New Artical

စကြာဝဠာဘယ်သူဖန်ဆင်းတာလဲ


 စကြာဝဠာဘယ်သူဖန်ဆင်းတာလဲ

စကြာဝဠာသည် ဘုရားသခင် ဖန်ဆင်းမှုကြောင့် မဟုတ်ပဲ ရူပဗေဒ နိယာမအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံသား ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းက အသစ်ထုတ်ဝေမည့် စာအုပ်တွင် ထုတ်ဖော် ရေးသားလိုက်သည်။

အမေရိကန် ရူပဗေဒ ပညာရှင် Leonard Mlodinow နှင့်အတူ ပူးတွဲရေးသားသည့် “The Grand Design” အမည်ရှိ စာအုပ်တွင် ဟော့ကင်းက စကြာဝဠာကို ဖန်တီးသည့် သီအိုရီသစ်များကို ဖော်ပြထားကြောင်း ကြာသပတေးနေ့ထုတ် တိုင်းမ်သတင်းစာအရ သိရှိရသည် ။

ကမ္ဘာမြေထု၏ ဆွဲငင်အားကဲ့သို့သော နိယာမတစ်ခုအရ စကြာဝဠာသည် တစ်စုံတစ်ရာ မရှိသော အခြေအနေ တစ်ခုမှ မိမိဘာသာ ဖန်တီးယူနိုင်ကြောင်း ၊ ပင်ကို သဘောဆောင်သော ဖန်တီးမှုသည် ဘာမျှမရှိခြင်းထက် ပိုသော တစ်စုံတရာရှိခြင်း၏ အကြောင်းပြချက်ဖြစ်ပြီး ထိုအချက်ကြောင့် စကြာဝဠာနှင့် တကွ ကျွန်ုပ်တို့ တည်ရှိနေရခြင်း ဖြစ်ကြောင်း ဟော့ကင်းက ရေးသားထားသည် ။ စကြာဝဠာ ဖြစ်တည်မှု အတွက် ဘုရားသခင်၏ စတင်ဖန်တီးမှု တစ်စုံတစ်ရာ မလိုအပ်ဟု သူကဆိုသည်

အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဟော့ကင်းသည် တွင်းနက်ကြီးများ (Black holes)၊ စကြဝဠာဗေဒ ၊ ကမ္ဘာမြေ ဆွဲငင်အား ကွမ်တမ်နိယာမ တို့ဖြင့် ထင်ရှားသော သိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်က ထုတ်ဝေသော “A Brief History of Time” စာအုပ်ဖြင့် တကမ္ဘာလုံး အသိအမှတ်ပြုလောက်အောင်
အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည် ။ ခေတ်သစ် ရူပဗေဒ သဘောတရားများ ဖြစ်သော အဲလ်ဘတ်အိုင်စတိုင်း၏ နှိုင်းရ သီအိုရီနှင့် ပရမာဏုမြူများနှင့် ပတ်သက်သော ကွမ်တမ်သီအိုရီ တို့ကို ဆက်စပ်နိုင်ရန်အတွက် ၁၉၇၄ ခုနှစ်မှ စတင် ကြိုးပမ်းခဲ့သည် ။

သူ၏ နောက်ဆုံး သုံးသပ် တင်ပြချက်များသည် ဖန်တီးရှင် နတ်ဘုရားရှိသည်ဟု ယုံကြည်မှုနှင့် ပတ်သက်၍ ယခင်က အမြင်များကို ဆန့်ကျင်နေသည် ။

ရူပဗေဒဆိုင်ရာ နိယာမများအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) တွင် ဘုရားသခင်၏ ကြားဝင်လုပ်ဆောင်မှု ရှိသည်ဟု ယုံကြည်ရန်
မလိုအပ်ကြောင်း ယခင်က ရေးသားခဲ့သည် ။

အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ပြည့်စုံသော သီအိုရီကို ရှာဖွေတွေ့ရှိခဲ့ပါက ၄င်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို နားလည်သင့်သည်ဟူသော လူသားတို့၏ အကြောင်းပြချက်နှင့် ပတ်သက်၍ အဆုံးစွန်သော အောင်မြင်မှု ဖြစ်လိမ့်မည်ဟု “A Brief History” စာအုပ်တွင် ရေးသားခဲ့သည် ။

၁၉၉၂ ခုနှစ်တွင် နေမှတပါး အခြား ကြယ်တစ်ခုကို လှည့်ပတ်နေသော ဂြိုလ်တစ်ခုကို တွေ့ရှိခဲ့ရခြင်းမှာ ရူပဗေဒ ဖခင်ကြီး အိုင်ဆက်နယူတန်၏ စကြာဝဠာသည် ဘုရားသခင်၏ ဖန်တီးမှုမှလွဲ၍ အခြား ပရမ်းပတာ အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဟူသော အမြင်ကို ပြောင်းလဲရန် အကူအညီ
ဖြစ်ခဲ့သည်ဟု သူ၏ နောက်ဆုံး စာအုပ်တွင် ရေးထားသည် ။

နေတစ်စင်းတည်းရှိမှု ၊ နေနှင့်ကမ္ဘာ အကွာအဝေးနှင့် ကမ္ဘာမြေ အလေးချိန် တို့၏ ကံအားလျော်စွာ
ပေါင်းစပ်မူ တို့ဖြင့် ကမ္ဘာမြေသည် လူသားတို့အတွက် အဆင်ပြေသော နေရာတစ်ခုအဖြစ် ရှိနေခြင်းမှာ ဂြိုလ်များနှင့် ပတ်သက်သော အခြေအနေအရ တိုက်ဆိုင်မှုတစ်ခု ဖြစ်ကြောင်း သူက ရေးခဲ့သည်။

ဟော့ကင်းသည် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် နာတာရှည်ရောဂါ ခံစားနေရသူ ဖြစ်ပြီး ကွန်ပြူတာ အကူအညီဖြင့် စကားပြောနေရသူ ဖြစ်သည် ။ သူသည် ထိုရောဂါကို အသက် ၂၀ အရွယ်ကတည်းက ခံစားခဲ့ရသော်လည်း ကမ္ဘာ့သိပ္ပံပညာရပ် နယ်ပယ်တွင် ဦးဆောင်သူအဖြစ် ရပ်တည်နိုင်ခဲ့ကာ “Star Trek” ရုပ်ရှင်ကားနှင့် “Futurama” နှင့် “The Simpsons” ကာတွန်းကားများတွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှ စတင်ကာ နယူတန်ထံမှ လွှဲပြောင်း ရယူခဲ့သော ကင်းဘရစ် တက္ကသိုလ်၏ သင်္ချာပါမောက္ခချုပ် ရာထူးမှ အနားယူခဲ့သည်။

Credit

No comments