New Artical

စနစ်ကျတဲ့ ပန်းတိုင်ရှိမှ တိုးတက်မည်


လုပ်ငန်းရှင်တဦးအနေနဲ့ လုပ်ငန်းတခု စ မလုပ်ခင်မှာ သင့်အတွက် အရင်ဆုံးလုပ်ရမယ့် အလုပ်တွေထဲမှာ ပန်းတိုင်ချမှတ်တာလည်း တခုအပါအဝင်ဖြစ်ပါတယ်။

“အောင်မြင်ဖို့ လမ်းစဉ်ကို မချမှတ်ခြင်းဟာ ကျရှုံးဖို့ လမ်းစဉ်ကို ချမှတ်နေတာပဲ။” ဆိုတဲ့ ဆိုရိုးစကားတရပ် ရှိပါတယ်။ သင့်အနေနဲ့ သင်တည်ထောင်ထားတဲ့ လုပ်ငန်းကို ‘ဘယ်လောက်အတိုင်းအတာထိ ဖွံ့ဖြိုးလာစေချင်သလဲ၊ ပန်းတိုင်ကိုရောက်ဖို့ ဘာတွေလုပ်ဖို့ လိုအပ်သလဲ၊ ဘယ်အချိန်မှာ စလုပ်မှာလဲ၊ မနက်ဖြန်လား၊ နောက်လလား၊ နောက်နှစ်လား၊ ဘယ်လို ဖွံ့ဖြိုးလာတာကို အောင်မြင်တယ်လို့ သတ်မှတ်မှာလဲ’ စတဲ့ အချက်အလက်တွေကို ကြိုတင်စဉ်းစားထားဖို့၊ လေ့လာသုတေသနလုပ်ထားဖို့ လိုပါတယ်။ အနာဂတ်မျှော်မှန်းချက်မရှိတဲ့ လုပ်ငန်းဟာ ခေါင်းဆောင်မရှိတဲ့ သံစုံတီးဝိုင်းနဲ့ တူသွားပါလိမ့်မယ်။

ဒါကြောင့် လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်ချတဲ့အခါ ပါဝင်ရမယ့် အချက်တွေကို အောက်ပါအတိုင်း မျှဝေပေးပါရစေ။

Mission and values

သင့်လုပ်ငန်း ခုလို တည်ရှိနေရတဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုနှုန်းစံကျင့်ဝတ်တွေ (ethical values) နဲ့ စီးပွားရေး လုပ်မှာလည်းဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်အောင် ဖော်ပြပါ။ သင့်လုပ်ငန်းက ကြော်ငြာဝန်ဆောင်မှုဆိုပါတော့။ Mission ရေးမယ်ဆိုရင် ဥပမာအားဖြင့် – “ဖောက်သည်များများရအောင် လုပ်ပေးပြီး အလုပ်အပ်တဲ့ကုမ္ပဏီရဲ့ အကျိုးအမြတ်တိုးပွားအောင် ဆောင်ရွက်ပေးရန်” ဆိုတာမျိုး ရေးလို့ရပါတယ်။ သင်ဘယ်လိုကျင့်ဝတ်စံနှုန်းနဲ့ အလုပ်လုပ်မလဲဆိုတာကတော့ – “သမာသမတ်ကျကျ၊ ရိုးရိုးသားသားနဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် အလုပ်လုပ်ရန်” ဆိုတာမျိုးရေးနိုင်ပါတယ်။” ဒီ Mission နဲ့ values ဖော်ပြချက်ဟာ လုပ်ငန်းတရပ် အဖြစ် ရပ်တည်တဲ့အခါ ဘာကိုလုပ်ရမယ်ဆိုတာနဲ့ သင့်ဝန်ထမ်းတွေ ဘယ်လိုပြုမူကျင့်ကြံရမယ်ဆိုတာကို တိတိကျကျသတ်မှတ်ပေးတဲ့ စာသားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေ ဘာကိုတကယ်လုပ်ရမယ်ဆိုတာကိုတော့ ရှင်းလင်းဖော်ပြခြင်း မပြုသေးပါဘူး။

