New Artical

အတွေးအခေါ်ပိုင်းမှာ ဦးဆောင်ပြီး မားကတ်တင်းလုပ်တဲ့နည်း (Thought Leadership Marketing)

 


အတွေးအခေါ်အရ ဦးဆောင်သူတွေ (Thought Leaders) ဆိုတာကို မြန်မာပြည်မှာတော့ ဖေ့စ်ဘုတ်ဆယ်လီ ဆိုပြီး သိကြတာများတယ်။ အောက်စဖို့ဒ်အဘိဓာန်ကြီးကတော့ အတွေးအခေါ်အရ ဦးဆောင်မှု (Thought Leadership) ဆိုတာကို “intellectual influence and innovative or pioneering thinking” (ဉာဏ်ပညာပိုင်းဆိုင်ရာ လွှမ်းမိုးမှုနဲ့ စွန့်ဦးတီထွင်အတွေးအခေါ်) ဆိုပြီး အဓိပ္ပာယ်ဖွင့်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း အတွေးအခေါ်ပိုင်းအရ ဦးဆောင်သူလို့ ခေါ်လို့ရတဲ့ ထင်ရှားသူတွေ အပြိုင်းအရိုင်းထွက်ပေါ်လာနေတာကို တွေ့ရပါတယ်။

အဲဒီလို အတွေးအခေါ်ပိုင်း ထိပ်တန်းရောက်သူတွေ ပေါ်လာကြတဲ့အတွက် သူတို့ကို သုံးပြီး ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ ကြော်ငြာကြတာက ရေပန်းစားတဲ့ မားကတ်တင်းဗျူဟာတစ်ရပ် ဖြစ်လာပါတယ်။ ပြီးတော့ အချို့ ကုမ္ပဏီတွေဆိုရင် သူတို့ကိုယ်တိုင်က Thought Leader တွေ ဖြစ်အောင် ကြိုးစားလာကြပါတယ်။ ဒါပေမယ့် တကယ်ဦးဆောင်နိုင်တဲ့ ကုမ္ပဏီက အတော်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ Thought Leader ဖြစ်ဖို့ဆိုတာ တွေးနေကျအတွေးအခေါ်တွေကနေ ဖောက်ထွက်ပြီး တွေးနိုင်ဖို့လိုပါတယ်။ ပစ္စည်းတွေ အသစ်ထုတ်မယ်၊ ရောင်းမယ်၊ မာကတ်တင်းဆင်းမယ်၊ ပိုရောင်းမယ် ဆိုတဲ့ အတွေးအခေါ်လောက်နဲ့ သံသရာလည်နေတဲ့ ကုမ္ပဏီလောက်က Thought Leader ဖြစ်ချင်လို့ မရပါဘူး။

ဒါဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ Thought Leader ဖြစ်ဖို့ ဘာတွေလိုသလဲ။ ဘယ်လိုနည်းစနစ်နဲ့ ကျင့်စဉ်တွေက သင့်ကို Thought Leader ဖြစ်အောင် လုပ်ပေးမှာလဲ။ ဒီဆောင်းပါးက အဖြေရှာမှာ ဖြစ်ပါတယ်။

