မှာ
ထိုသို့ ကမ္ဘာပျက်နေတုန်းအခါ ပျက်မြဲတိုင်းတည်နေသော အခါ၀ယ် သတ္တဝါတို့လည်း မီးမလောင်သော အထက်ဗြဟ္မာ့ဘုံသို့ ရောက်နေကြ၏။ "ကမ္ဘာပျက်လိမ့်မည်"ဟုအနှစ်တစ်သိန်းလောက်ကပင် နတ်များ ကြွေးကြော်ထား ကြသောကြောင့် ကြားကြားသမျှ သတ္တဝါတွေ ရှေးကလို မမေ့မလျော့နိုင်ကြဘဲ ကုသိုလ်တရား ပွားများ၍ နေကြလေရာ ကမ္ဘာပျက်ခါနီးအခါ၀ယ် အားလုံးပင် ဗြဟ္မာ့ပြည်သို့ရောက်ဖို့ရန် စျာန်ကိုရကြလေသည်။ ထို့ကြောင့် နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူမှတစ်ပါး သတ္တဝါဟူသမျှ တစ်ကမ္ဘာလျှင် တစ်ခါတော့ ဗြဟ္မာ့ပြည်၌ ဖြစ်ကြ၏။ (နိယတမိစ္ဆာ အယူရှိသူတို့ကား ငရဲသက်မစေ့သေးလျှင် မပျက်သောကမ္ဘာသို့ ပြောင်းရွှေ့၍ ငရဲခံကြရသတဲ့။)


ကမ္ဘာတည်ပုံ
ထိုကဲ့သို့ ကမ္ဘာပျက်ပြီးနောက် တည်ချိန်ရောက်သော အခါ၌ ကမ္ဘာပြုမိုးကြီး ရွာသွန်းလာလေသည်။ ရှေးဦးစွာ မိုးဖွဲကလေးကစပြီး တဖြည်းဖြည်း ကြီးမား၍ အိမ်လုံး တောင်လုံးခန့် မိုးပေါက်တွေွကျသဖြင့် ပျက်စီးသော နေရာတွင် ဗြဟ္မာ့ပြည် အထိအောင် ရေအလျဉ်ပြည့်လာ၏။ နှစ်ပေါင်းအတော်ကြာ၍ ထိုရေများ တဖြည်းဖြည်း ခန်းခြောက်လေသော် မီးလောင်သော ဗြဟ္မာ့ဘုံ နတ်ဘုံတို့တည်ရာ အရပ်သို့ရောက်လျှင် ဗြဟ္မာ့ဘုံ နတ်ဘုံများလည်း တည်ပြီးဖြစ်တော့၏။ ထို့နောက် တဖြည်းဖြည်း ရေလျော့လာခဲ့ရာ လူ့ဘုံတည်ရာသို့ ရောက်လာလျှင် ရေအလျဉ် မလျှော့ကျတော့ဘဲ မြင့်မောက်သောနေရာ၌ တောင်ကြီး တောင်ငယ်၊ ချိုင့်ဝှမ်းသောနေရာ၌ မြစ်ကြီးမြစ်ငယ်၊ ညီညွတ်သောနေရာ၌ မြေပြင််ဖြစ်ဖို့ရာ ရေ၏ အထက်ပေါ်မှာ (နွားနို့ မလိုင်တက်သကဲ့သို့) ခပ်ပျစ်ပျစ် ခပ်ခဲခဲဖြစ်ရာမှာ ကာလကြာလျှင် ကျောက်တောင်ကျောက်သား မြေသားတွေ ဖြစ်ကြရလေသည်။

ထိုကဲ့သို့ဖြစ်နေသော မြေသားသည် အထုယူဇနာ  ၂-သိန်း ၄-သောင်း ရှိ၏။ ထိုမြေသားကို ခံနေသောရေကား အလွန်အေးမြ၍ လေပူ နေပူ မတွေ့ရသော ရေခဲပြင်ကြီးဖြစ်နေဖွယ် ရှိ၏။ ရေပြင်ကြီးသည် ယူဇနာပေါင်း ၄-သိန်း ၈-သောင်း ထူရကား ယူဇနာ ၂-သိန်း ၄-သောင်းမျှသာထူသော မြေပြင်ကြီးကို ဆောင်ရွက်ထားဖို့ရန် တာ၀န်ကြီးဖွယ် မရှိတော့ပြီ။ ထိုယူဇနာ ၄-သိန်း ၈-သောင်းထူသော လေပြင်ကြီးက ပင့်မြှောက်၍ ထားသတဲ့။
ထိုလေပြင်၏ အောက်မှလည်း မဆုံးနိုင်သော ဟာလာဟင်းလင်းကြီး ရှိလေသေးသည်။

ဤကဲ့သို့ လေထု ရေထု မြေထုနှင့် လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံ အစုံအလင်ရှိကြသော ကမ္ဘာလောကလည်း ငါတို့နေရာ ဤကမ္ဘာတစ်ခုသာမက ရေတွက်၍ မကုန်မဆုံးနိုင်လောက်အောင် များပြားလေ၏။ ထို့ကြောင့် အနန္တစကြ၀ဠာ (အဆုံးမရှိသောစကြ၀ဠာ) ဟုခေါ်စမှတ်ပြုကြသည်။ ထိုစကြ၀ဠာ အများတွင် ကုဋေတစ်သိန်း လောက်သော စကြ၀ဠာတို့မှာ ပျက်လည်းအတူ ဖြစ်လည်း အတူပင်တည်း။ စကြ၀ဠာ တစ်ခုနှင့်တစ်ခု ကွဲပြားအောင် စကြ၀ဠာ ကျောက်တောင်ကြီးက မဟာရံတံတိုင်း ခတ်သလို ရံပတ်၍နေလေသည်။