Vision

သင့်လုပ်ငန်းဟာ အနာဂတ်မှာ ဘယ်လိုဘယ်ပုံဖြစ်လာစေချင်သလဲဆိုတာကို ဖော်ပြတဲ့ မျှော်မှန်းချက်ကတော့ Vision လို့ ခေါ်ပါတယ်။ လုပ်ငန်းဦးစီးဦးဆောင်လုပ်နေသူရော၊ ဝန်ထမ်းတွေပါ ရှေ့ရှုမျှော်မှန်းပြီး အင်တိုက်အားတိုက် ကြိုးစားအရောက်သွားနိုင်ကြဖို့ လှုံ့ဆော်ပေးနိုင်တဲ့ အနာဂတ်မျှော်မှန်းချက်ပုံရိပ်တစ်ခုပဲ ဆိုပါတော့။ Vision ကောင်းတစ်ရပ်မှာ အောက်ပါအင်္ဂါရပ်တွေ ပါဝင်ပါတယ်

  • အနာဂတ်မှာ မြင်ချင်တဲ့ ပုံရိပ်ဖြစ်ရပါမယ်။ ဒါပေမယ့် လက်တွေ့လည်း ကျရမယ်။
  • ကိုယ့်လုပ်ငန်းက စားသုံးသူပေးရတာနဲ့တန်အောင်ပြန်ပေးနိုင်မယ့် အကျိုးကျေးဇူး (value) တစ်ရပ်ကို ပုံဖော်ပေးတယ်။
  • လူစိတ်ဝင်စားလောက်တဲ့ ထူးခြားပေါ်လွင်မှုရှိတယ်။
  • စိတ်အားတက်ကြွမှုကို ပေးနိုင်တယ်။
  • စိတ်ချယုံကြည်ရပြီး စိတ်ထဲမှာ စွဲဝင်သွားစေမယ့် စာသားမျိုး ဖြစ်တယ်။
  • တိုတိုရှင်းရှင်းဖြစ်ပြီး ထပ်ရှင်းပြစရာ ဘာမှမလိုဘူး။
  • မြင့်မြင့်မားမားမျှော်မှန်းတယ်။ ဒါပေမယ့် လက်တွေ့ကျတယ်။
  • လုပ်ငန်းပြိုင်ဘက်တွေနဲ့ သိသိသာသာကွဲပြားမှုရှိတယ်။

Strategic statements

လုပ်ငန်းဗျူဟာ ဖော်ပြချက် ဖြစ်ပါတယ်။ သင့်လုပ်ငန်းက ငွေကြေးပိုင်းနဲ့ တိုးတက်မှုပိုင်းအရ ဘယ်အခြေအနေကို ရရှိဖို့ ကြိုးစားနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ သင်ထုတ်လုပ်နေတဲ့ အရာ၊ သင်ပေးနေတဲ့ ဝန်ဆောင်မှုတွေက ဘာတွေလဲ ဆိုတာ ပြည့်ပြည့်စုံစုံ ဖော်ပြရပါမယ်။ သင့်ပြိုင်ဘက်တွေနဲ့ယှဉ်ရင် ပိုမိုထူးခြားကောင်းမွန်အောင် သင်ဘယ်လိုလုပ်ပေးနိုင်သလဲ ဆိုတဲ့ အချက်လည်း ပါဝင်ရပါမယ်။ ဒီဗျူဟာဖော်ပြချက်ဟာ သင်နဲ့ သင့်ဝန်ထမ်းတွေအားလုံး ဘုံရည်မှန်းချက်ပန်းတိုင်ကို တက်ညီလက်ညီ အရောက်လှမ်းနိုင်ဖို့ လမ်းညွှန်ပေးမယ့် လမ်းပြမြေပုံ ဖြစ်ရပါလိမ့်မယ်။

