New Artical

“နိုင်ငံရေးကို ဝါသနာ မပါလို့ ပရဟိတပဲ လုပ်ခဲ့တာ”လို့ အဆိုတော် G ဆို

 


မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးဖြစ်စဉ်အပေါ် မိခင်ဖြစ်သူ ဒေါ်သက်သက်ခိုင်က နိုင်ငံရေး လုပ်နေပေမယ့် အဆိုတော် G က နိုင်ငံရေးကို အစတည်းက ဝါသနာပါခဲ့ရင် နိုင်ငံရေးပဲ လုပ်မှာဖြစ်ပြီး၊ ပရဟိတထဲတောင် ဝင်ခဲ့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“နိုင်ငံရေးအကြောင်း မပြောချင်လို့ကို ဘာမှ မပြောဘဲ နေနေတာ။ ဒါပေမဲ့ ညီမကို ဒီထဲ ဆွဲထည့်နေတဲ့ သူတွေများလာတော့ အခု ဝင်ပြောပါ့မယ်။ ညီမသာ နိုင်ငံရေးကို အစကတည်းက ဝါသနာပါခဲ့ရင် နိုင်ငံရေးကိုပဲ အစကတည်းက လုပ်မှာ။ ပရဟိတထဲတောင် ဝင်ခဲ့မှာ မဟုတ်ပါဘူး”

“နိုင်ငံရေးကို ထူးထူးခြားခြား ဝါသနာ မပါပေမယ့် ပြည်သူတယောက်အနေနဲ့ အခုလို အဖြစ်အပျက်ကြီးကို ဂရုတော့ စိုက်သင့်တယ်လို့ အကုန်လုံးက ထင်မှာပဲ။ မှန်ပါတယ်။ ညီမလည်း ဂရုစိုက်ပါတယ်။ အမေဖြစ်နေလို့ ဘာမှ ဝင်မပြောတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ပရဟိတသမား တယောက်အနေနဲ့ ဝင်မပါသင့်လို့ ကိုယ့်ခံယူချက်ကို ကိုယ့်စိတ်ထဲပဲ ထားတာပါ။ နောက်ဆုံး ထုတ်ပြောရင်တောင် ကိုယ်နဲ့ လူချင်းသိတဲ့သူတွေကိုပဲ ထုတ်ပြောမှာပါ”လို့ G က ပြောပါတယ်။

အဆိုတော် G (ဓာတ်ပုံ – G Vocals’ Facebook)

မိခင်ဖြစ်သူရဲ့ ဘဝဟာလည်း G ရဲ့ဘဝ မဟုတ်သလို သူ့ဘဝဟာလည်း မိခင်ရဲ့ ဘဝ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ညီမ ဘဝသည် အမေ့ဘဝ မဟုတ်သလို၊ အမေ့ဘဝသည်လည်း ညီမဘဝ မဟုတ်ပါဘူး။ ကိုယ် ဝါသနာပါတာကိုပဲ လုပ်ကြတာပါ။ နိုင်ငံရေးထဲ ဝင်မပါချင်ရင်တောင် မတရားမှုကိုတော့ နှုတ်ပိတ်ပြီး မနေသင့်ဘူးလို့ တချို့ကလည်း ပြောမှာပေါ့။ ဒါကတော့ ညီမ မလေ့လာထားတဲ့ ဘာသာရပ်မလို့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ ဆရာဝင် မလုပ်ချင်တာပါ”

“နိုင်ငံရေးမပြောနဲ့ ဘယ်နေရာမှာမဆို မတရားမှုကတော့ ရှိတာပါပဲ။ ညီမ ကိုယ့်ဘာသာ ကိုယ်နေပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေတာတောင် နိုင်ငံရေးထဲ ဆွဲထည့်ပြီးတော့ ဆဲနေကြတာလည်း အရမ်းတော့ မတရားဘူး။ ဒါကလည်း ညီမ ဘာမှ မတတ်နိုင်တဲ့ ကိစ္စပါ။ အဲ့လိုပဲ မတရားမှုတွေ အများစုက ကိုယ်ဘာမှ မတတ်နိုင်တာတွေ များပါတယ်”လို့ G က ပြောပါတယ်။

တမိသားစုလုံးကို မုန်းလည်း ရတယ်လို့ G က ဆိုပြီး၊ ပရဟိတသမားတယောက် အနေနဲ့တော့ လူကို လူလို့ မြင်ရမယ့် တာဝန်ရှိတာကြောင့် ကူညီပေးဖို့ အသင့်ပဲလို့ ဆိုပါတယ်။

အဆိုတော် G (ဓာတ်ပုံ – G Vocals’ Facebook)

“တမိသားစုလုံးကို မုန်းတယ်ဆိုလည်း ရတယ်။ အမေကိုမုန်းပြီး ညီမကို မမုန်းလည်း ရတယ်။ အမေ့ကို မမုန်းလည်း ညီမကို မုန်းလို့ရတယ်။ ပရဟိတသမားတယောက် အနေနဲ့တော့ လူကိုလူလို့ မြင်ရမယ့် တာဝန် ရှိပါတယ်။ ညီမတို့က အသက်အရွယ် မရွေး၊ ကျားမ မရွေး၊ လူမျိုးဘာသာ မရွေး၊ ဝါ နီ စိမ်း ပြာ မရွေး ကူညီဖို့ အဆင်သင့်ပါပဲ”

“ကယ်ဆယ်ရေး ပရဟိတအသင်းတိုင်းကလည်း အထက်ပါ ဖော်ပြထားတဲ့ အရေးတွေနဲ့ မဆက်နွယ်ပါဘူးလို့ ကတိသစ္စာ ဆိုပြီးမှသာ အသင်းလိုင်စင် ကျတာပါ။ အကူညီ လိုအပ်ရင် ညီမတို့ ပရဟိတ အသင်းကို ဆက်သွယ်လို့ ရပါတယ်။ မတရားတာတွေ ကြုံရရင် ပေါက်ကွဲတတ်တာ လူ့သဘာဝပါ။ အဲ့တော့ ညီမရဲ့ ပို့စ်တွေအောက်မှာ ဝင်ဆဲကြပြီး ပေါက်ကွဲလို့ ရပါတယ်”လို့ G က ပြောထားပါတယ်။

No comments