လောကန္တရိတ်ငရဲ
စကြာ၀ဠာ ၃-ခုအကြား၌ (လင်ပန်း ၃-ချပ်စပ်နေသလို) အကြားတစ်ခုရှိ၏။ ထိုအကြား၌ နေရောင် လရောင်မထွန်းနိုင်ဘဲ အမြဲမှောင်၍နေ၏။ ထိုအကြားကို "လောကန္တရိက်ငရဲ"ဟုခေါ်၏။ မိဘ သူတော်ကောင်း များကို စော်ကားသူတို့ ပြိတ္တာ အသူရကာယ် ်ဖြစ်လျက် မစားရ မသောက်ရဘဲ ထိုလောကန္တရိက်ငရဲ၌ဖြစ်ကာ သစ်ပင်ကို လင်းနို့များ တွယ်နေသလို စကြ၀ဠာနံရံကို တွယ်ကပ်နေရာမှ တစ်ကောင်နှင့်တစ်ကောင် မှောင်အတွင်း တွေ့ကြသောအခါ အစာမှတ်၍ လှမ်းအဟပ်လိုက်တွင် အောက်ခံရေပြင်ပေါ် သို့ ကျသဖြင့် မွမွကြေရလေသတဲ့။


မြင်းမိုရ်တောင်စသည်
ထိုပြခဲ့သော စကြ၀ဠာ ကမ္ဘာလောကကြီး၏ အလယ်ဗဟို၌ ယူဇနာ တစ်သိန်းခြောက်သောင်း ရှစ်ထောင်မြင့်သော မြင့်မိုရ်တောင် တည်ရှိ၏။ (ထို ၁၆၈၀၀၀ တွင် ရှစ်သောင်း လေးထောင်မှာ သမုဒ္ဒရာတွင်း နစ်မြုပ်နေသောကြောင့် သမုဒ္ဒရာ ရေပြင်မှ အထက်သို့ မြင့်တက်နေသော အထက်ပိုင်းကိုသာ ရေတွက်၍ "ယူဇနာ ရှစ်သောင်း လေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်"ဟုဆိုကြ၏။) ထိုမြင်းမိုရ်တောင်၏ ပတ်၀န်းကျင်၌ "သီဒါ" ခေါ် မြစ်တစ်စင်းက တံတိုင်းခတ်သလို ရံပတ်လျက်နေလေသည်။ ထိုသီဒါ၏ အပြင်ဘက်၌ ယုဂန္ဓိုရ်တောင်တည်ရှိ၏။ အမြင့်မှာ မြင်းမိုရ်တောင်၏ တစ်၀က်သာမြင့်၍ သမုဒ္ဒရာရေအတွင်းသို့လည်း တစ်၀က်မျှ၀င်လေသည်။ ထို ယုဂန္ဓိုရ်တောင်၏  ပြင်ဘက်၌ သီဒါမြစ်ခြား၍ ဤသန္ဓိုရ်တောင် တည်ပြန်၏။ ဤနည်းအတိုင်း မြင်းမိုရ်တောင်ကို သီဒါ ၇-တန်နှင့် တောင်စဉ် ၇-ထပ်တို့ ရံပတ်တည်ရှိကြလေသည်။


ကျွန်းကြီးကျွန်းငယ်
ထိုတောင်များ၏ ပြင်ဘက်၌ သမုဒ္ဒရာရေပြင်ကြီးသည် စကြ၀ဠာတံတိုင်းအထိ တည်ရှိလေ၏။ ထိုရေပြင်၏ အလယ်၌ ကျွန်းကြီး ကျွန်းငယ်အသွယ်သွယ် ပေါ်ထွန်းလျက်ရှိရကား မြင်းမိုရ်တောင် အရှေ့ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို အရှေ့ကျွန်း။ ထို့အတူ တောင်၊ အနောက်၊ မြောက်ဘက်၌ ပေါ်ထွန်းသော ကျွန်းများကို တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်းဟု ခေါ်ဝေါ် ရလေသည်။


နတ်ပြည်ဗြဟ္မာ့ပြည်
မြင့်မိုရ်တောင်၏တစ်၀က် ယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည် တည်ရှိ၏။ ယခု မြင်ရသော နေ လ နက္ခတ်တို့သည် စတုမဟာရာဇ်နတ်ပြည်၀ယ် ပါ၀င်သော ဘုံဗိမာန်များဟု ဗုဒ္ဓဘာသာ ကျမ်းစာများ၌ဆို၏။ မြင်းမိုရ်တောင်ထိပ်နှင့် ညီမျှသောအရပ်၀ယ် " တာ၀တိ ံသာ " နတ်ပြည် တည်ရှိ၏။

သိကြားမင်းစံရာ သုဒဿနုခေါ် နတ်မြို့တော်သည် မြင်းမိုရ်တောင်ထိပ်မှာ တည်ရှိသတဲ့။ ယာမာ၊ တုသတာ၊ နိမ္မာနရတိ၊ ပရမ္မိတ၀သသတ္တိ နတ်ပြည်လေးထပ်ကား မြေကြီးနှင့် လုံး၀မစပ်ပဲ ကောင်းကင်မှာပင် အဆင့်ဆင့်မြင့်ကာ  တည်ရှိကြလေသည်။ ဗြဟ္မာ့ဘုံများလည်း ထို့အတူပင်ဖြစ်လေတော့သည် ။

Credit

No comments