Objectives

တိကျတဲ့ ရည်မှန်းချက်တွေ ဖြစ်ပါတယ်။ SMART (Specific, Measurable, Attainable, Realistic and Time Bound) ဆိုတဲ့ ဂုဏ်အင်္ဂါရပ်တွေ ဖြစ်တဲ့ ‘တိကျခြင်း၊ ရလဒ်ကို တိုင်းတာနိုင်ခြင်း၊ ပေါက်မြောက်အောင် ဆောင်ရွက်လို့ရခြင်း၊ လက်တွေ့ကျခြင်းနှင့် ပြီးစီးရမယ့်အချိန် သတ်သတ်မှတ်မှတ်ရှိခြင်း’ ဆိုတဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံရပါမယ်။ အဓိကရည်မှန်းချက်ကြီးတွေ အောက်မှာ ရည်မှန်းချက် အသေးစားတွေလည်း ထပ်ထည့်လို့ရပါတယ်။ ရည်မှန်းချက်ငယ် တခုချင်းစီအတွက် ပြီးမြောက် အောင်မြင်မှု အတိုင်းအတာစစ်ဆေးတဲ့ စံနှုန်းသတ်မှတ်ချက် လို့ခေါ်တဲ့ key performance indicators (KPIs) တွေ ရှိရမှာ ဖြစ်ပြီး ပုံမှန် အမြဲတမ်းတိုင်းတာစစ်ဆေးနေဖို့ လိုပါတယ်။

Capabilities and scope

သင့်လုပ်ငန်းရဲ့ စွမ်းဆောင်ရည်နဲ့ ဆောင်ရွက်နိုင်တဲ့ ပမာဏဖြစ်ပါတယ်။ ဒီကဏ္ဍကို သတ်မှတ်ရာမှာ အချက်(၃)ချက်ပါဝင်ဖို့ လိုပါတယ်။ ပထမအချက်ကတော့ – ‘သင်အလိုလားဆုံး၊ သင်အရောင်းချင်ဆုံး စားသုံးသူတွေရဲ့ အခြေအနေ’ (ဘယ်လိုဝင်ငွေအဆင့်အတန်းလဲ၊ ဘယ်အသက်အရွယ်အပိုင်းအခြားလဲ၊ ဘယ်နေရာဘယ်ဒေသကလဲ၊ ဘာကို တန်ဖိုးထားလိုလားသူတွေလဲ၊ ဘယ်လို ဘဝလိုအပ်ချက်တွေ၊ လိုချင်တာတွေရှိသူတွေလဲ -စသည်ဖြင့်) သတ်မှတ်ဖော်ပြပါ။ သင့်ရဲ့စားသုံးသူတွေက သင့်ဆီကဘာတွေကို လိုချင်တာလဲ ဆိုတာ သတ်မှတ်ပါ။ ဒုတိယအချက်အနေနဲ့ (အကြံဉာဏ်၊ ဝန်ဆောင်မှု၊ ကုန်ပစ္စည်း – စသည်ဖြင့်ပေါ့။) လက်ရှိအနေနဲ့ ဘာကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ သင်ရောင်းချနိုင်သလဲ၊ နောင်အနာဂတ်မှာရော ဘာတွေရောင်းပေးနိုင်မှာလဲ ဆိုတာ သတ်မှတ်ဖော်ပြပါ။ တတိယအချက်အနေနဲ့ သင့်ဖောက်သည်တွေ လိုအပ်နေတာကို ဘယ်လိုနည်းနဲ့ ရောင်းချမှာလဲ၊ အရောက်ပို့မှာလဲ ဆိုတဲ့ဖော်ပြချက်ပါ။ ဘယ်လို လုပ်ငန်းစဉ်အဆင့်ဆင့်တွေ ရှိမှာလည်း၊ ကိုယ်တိုင်သယ်ယူပို့ဆောင်မှာလား၊ လူငှားမှာလား စသည်ဖြင့် ဖော်ပြပေးရပါမယ်။

