New Artical

ကထိန် (ကထိန်ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာ)

 

#ကထိန်
*********
#ကထိန်ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာ





ဗုဒ္ဓဘုရားသည် ဇေတဝန် ကျောင်းတော်မြတ်၌ ကိန်းဝပ် စံမ္ပာယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ်ပါးရှား ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ်လာသည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားသခင်အား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆိုဝါကပ်ရာ သာကေတမြို့မှ ဝါကျွတ်သောအခါ ခြေလျင်ခရီးဖြင့် ကြွလာကြ၏။ ထိုအခါ မိုးကြီး သည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေစိုစွတ် ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို မြတ်စွာဘုရားသခင် မြင်တွေ့ရသောအခါ ထိုခရီးသည်ရဟန်းတို့ကို အကြောင်းပြု၍ ပူရိမ ဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်း ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့သည်။

#ကထိန်ဖြစ်ပေါ်လာပုံ
*********************
ညီနောင်သုံးကျိပ်
****************
ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မိဂဒါဝုန်တောတွင် ဇနီးမယားတို့ဖြင့် ပျော်ပါးနေ၏။ ထိုမင်းသားတို့သည် ကောသလမင်းကြီးနှင့် ဆွေမျိုးတော်စပ်ကြ၏။ ကောသလမင်းကြီး၏ အဖေတူ မအေကွဲတော်စပ်သည့် ညီတော်နောင်တော်များ ဖြစ်ကြသည်။ မင်းသားသုံးဆယ်တို့တွင် တစ်ပါးသော မင်းသားမှာ ဇနီးမယားမရှိသည့်အတွက် ရုပ်ရည်ချောမောပြေပြစ်သော ပြည့်တန်ဆာမ တစ်ဦးကို ငှားရမ်းကာ ပျော်ပါး၏။ ထိုပြည့်တန်ဆာမသည် မင်းသားများ ပျော်ပါးမေ့လျော့နေခိုက် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူထွက်ပြေးလေ၏။ မင်းသားသုံးဆယ်တို့သည်လည်း ပြည့်တန်ဆာမကို တောအတွင်း လိုက်လံရှာဖွေလေသည်။

မင်းသားတို့နှင့် မြတ်စွာဘုရားတွေ့ကြပုံ
*************************************
ထိုအခါကာလသည် မြတ်စွာဘုရားသည် ဗာရာဏသီမြို့၊ မိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူပြီး ဥရုဝေလတောသို့ ကြွတော်မူသည်။ ထို့နောက် တောအုပ်ထဲရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်သည်။ လိုက်လံရှာဖွေနေစဉ် မင်းသားသုံးကျိတ်တို့သည် သစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားရှင်ကို မြင်သွားကာ အနားသို့ ချဉ်းကပ်ပြီး “ အရှင်ဘုရား၊ ဒီအနီးအနားတွင် မိန်းမတစ်ယောက်ကို မတွေ့မိဘူးလားဘုရား ” ဟုမေးသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ မင်းသားတို့၊ ဘာအတွက်ကြောင့် မိန်းမကို လိုက်လံရှာဖွေနေကြသလဲ ” ဟုမေး၏။ ထိုအခါ မင်းသားတို့လည်း ရှာဖွေရခြင်း၏ အကြောင်းစုံကို ပြောလေသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ (၁) ပျောက်သွားတဲ့ မိန်းမကိုရှာခြင်း (၂) မိမိကိုယ်ကို ရှာခြင်း စသည့် ရှာခြင်းနှစ်မျိုးတွင် ဘယ်ဟာက သင်တို့အတွက် ပို၍ မြတ်ပါသလဲ ” မေးလေ၏။ မင်းသားတို့သည် ပါရမီ ရင့်သန်သူများဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကိုရှာခြင်းကသာ မြတ်ကြောင်း ပြောလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား တရားဟောတော်မူလေ၏။ ပထမ အနုပုဗ္ဗီကထာတရား (၄) ပါးကို ဟောတော်မူ၏။ ထို့နောက် သာမုက္ကံသိက တရားဖြစ်သည့် သစ္စာလေးပါးတရားကို ဟောတော်မူ၏။ တရားဆုံးတော်မူသောအခါ မင်းသားတို့တွင် အချို့သည် သောတာပတ္တိမဂ်ဖိုလ်၊ အချို့သည် သကဒါဂါမိမဂ်ဖိုလ် တို့ကို အသီးသီး ရရှိသွားကြ၏။

မင်းသားများ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြပုံ
******************************************
မင်းသားတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရစေရန် ခွင့်ပန်လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် မင်းသားသုံးဆယ်တို့အား ပရိက္ခရာ ရှစ်ဖြာပြည့်စုံစွာဖြင့် မင်းသားတို့အား ရဟန်းဘဝကို ရရှိစေတော်မူ၏။ ထိုရဟန်းတော်တို့သည် ကောသလတိုင်း အနောက်အရပ်ရှိ ပါဝေယျတိုင်းတွင် သီတင်းသုံးတော်မူ၏။ ရဟန်းတော်တို့သည် အရညကင်ဓုတင်၊ ပိဏ္ဍိပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင် ဆောင်ရဟန်းများ ဖြစ်တော်မူ ကြလေသည်။