Thought Leader ဆိုတဲ့ ဝေါဟာရကို ၁၉၉၀ ဝန်းကျင်မှာ စပြီး သုံးစွဲကြတုန်းက သူ့မူလအဓိပ္ပာယ်က အနာဂတ်အကြောင်းကို ကြိုခန့်မှန်းကြသူတွေကို ရည်ညွှန်းပါတယ်။ အခုအချိန်မှာ Thought Leadership (အတွေးအခေါ်ပိုင်းဦးဆောင်မှု) ဆိုတာကို မားကတ်တင်းရှုထောင့်ကနေ အဓိပ္ပာယ်ဖွင့်တာကတော့ သင့်စားသုံးသူ၊ သင်နဲ့ဆက်နွယ်နေသူများနဲ့ အပြန်အလှန်ဆက်သွယ်မှုထူထောင်တဲ့ ဖြစ်စဉ်တစ်ခု အဖြစ်ရယ်၊ သူတို့အတွက် အဖိုးတန်ပြီးအသုံးဝင်မှု(Value)တစ်ခုခုကို ပေးတဲ့ ဖြစ်စဉ်တစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။ ဒီလိုလုပ်ငန်းစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ရာမှာ ကုန်ပစ္စည်း(သို့မဟုတ်)ဝန်ဆောင်မှုတစ်ခုကို ရောင်းချရုံသက်သက် မဟုတ်တော့ပါဘူး။ သင့်အမှတ်တံဆိပ်ဟာ သက်ဆိုင်ရာဈေးကွက်ထဲမှာ ထိပ်တန်းအရည်အသွေး ဖြစ်နေဖို့ လိုပါတယ်။ သင့်ကုန်ပစ္စည်းဟာ သင့်ပြိုင်ဖက်တွေက ထုတ်တဲ့ ပစ္စည်းတွေနဲ့ ကွာခြားနေဖို့ လိုပါတယ်။

သင့်ရဲ့ ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ နယ်ပယ်မှာ သင်ဟာ အများလေးစားခံရတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ဖို့လည်း လိုပါတယ်။ စားသုံးသူကို သင်ပေးတဲ့ အချက်အလက်တွေဟာ ကျကျနန လေ့လာဆန်းစစ်ပြီးမှ တင်ပြထားတာ ဖြစ်ပါစေ။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ မျှဝေတဲ့အခါ လူအများနားလည်လွယ်ပြီး သရုပ်ပေါ်အောင် ရေးသားတတ်ရပါမယ်။ စာဖတ်သူ ငြီးငွေ့သွားမယ့် အရေးအသားမျိုး၊ တင်ပြပုံမျိုး ဖြစ်လို့မရပါဘူး။ တပြိုင်နက်ထဲမှာ စားသုံးသူနဲ့ ကိုက်ညီပြီး အသုံးဝင်တဲ့ အချက်အလက်မျိုးပေးရပါမယ်။ လက်တွေ့လည်း ကျရပါမယ်။

အဲဒါတွေကတော့ စီးပွားရေးလုပ်ငန်းတစ်ရပ်အနေနဲ့ Thought Leadership အရ မားကတ်တင်းဆင်းတဲ့အခါ သတိပြုရမယ့်အချက်တွေဖြစ်ပါတယ်။ သင်ဟာ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ Thought Leadership မားကတ်တင်းလုပ်ပြီး ရပ်တည်မယ် ဆိုရင်တော့ ဆောင်ရန်/ရှောင်ရန် အချက်တွေကို အောက်ပါအတိုင်း တင်ပြလိုက်ပါရစေ။

၁။ လက်တွေ့ပြပါ။ ပြောပြရုံမပြပါနဲ့။ (Show, don’t tell.)

အတွေးအခေါ်ပိုင်းဦးဆောင်မှုရဲ့ အနှစ်သာရကတော့ သင့်ရဲ့ တတ်ကျွမ်းမှုကို ပြသတာပါပဲ။ ဘာတွေတတ်ကျွမ်းတယ်ဆိုတာ ကြွားလုံးထုတ်နေရုံ သက်သက်မဟုတ်ပါဘူး။ သင့်ဆုတံဆိပ်တွေကို ရှိုးကေ့စ်ကြီးထဲ ထည့်ပြီး ပြနေရုံနဲ့မရဘဲ ဆုတွေကို သင်ဘယ်လိုရထားတာလဲဆိုတာကိုပါ ပြသဖို့ လိုအပ်ပါတယ်။ ဥပမာ – သင်က ဖေ့စ်ဘုတ်ကြော်ငြာထည့်နည်းမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်တယ်ဆိုပါစို့။ သင်ဘယ်လောက်သိသလဲဆိုတာတွေ လျှောက်ပြောမနေပါနဲ့တော့။ ဖေ့စ်ဘုတ်ကြော်ငြာနည်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းနည်းလမ်းညွှန်ဆောင်းပါး သုံး၊ လေးပုဒ်ကို ရေးပြပါ။ ဒါမှ စာဖတ်သူတွေအနေနဲ့ သူတို့ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ဆောင်းပါးအပေါ်မှာ စိတ်ဝင်စားလာကြပြီး သင့်ရဲ့ တတ်ကျွမ်းမှုအပေါ်မှာလည်း ယုံကြည်မှုတွေ ရှိလာကြမှာ ဖြစ်ပါတယ်။