Differentiation

သင့်ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုကို ပြိုင်ဘက်တွေကြားမှာ တမူထူးခြား ကောင်းမွန်အောင်၊ သိသိသာသာကွဲထွက်နေအောင် လုပ်ရမယ့်နည်းလမ်းတွေကို သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ပေးတဲ့ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုချင်းအတူတူ ပြိုင်ဘက်တွေထက် တပန်းသာအောင် ယှဉ်ပြိုင်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားကြံဆရမှာပါ။ စားသုံးသူဟာ သင့်ပြိုင်ဘက်တွေဆီမှာ မဝယ်ဘဲ သင့်ဆီကပဲ ရွေးဝယ်ချင်စိတ်ပေါက်လာအောင် လုပ်ပေးနိုင်မယ့် ထူးခြားသာလွန်မှုတစ်ရပ် (customer value proposition) ကို ဖော်ထုတ်ရပါတယ်။ ပြီးမှ အဲဒီလို ထူးခြားသာလွန်မှုရှိတဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုကို ဘယ်လိုနည်းစနစ်တွေ၊ လုပ်ငန်းစဉ်တွေ၊ စွမ်းဆောင်ရည်တွေကို သုံးပြီး စားသုံးသူကို ရောင်းချပေးမှာလဲဆိုတဲ့ အဆင့်ကို ဆက်ပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီလို သူများနဲ့မတူတဲ့ ဂုဏ်အရည်အသွေးတွေဟာ စားသုံးသူ လိုအပ်တဲ့အတိုင်း ဟုတ်-မဟုတ်ဆိုတာကိုလည်း အမြဲတမ်းစစ်ဆေးသုံးသပ်ပြီး ပြုပြင်မွမ်းမံသွားဖို့ အရေးကြီးပါတယ်။

Communication

Mission နဲ့ vision တွေကို ရေးသားဖော်ထုတ်တဲ့နေရာမှာ လုပ်ငန်းတခုလုံးက ဝန်ထမ်းတွေရဲ့ အကြံဉာဏ်ကိုပါရယူသင့်ပါတယ်။ ဒါမှသာ ဆိုလိုရင်းအဓိပ္ပာယ်နဲ့ အနှစ်သာရကို ဝန်ထမ်းတွေ ကောင်းကောင်း နားလည်သဘောပေါက်လာမှာ ဖြစ်ပါတယ်။ ဒီလို mission နဲ့ vision တွေကို စကားလုံးတွေအဖြစ်ချရေးပြီး ပုံဖော်တယ်ဆိုတာ အလုပ်လုပ်တဲ့အခါ ဦးတည်ရာလမ်းကြောင်းတရပ်ကို ရရှိပြီး အားသွန်ခွန်စိုက် ကြိုးပမ်းနိုင်ဖို့ ဖြစ်ပါတယ်။

ဒီစကားလုံးတွေ၊ အနှစ်သာရတွေကို ဝန်ထမ်းတွေအကြား နားစွဲအောင်၊ လက်ခံအောင် ရှင်းပြနိုင်တဲ့အခါ အလုပ်ရှင်ဟာ သူတို့ဆီက ဘာကိုမျှော်လင့်တယ်၊ ဘယ်လိုအလုပ်လုပ်ပေးစေချင်တယ်ဆိုတာကို သိလာပြီး တက်တက်ကြွကြွ အလုပ်လုပ်လာနိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီအခါ သင်လိုချင်တဲ့ ရေရှည်စီးပွားရေး အကျိုးအမြတ်ကို ရှာဖွေပေးနိုင်ပြီး လမ်းကြောင်းတခုတည်းပေါ်မှာ မယိမ်းမယိုင်ရှေ့ရှုအလုပ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်နိုင်မှာပဲ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းလုပ်သူတိုင်း အောင်မြင်နိုင်ကြပါစေ .. ။

No comments