သာဝတ္ထိမြို့သို့ ခြေလျင်ခရီး
*************************
အခါတပါး၌ ရဟန်းတော် သုံးဆယ်တို့သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားအား ဖူးမြော်ရန် ခြေလျင်ခရီးဖြင့် ကြွချီတော်မူ၏။ ရဟန်းတို့သည် သာဝတ္ထိသို့ရောက်ရန် လိုနေသေးချိန်တွင် ဝါကပ်ရမည့် အချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့သည် နီးကပ်လာ၏။ ထို့ကြောင့် သာဝတ္ထိသို့ အရောက်ဆက်သွားရန် မဖြစ်နိုင်တော့သဖြင့် လမ်းခုလပ်ရှိ သာကေတမြို့တွင် ဝါကပ်တော်မူ၏။ မင်းသားတို့ ဝါကပ်တော်မူရာ သာကေတသည် မြတ်စွာဘုရားသီတင်းသုံးတော်မူနေသည့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာသာ ဝေးတော့၏။ ထိုသို့ အနီးအနားတွင် သီတင်းသုံးရသော်လည်း မြတ်စွာဘုရားကို မဖူးမြော်ရလေခြင်းဟု ရဟန်းတော်တို့သည် တွေးတောကာ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော် မူရလေသည်။

သာဝတ္ထိမြို့သို့ ခရီးဆက်ခြင်း
**************************
ရဟန်းတော်တို့သည် သာကေတမြို့၌ သီတင်းသုံး၍ သီတင်းကျွတ်လပြည့်နေ့တွင် မဟာပဝါရဏနေ့တွင် ပဝါရဏာပြုပြီးလျှင် သာဝတ္ထိသို့ ခရီးဆက်ခဲ့ကြသည်။ ထိုအချိန်သည် မိုးကာလ ဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာ လေးလံလာသည်။ ရဟန်းတော်များသည် ဓုတင်ဆောင် ရဟန်းများဖြစ်သောကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်း စသည်တို့ကို ပခုံးတစ်ဖက်စီမှာလွယ်၍ ဝန်စည် စလွယ်များဖြင့် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲပင် မြတ်စွာဘုရားထံသို့ ခရီးဆက်ခဲ့ကြသည်။

မြတ်စွာဘုရားထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်ကြသည်။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ကျန်းမာကြရဲ့လား၊ မျှတကြရဲ့လား၊ ဝါတွင်း သုံးလပတ်လုံး ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာနဲ့ အငြင်းအခုံမရှိ ချမ်းသာစွာနေထိုင်ကြရဲ့လား၊ ဆွမ်းအတွက် မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား” ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့ကလည်း ကျန်းမာကြောင်း၊ မျှတကြောင်း၊ ချမ်းသာစွာနေထိုင်ခဲ့ကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြကြောင်း ပြောကြားလေသည်။ ထို့နောက် ရဟန်းတို့သည် မိမိတို့ မြတ်စွာဘုရားထံသို့ လာရာတွင် ဖြစ်ပျက်ခဲ့ပုံများကို လျောက်ထားကြလေသည်။ မြတ်စွာဘုရားလည်း ရဟန်းသုံးဆယ်တို့အား အနမတဂ္ဂိယသုတ္တန်တရားတော်ကို ဟောကြားတော်မူလေ၏။ တရားဆုံးသောအခါ ရဟန်းသုံးဆယ်တို့သည် အရဟတ္တမဂ်ဖိုလ်၊ အရဟတ္တဖိုလ် ကိုရရှိတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ပြန်ကြွလေသည်။

ကထိန်ခင်းရန် ခွင့်ပြုခြင်း
***********************
ရဟန်းတော်များ ပြန်ကြွသွားပြီးနောက် မြတ်စွာဘုရားသည် ကထိန်ခင်းခြင်းကို ခွင့်ပြုပြီးဖြစ်မည်ဆိုပါက ဤရဟန်းတော် သုံးဆယ်တို့သည် နှစ်ထပ်သင်္ကန်းကို ထားပစ်ခဲ့ပြီး သင်းပိုင်၊ ဧကသီဟူသော နှစ်ထည်သော သင်္ကန်းဖြင့် လာမည်ဆိုပါက ဤကဲ့သို့ ပင်ပန်းမည်မဟုတ်။ ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည်လည်း ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့သည် ဟုကြံစည်တော် မူလေသည်။ ထို့နောက် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ပုရိမဝါ (ပထမဝါ) သို့ ကပ်တော်မူလျက် ဝါမှ ကျွတ်တော်မူလာကြကုန်သော ရဟန်းတို့ကို ငါဘုရားခွင့်ပြုတော်မူ၏ ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေသည်။ ဤသို့ဖြင့် ကထိန်ခင်းခြင်း ဖြစ်ပေါ်လာသည်။

ဗုဒ္ဓဘာသာဝင်များ ဗဟုသုတရစေရန် သိကောင်းစရာများကို ပြန်လည်မျှဝေသည်။
ကိုဖြိုး (ဧရာမြေ)
၂၅.၁၁.၂၀၂၀
စာကိုး - မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် အရှင်ဝိဇယာ 
            လင်္ကာရ ကထိန်အကြောင်းသိကောင်းစရာ။
Source: wikipedia

No comments