New Artical

ဦးရွှေရိုးနဲ့ဒေါ်မိုးအကဘယ်ကစ

 

ဦးရွှေရိုးနဲ့ဒေါ်မိုးအကဘယ်ကစ

ရှင်ပြုအလှူမင်္ဂလာပွဲများ စီတန်းလှည့်လည်ရာတွင်  အိုးစည်ဒိုးပတ်ဝိုင်းများ ပါဝင်လေ့ရှိပြီး မြူးကြွသွက်လက် သော အိုးစည်ဒိုးပတ် သံများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို မကြာခဏမြင်တွေ့ကြရသည်။ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ မျက်ခုံး၊  မျက်လုံး၊ နှာတံ၊ ပါးစပ် တစ်ပြိုင်နက် လှုပ်ရှား၊ တီးလုံးတီးကွက်များဖြင့် စည်းဝါးတကျ ဟာသလေးတွေနှောပြီး ကပြကြသည်မှာ ဘယ်ခါကြည့်ကြည့် မရိုးနိုင်။

မြန်မာတို့၏ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဂီတ၊ မူပိုင်ကကွက်ဖြစ်သည့် အတွက် မြန်မာ့ယဉ်ကျေးမှု ပြယုဂ်တစ်ခု အဖြစ် ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။ သို့ဖြစ်သောကြောင့် နိုင်ငံတော်အဆင့် ဖျော်ဖြေတင်ဆက်ရသည့် ဧည့်ခံပွဲကြီးများ၊ နိုင်ငံရပ်ခြားသို့ ချစ်ကြည်ရေးအရ  လှည့်လည်ကပြရ သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲများတွင် ထိုအကကို ထည့်သွင်းကပြလေ့ရှိသည်။

ထိုအက ဘယ်ကစ  မြန်မာ့ယဉ်ကျေးမှုအနုပညာကို မြတ်နိုးတန်ဖိုးထားသူများ  သိချင်ကြပေလိမ့်မည်။  ထိုအက ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း  (၉၀)ကျော်ခဲ့ပြီ။ ၁၉၂၀ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် စတင်ပေါ်ပေါက် ခဲ့ရာ ၁၉၂၃ ခုနှစ်တွင် မြန်မာအဆွေဖလင်  (နောင်သော် ဗ-၁ ဖလင်)မှ ဒါရိုက်တာ ဦးညီပု (မောင်ဘဌေး) ရိုက်ကူး ခဲ့သော တောမြိုင်စွန်က လွမ်းအောင်ဖန် အသံတိတ်ရုပ်ရှင်  ဇာတ်ကားတွင် ဦးညီပု၏ ယောက်ဖတော်စပ်သူ ထိုစဉ်က ကာတွန်းအကျော်အမော် ဦးဘကလေးက ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ပြီး ဒေါ်မိုးဆိုသူနှင့် တွဲဖက်ကပြခဲ့သည်။

ထိုဇာတ်ကားတွင် မင်းသားဦးညီပု၊  မင်းသမီးမခင်သစ်၊ ဦးဘကလေးက ဇာတ်ပို့၊ ဇာတ်လမ်းမှာ သတ္တုရှာဖွေရေး သမား လူငယ်တစ်ဦးနှင့် ဥစ္စာစောင့်မလေးတို့၏ ဒဏ္ဍာရီ ဆန်ဆန်အချစ်ဇာတ်လမ်း၊ ရုပ်ပြောင်းရုပ်လွှဲမိတ်ကပ် ပညာများ၊ ကင်မရာလှည့်စား (Camera Trick)များ၊ အထူးပြုလုပ်ချက် (Special Effect) များ ပေါင်းစပ်ပြီး အချစ်၊ အလွမ်းနှင့် ဟာသဇာတ်ကွက်များ ပုံဖော်ရိုက်ကူး ခဲ့ရာ ထိုကာလက အထူးပင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။

