New Artical

နားဟောင်းလောင်း နားပေါက်ကလေးများ - မှူးဆက်ပိုင်(ရွှေတောင်)


 နားဟောင်းလောင်း နားပေါက်ကလေးများ


ပွဲခင်း တစ်ခုလုံး လူသံ၊ ကက်ဆက်သံတွေနဲ့ ဆူညံလွန်းနေတယ်။ တိုးမပေါက်အောင် စည်ကားလှတဲ့ ဇီးကုန်းမြသိန်းတန်ဘုရားပွဲ မဟုတ်လား။ အ၀တ်အစား တောက်တောက်ပြောင်ပြောင်တွေနဲ့ သူ့ထက်ငါ ရှိုးထုတ်နေ တဲ့ မိန်းမလှလေးတွေကလည်း တောင်ပုံ ရာပုံနဲ့။ ကျွန်တော်တို့ ပွဲစျေးသည်တွေ အဖို့မှာတော့ ဒီအလှအပ အာရုံ တွေကို မခံစားနိုင်သေးပါဘူး။ ကျွန်တော့်ရှေ့မှာ ဝိုင်းအုံပြီး သီချင်းစာအုပ်ရွေးနေတဲ့ လူထုပရိသတ်ကိုသာ မျက်တောင် မခတ်ဘဲ သတိနဲ့ ငေးကြည့်နေရတယ်။ ဘာစာအုပ်မရှိဘူးလား … ဘယ်သူဆိုတဲ့ ဘယ်စီးရီး မရှိဘူး လား .. ဆိုတဲ့ အမေးစကားတွေကိုလည်း ဖြေနေရသေးတယ်။
“တစ်ရာဖိုးလေးအုပ် … မရဘူးလား”
ရှေ့တည့်တည့်နားကကောင်လေးတစ်ယောက် စျေးဆစ်တာပါ။ ကျွန်တော် ပေးလို့မဖြစ်ပါဘူး။ ခုလို လူကျနေတဲ့ အချိန်မှာ တစ်ယောက်ကို လျှော့လိုက်ရင် ကျန်၀ယ်သူတွေပါ လိုက်ပေးနေရမှာပေါ့။ တစ်ဦးတည်း ၀ယ်၍ တစ်ဦးတည်းက ဆစ်လျှင်တော့ ကျွန်တော် ပေးလိုက်မှာပါပဲ။
“မရဘူး ညီလေးရ … တစ်ရာဖိုး သုံးအုပ်က အစ်ကို … စျေးလျှော့ထားတာပါ”
ကောင်လေးက တစ်ချက်စဉ်းစားပြီး ရွေးပြီးသား စာအုပ်လေးအုပ်ထဲက တစ်အုပ်ပြန်ထားတယ်။
“ဒီမှာ အစ်ကို … သုံးအုပ်နော်” လို့ ပြောပြီး တစ်ရာတန်တစ်ရွက် ကျွန်တော့်ကို လှမ်းပေးတယ်။
“မျိုးကြီးရဲ့ အခမ်းနားဆုံး ရှိလားဗျ”
ထိုင်ရွေးခွင့် မသာတဲ့ လူတစ်ယောက်က လှမ်းမေးတယ်။
“ရှိတယ် အစ်ကို …ယူမလားခင်ဗျာ”
“တစ်အုပ် ဘယ်လောက်လဲ”
“တစ်အုပ် လေးဆယ်ပါ … တစ်ရာဖိုးယူရင် သုံးအုပ်ပါ”
“တစ်အုပ်ပဲ ပေးပါ”
မျိုးကြီးစာအုပ်ကို လှမ်းယူရင်း ထိုအစ်ကိုကို လက်ဆင့်ကမ်းပေးလိုက်ပါတယ်။ ငါးဆယ်တန် တစ်ရွက်က လက်ဆင့်ကမ်း ကျွန်တော့်ဆီ ပြန်ရောက်လာတယ်။ လွယ်ထားတဲ့ လွယ်အိတ်ထဲက အကြွေဆယ်တန် တစ်ရွက် ကို ကုန်းရှာနေတုန်း မျက်စိထောင့်မှာ ကောင်လေးတစ်ယောက် ဖျက်ခနဲ စာအုပ်တစ်အုပ် ခါးကြားထိုးလိုက်တော တွေ့တယ်။ ကျွန်တော် မမြင်ချင်ယောင်ဆောင်ရင်း စာအုပ်၀ယ်တဲ့ အစ်ကိုကို တစ်ဆယ်ပြန်အမ်းလိုက်တယ်။ ပြီးမှ ကျွန်တော် စာအုပ်အလစ်သုတ်တဲ့ ကောင်လေးကို စိုက်ကြည့်ရင်း “ညီလေး ရွေးလို့ပြီးပြီလား … ဘယ်နှအုပ် ယူ မလဲ” လို့ မေးလိုက်တော့ ကောင်လေးက မလုံမလဲနဲ့ ကျွန်တော့်ကို တစ်ချက်ကြည့်တယ်။ ကျွန်တော့်အမူအယာက ငါသိပါတယ်ကွာဆိုတဲ့ အဓိပ္ပါယ် သူဖတ်မိလိုက်တယ်။ ကျွန်တော် သူ့ကို လှည့်မကြည့်တော့ဘဲ နောက် တစ်ယောက်ကို စာအုပ်ရှာပေးရင်း ရောင်းနေလိုက်တယ်။ ဒါပေမယ့် ကျွန်တော်မျက်စိစွေအကြည့်မှာ ခုနက အလစ်သုတ်တဲ့ ကောင်လေး ခါးကြားထဲက စာအုပ်ကို စာအုပ်အထပ်ပေါ် မသိမသာပြန်ထားတယ်။ ကျွန်တော် ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။ သူကျွန်တော်ရှေ့မှာ ကြာကြာမနေရဲပါဘူး။ သူ့ အပေါင်းအသင်းတစ်ယောက်ကို လက်ကုပ် ပြီး ထွက်သွားတယ်။
ကျွန်တော့်အဖို့က ဒါမျိုးတွေရိုးနေပါပြီ။ ဆယ့်နှစ်ပွဲစျေး စ လိုက်ကတည်းက လူအမျိုးမျိုးနဲ့ ပေါင်းသင်း ဆက်ဆံနေရတာ။ လူတွေအကြောင်း နားလည်သင့်သလောက် နားလည်မိနေပါပြီ။ ကျွန်တော် ခုလိုမဟုတ်ဘဲ တိုက်ရိုက် သူခိုးစွပ်စွဲလိုက်ရင် စာအုပ်ပြန်ရဖို့ထက် ရန်ပွဲဖြစ်သွားဖို့က ပိုသေချာတယ်လေ။