၂။ အသုံးဝင်တာတွေပေးပါ။ ကြော်ငြာဝင်ရုံပဲ မလုပ်ပါနဲ့။ (Provide, don’t promote.)

အင်တာနက်သုံးစွဲသူတွေဟာ သုံးစွဲလာတဲ့ သက်တမ်းကြာမြင့်လာကြတာနဲ့အမျှ အွန်လိုင်းက ဝင်လာသမျှကြော်ငြာတွေအပေါ်မှာ သံသယနဲ့ပဲ ရှုမြင်လာကြပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အင်တာနက်သုံးစွဲသူတွေ အမှန်တကယ်အသုံးဝင်မယ့် အချက်အလက်တွေကို မျှဝေနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ သင်ပို့လိုက်တဲ့ အီးမေးလ်တွေ၊ လူမှုကွန်ရက်က ပို့စ်တွေ၊ ဘလော့ဂ်တွေဟာ စိတ်ဝင်စားသူတိုင်းအတွက် အသုံးဝင်တဲ့ အကြောင်းအရာတွေရှိတဲ့ ရတနာသိုက်ကြီးသဖွယ် ဖြစ်နေဖို့လိုပါတယ်။ ဒီလိုဖြစ်နေမှ စာဖတ်သူတွေအနေနဲ့ သင့်ဝက်ဘ်ဆိုက်ကို မကြာခဏလာရောက်ပြီး ဖတ်ရှုလေ့လာချင်စိတ်၊ စာရင်းသွင်း (Subscribe) လုပ်ထားချင်စိတ် ဖြစ်လာမှာ ဖြစ်ပါတယ်။

၃။ ကျွမ်းကျင်ရာကို အထူးပြုပြီး ပြသပါ။ ဟိုစပ်စပ် ဒီစပ်စပ် မရေးပါနဲ့။ (Depth, not breadth.)

သင်ကျွမ်းကျင်တဲ့ ကဏ္ဍထဲက ရှုပ်ထွေးခက်ခဲတဲ့ ကိစ္စရပ်တွေအထိ တူးဆွပြီး ဖော်ထုတ်ပါ။ အတွေးအခေါ်ပိုင်းအရ ဦးဆောင်သူတစ်ယောက် ဖြစ်တယ်ဆိုတာ သင့်သက်ဆိုင်ရာနယ်ပယ်က ကိစ္စရပ်အားလုံးကို သိနေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်ကျွမ်းကျင်ရမယ့် အပိုင်းမှာတော့ လူတွေက လေးလေးစားစားနဲ့ သင့်ဆီက အကြံဉာဏ်တောင်းရလောက်တဲ့အထိ တတ်မြောက်ဖို့ လိုပါတယ်။

အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး အသေးစိတ်ကျကျရေးထားတဲ့ ဘလော့ဂ်တစ်ခုဟာ ယေဘုယျကျတဲ့ ဘလော့ဂ်တစ်ခုထက် ဆယ်ဆလောက် ပို “ပေါက်” သွားနိုင်ပါတယ်။ ဒါ့ကြောင့် သာမန်ဆောင်းပါးတွေအစား ပြဿနာတစ်ခုခုနဲ့ပတ်သက်ပြီး အပြည့်အစုံဖွင့်ဆိုရှင်းလင်းထားတဲ့ ဆောင်းပါးတွေ ထုတ်လုပ်ဖို့ ကြိုးစားပါ။ ဒါမှ သင့်စာမျက်နှာမှာ စာဖတ်သူ များများရောက်လာမှာ ဖြစ်ပြီး အခြားစာမျက်နှာတွေနဲ့ သင်ကွဲပြားသွားမှာ ဖြစ်ပါတယ်။