မင်းသားဦးညီပုမှာ သတ္တုရှာဖွေရေး သမား မောင်ဘဌေးအဖြစ် သရုပ်ဆောင်ခဲ့ရာ ပီပြင်သည့် အတွက် ဦးညီပုသည် မောင်ဘဌေးအဖြစ် လည်းကောင်း ၊ ဦးဘလေးသည် ဦးရွှေရိုးအဖြစ်  သရုပ်ဆောင်ခဲ့ရာ ပရိသတ် အကြိုက်တွေ့ခဲ့ သည့်အတွက် ဦးဘလေးသည် ဦးရွှေရိုးအဖြစ် လည်းကောင်း အမည်တွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ မင်းသမီး၏ အထိန်းတော်  ဒေါ်မိုးကို ဦးရွှေရိုးက နောက်ပိုးသောအခန်းမှာ ပရိသတ်များကား တဝါးဝါး၊ တဟားဟား၊ ဦးရွှေရိုးက ဒေါ်မိုးကို ရေပြွန်တိုနှင့်  ရေလိုက်ပက်သည့်အခန်းတွင် နန်းတော်ရှေ့ဆရာတင်၏ တေး သီချင်းက ရုပ်ရှင်ပိတ်ကားရှေ့တီးဝိုင်းမှ အားဖြည့်ပံ့ပိုး ပြန်သည့်အတွက် ဦးရွှေရိုးနှင့် ဒေါ်မိုးဇာတ်ဝင်ခန်းမှာ မြူးကြွ သွက်လက်ပြီး ပရိသတ်များ စွဲမက်မဆုံး တပြုံးပြုံး၊ ရုပ်ရှင်ကား ပြီးသွားသော်လည်း ပရိသတ် ပါးစပ်ဖျား တွင် မပြီး၊ အပ်ကြောင်းထပ်မျှ ပြောကြဆိုကြ။

ခေါင်းပေါင်း တလူလူ၊ မျက်ခုံးမွှေးတထူထူ၊ နှုတ်ခမ်း မွှေးတကားကား၊ မာဖလာလည်စည်းပဝါ တဖားဖား၊ တောင်ရှည်ပုဆိုးကွက်ကြားနှင့်  ပုသိမ်ထီးဆောင်း ထားပြီး ထီးကို နောက်ကျွမ်းပစ်သကဲ့သို့ ပတ်လည်လှည့်ကာ ဝေ့ကာ ဝိုက်ကာ နှုတ်ခမ်းမွှေးက တလှုပ်လှုပ်တရွရွ၊ ခန္ဓာကိုယ်ကိုယိမ်းလိုက် နွဲ့လိုက်၊  ရှေ့တိုးနောက်ဆုတ်၊ အဖိုးကြီးတစ်ဦး ကဲ့သို့ ကွတကွတ ထီးကလေး တမမဖြင့်  ကပြသွားပုံများမှာ ကကွက်တစ်မျိုးနှင့်တစ်မျိုး မရိုး၊ အိုးစည်ဒိုးပတ်များနှင့် အညီ စည်းဝါးတကျ ကခုန်သွားကြသည်မှာ ပညာသားပါလှ၏။

တွဲဖက်ကပြသူ ဒေါ်မိုးကလည်း ဦးရွှေရိုးနှင့် အပြိုင် အပေးအယူ အချိတ်အဆက် အတိုင်အဖောက် ညီလှ၏။ အပြောင်/အပြက်ဟုဆိုသော်လည်း ကြုံသလို လှုပ်ခါရမ်းပြီးမရ၊ စည်းဝါးတကျ ဟန်ပန်အမူအယာ ကကြိုးကကွက် ပီပြင်စွာ ရုပ်လုံးကပြရသည်။ သာမန်ကတတ်သူတို့ ထိုအကကို ရုတ်တရက်မကရဲ။ ရဲတင်းဖို့လိုသည်။ လက်ချင်းချိတ်ပြီး ဆွဲမွှေ့ဆွဲပစ်လိုက်သောအခန်း တင်ချင်း ပေါက်ကပြရသော အခန်းတို့မှာ ရဲရဲဝံ့ဝံ့ပီပြင်စွာကပြပါက  အလွန်ကြည့်ကောင်းပြီး အနုပညာရသ မြောက်သော ယဉ်ကျေးမှုကကွက် ဖြစ်လေသည်။

သို့ဖြစ်သောကြောင့် ဦးရွှေရိုးနှင့် ဒေါ်မိုးအက "တောမြိုင်စွန်က လွမ်းအောင် ဖန်" ဇာတ်ကားမှ စသည်ဟု ဆိုပါရစေ။

Credit

No comments