ကျွန်တော် စာအုပ်ရောင်းနေရင်း လက်ကနာရီကို ကြည့်လိုက်တော့ တစ်နာရီဆယ့်ငါးမိနစ်ရှိနေပြီ။ ပွဲရုံရှေ့ မှာ ရောင်းနေတဲ့ လေးညီတစ်ယောက်လည်း လက်မလည်အောင် ရောင်းနေရပြီ ထင်တယ်။ ကျွန်တော် လူရှင်းတော့ မှ ညစာ ထမင်း မစားရသေးဘူးဆိုတာ သတိရတယ်။ ကျွန်တော့်ဘေးမှာ ရောင်းနေတဲ့ အထည်ဆိုင်ကို လှမ်းကြည့် လိုက်တော့ အထည်ရွေးနေတဲ့ သုံးဦးပဲ တွေ့ရတယ်။ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပြီး ….
“ကိုမြင့်ဇော် … ကျွန်တော့်ဆိုင်ကို ခဏစောင့်ကြည့်ပေးပါဦး …ကျွန်တော်ထမင်းသွားစားချင်လို့”
ကိုမြင့်ဇော်က ကျွန်တော့်ကို ခေါင်းဆက်ပြတယ်။ ကျွန်တော် ပွဲစျေးတစ်လျှောက် လေးညီရှိတဲ့နေရာကို လှမ်းလာလိုက်တယ်။ လေးညီဆိုင်က လူကျနေတုန်း။ မိန်းမကိုင် ပိုက်ဆံအိတ်တစ်အိတ်ကို အတွင်း အပြင် ဖွင့်ပြရင်း လေးညီက စျေးဆွယ်နေတယ်။ ၀ယ်သူ မိန်းခလေးကလည်း သဘောကျနေတာ သေချာတယ်။ သူမ မျက်နှာကို တစ်ချက် အကဲခတ်လိုက်တာနဲ့ ကျွန်တော် ဝေခွဲတတ်တယ်။ လေးညီကလည်း သူ့အတွေ့အကြုံ့အရ အာဘောင် အာရင်း သန်သန်နဲ့ ညွှန်းဆိုနေတယ်။ ဒါပေမယ့် မိန်းကလေး သဘာ၀အတိုင်း မဆစ်ဘဲ မနေနိုင်ဘူး ထင်ပါရဲ့။
“မရလို့ပါ ညီမရယ် ….ဒါ ရန်ကုန်တိုက်ရိုက်စျေးပါပဲ … အစ်ကိုတို့က အလုံးအရေအတွက်နဲ့ စျေးတစ်မျိုး ယူခဲ့ရတာ …အမှန်အတိုင်း ၀န်ခံရရင် တစ်အိတ်မှ ငါးဆယ်ပဲ မြတ်ပါတယ် …. မဖြစ်လို့ပါဗျာ”
ကောင်မလေးက မရမှန်းသိလို့ ထပ်မဆစ်တော့ပါဘူး။ လေးညီဆိုတဲ့ စျေးကိုချက်ချင်းပဲ ထုတ်ပေးလိုက် တယ်။ ကျွန်တော်သိတာပေါ့ လေးညီ ပိုက်ဆံအိတ်တစ်လုံးကို ထက်၀က်လောက် မြတ်တယ်ဆိုတာ။
“ဟာ အစ်ကို … ထမင်းစားပြီးပြီလား … ကျွန်တော်တော့ မစားရသေးဘူး”
လေးညီက ကျွန်တော်ကို ထိုင်ဖို့ နေရာပေးရင်းပြောတယ်။
“မစားရသေးဘူးကွ …မင်းနဲ့ စားမလို့ လာတာ”
“စားမယ်လေ အစ်ကို … ဒေါ်နန်းဆိုင် သွားထုတ်လိုက်မယ် အစ်ကို .. ခဏစောင့်”
လေးညီက ပြောရင်း ဒေါ်နန်းဆိုင်ကို ပြေးသွားတယ်။ ဒေါ်နန်းဆိုတာက ကျွန်တော်တို့လို ဆယ့်နှစ်ပွဲစျေး လှည့်နေတဲ့ ထမင်းဆိုင်ပေါ့။ ရင်းနှီးခင်မင်နေသူတွေ့မို့ ကျွန်တော်တို့ကို စျေးမှန်မှန်နဲ့စေတနာ အပြည့်အ၀ထားပြီး ထမင်းရောင်းနေကျပါ။ ကျွန်တော်တို့ ပွဲစျေးသည်တွေကလည်း ဘယ်ပွဲရောက်ရောက် ဒေါ်နန်းဆိုင်မှာပဲ ၀ယ်စား နေကျ။ အခြားဆိုင် ဘယ်တော့မှမကူး။ ခဏာကြာတော့ လေးညီ ပြန်ရောက်လာတယ်။
“ဘာဟင်းနဲ့လဲကွ”
“ထုံးစံအတိုင်းပဲပေါ့ …အစ်ကိုရာ ကြက်ဥတစ်လုံး နှစ်ယောက်စားတာပေါ့”
ကျွန်တော်လေးညီကိုကြည့်ရင်း ခပ်ဟဟ ရယ်လိုက်တယ်။ ကျွန်တော်ရော၊ လေးညီရောက ချွေတာသုံးရင်း အိမ်အပြန် ငွေထုပ်ပိုက်ပြီး ပြန်ဖို့ အကြံကြီးနေကြတာလေ။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်တွေ ကိုယ်စီ ရှိကြတယ်။ ဘာရယ်ကြောင့်တော့ မဟုတ်ပါဘူး။ ခုချိန်ထိ တစ်ယောက်ရည်ရွယ်ချက်ကို တစ်ယောက် မစပ်စုကြသေးဘူး။ ကျွန်တော် လေးညီနဲ့အတူ ရောင်းရငွေတွေ တွက်လိုက်တာ ထမင်းသာ ကုန်သွားတယ်။ အရသာ ဘာမှန်းမသိ လိုက်ဘူး။