၄။ ပရိသတ်လိုချင်တာကို သိအောင်စိစစ်သုံးသပ်ပါ။ မှန်းခြေလောက်နဲ့မရေးပါနဲ့။ (Analyze, don’t assume.)

လူတွေ ဘာကိုလိုချင်တယ်ဆိုတာကို သိနေပြီလို့ သင့်ကိုယ်သင် ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမယ့် အမှန်တရားကတော့ သင်ထင်သလို မဟုတ်ပါဘူး။ များသောအားဖြင့် သင်ဟာ သင်စိတ်ဝင်စားရာတွေကို ရေးသားရင်း သင့်စာဖတ်သူတွေကို မျက်ခြေပြတ်သွားတတ်ပါတယ်။ ဒီလိုအဖြစ်မျိုးကို ရှောင်ကြဉ်ပြီး စာဖတ်သူတွေ ဘာကို သိချင်တယ်ဆိုတာ သိအောင်လုပ်ရမှာဖြစ်ပါတယ်။ စာဖတ်သူတွေက သူတို့ သိချင်တဲ့ အချက်အလက်တွေကို လူမှုကွန်ရက်တွေမှာ မှတ်ချက်ဝင်ရေးပြီး တောင်းဆိုတတ်ကြပါတယ်။ ဒါတွေကို မှတ်သားထားပါ။ သူတို့တောင်းဆိုတာကိုလည်း ပြန်ဖြေပေးဖို့ မမေ့ပါနဲ့။ ဘယ်ပို့စ်က သူတို့အတွက် အလုပ်ဖြစ်စေသလဲဆိုတာနဲ့ ဘယ်လိုပို့စ်မျိုးတွေကို ပိုဖတ်ချင်ကြသလဲ ဆိုတာကိုလည်း မေးပါ။ သင်က သင့်စာဖတ်သူအပေါ် တန်ဖိုးထားတယ်ဆိုတာကို အခုလို ပြသတဲ့အခါ နောက်ရေးမယ့် ပို့စ်တွေ၊ ဘလော့ဂ်တွေနဲ့ သင့်ထုတ်ကုန်တွေအတွက် အိုင်ဒီယာတွေ ရရှိလာမှာ ဖြစ်ပါတယ်။

၅။ အပြန်အလှန်ဆက်ဆံပြောဆိုနိုင်ပါစေ။ တစ်ယောက်ထဲကနေ ပြောချင်ရာတွေ ပြောနေတာ မဖြစ်ပါစေနဲ့။ (Open a dialogue, not a monologue.)

သင်ကျွမ်းကျင်တဲ့ကဏ္ဍနယ်ပယ်မှာ သင်တစ်ဦးတည်းသာ ရှိတာမဟုတ်ပါဘူး။ သင့်လိုပဲ လေ့လာဆည်းပူးထားသူ လောကသားတွေ အများကြီးရှိပါသေးတယ်။ သူတို့နဲ့ ဆက်သွယ်ဆွေးနွေးဖလှယ်ဖို့လည်း မမေ့ပါနဲ့။ သင့်စာဖတ်သူအတွက်သာ အသုံးဝင်မယ်ဆိုရင် သင်နဲ့ အပြိုင်လိုဖြစ်နေတဲ့ ကျွမ်းကျင်သူတွေ ရေးထားတဲ့ အကြောင်းအရာတွေကိုလည်း တစ်ဆင့်ပြန်လည် မျှဝေပေးဖို့ မမေ့ပါနဲ့။

သင့်ကဏ္ဍမှာ အခြားလူတွေနဲ့ ချိတ်ဆက်ထားနိုင်စွမ်းကြောင့် အရေးအကြောင်းဆို ပူးပေါင်းဆောင်ရွက်မှု ပြုနိုင်ပါတယ်။ သင့်မှာလည်း ဖော်လိုဝါတွေ တိုးပွားလာပါလိမ့်မယ်။ ဒါ့အပြင် သင့်နယ်ပယ်မှာ သင်ဟာ နောက်ဆုံးပေါ်အကြောင်းခြင်းရာတွေနဲ့ မျက်ခြေမပြတ်သူဖြစ်ကြောင်းကိုလည်း သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်က လေးလေးစားစားနဲ့ လိုက်နာမှတ်သားနေရတဲ့ ပုဂ္ဂိုလ်တွေအကြောင်းကိုပဲ စဉ်းစားကြည့်ပါ။ သူတို့အရည်အချင်းတွေအကြောင်း ကြွားလုံးတွေအမြဲထုတ်နေကြလို့ သင်က လေးစားခဲ့တာတော့ မဖြစ်နိုင်ပါဘူး။ သူတို့ဟာ သူတို့ရဲ့ကျွမ်းကျင်တတ်မြောက်မှုတွေကို အမှန်တကယ် သင်သိအောင်ပြသနိုင်ခဲ့ကြလို့၊ သူတို့ရဲ့ အသိပညာနဲ့ အဖိုးတန်အချက်အလက်တွေကို မျှဝေခဲ့ကြလို့သာ သင် သူတို့ကို လေးစားသွားတာ ဖြစ်ပါတယ်။

ဒါဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ ဦးဆောင်မှုရဲ့နောက်ကွယ်က သဘောတရားကြီးတစ်ခု ပါပဲ။ အတွေးအခေါ်ပိုင်းဦးဆောင်မှုနဲ့ မာကတ်တင်းဆင်းတယ် (Thought Leadership Marketing) ဆိုတာ သင့်ကုန်ပစ္စည်း(သို့မဟုတ်)ဝန်ဆောင်မှုကို ရောင်းချရုံသက်သက်မဟုတ်ပါဘူး။ သင့်ကုမ္ပဏီက အကောင်းဆုံးဖြစ်တယ်ဆိုတာ ကမ္ဘာကို ပြောပြဖို့လည်း မဟုတ်ပါဘူး။ အသုံးဝင်မှုတန်ဖိုးကို မျှဝေတာ ဖြစ်ပြီး သင့်လုပ်ငန်းကို အသုံးဝင်တဲ့အရာတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုအဖြစ် အသွင်ပြောင်းခြင်းဖြစ်ပါတယ်။

ဒီလိုသဘောတရားတွေကို မှန်မှန်ကန်ကန်သာ အသုံးချနိုင်ရင် Thought Leadership Marketing ကြောင့် သင်ဟာ သင့်ဖောက်သည်တွေနဲ့ နီးကပ်မှုရှိတဲ့ ဆက်ဆံရေးကို ထူထောင်နိုင်ပါတယ်။ ဒါ့အပြင် သင်ဟာ သက်ဆိုင်ရာကဏ္ဍမှာ လူတွေယုံကြည်ကိုးစားထိုက်တဲ့ အမှန်တကယ် ကျွမ်းကျင်သူဖြစ်ကြောင်း ပြသနိုင်မှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ယုံကြည်ကိုးစားမှုကို ရရှိတာဟာ လုပ်ငန်းအောင်မြင်မှုကို ရရှိတာနဲ့ အတူတူပါပဲ။ သင့်ကျွမ်းကျင်မှုတွေကို ကြွားနေရုံနဲ့မရဘဲ သင့်ဖောက်သည်ထံ အမှန်တကယ်သက်သေပြဖို့သာ လိုအပ်ပါတယ်။ 

BusyBook

No comments