------------------------------------------

အနောက်ဘက် ရိုးမတောင်တန်းကြီးဆီမှာ နေလုံးကြီးက မေးတင်၀င်စပြုနေတယ်။ ပတ်၀န်းကျင် တစ်ခွင် လုံးမှာ ပုစွန်ဆီရောင် နေခြည်တွေနဲ့။ ကျွန်တော့်ချစ်သူက ဒီနေ့ ခါတိုင်းထက် ပိုလှနေတယ်။ ၀င်းဝါတဲ့ အသားအရေ ပေါ်မှာ သနပ်ခါး ခြေဆုံး၊ ခေါင်းဆုံး လိမ်းထားတာရယ်၊ နေ၀င်စ တိမ်နီတောက်နေတဲ့ နေရောင်ကြောင့်ရယ် ကျွန်တော့် ချစ်သူကို ကျွန်တော် ရှုမ၀နိုင်လောက်အောင် ဖြစ်နေမိတယ်။
“မောင် … အဲဒါ ဘယ်လို လုပ်မလဲလို့ … မေးနေတယ်လေ”
ကျွန်တော် ငေးမောနေမိရာက ချစ်သူအမေးကို သတိပြုမိလိုက်တယ်။
“ဘာကို ပြောတာလဲ မေလေး”
“ကြည့် …. ဒီက ပြောတာကို စိတ်၀င်စားမှု မရှိဘူး”
“မဟုတ်ပါဘူး မေလေးရာ .. မေလေးကို ငေးနေရင်း သတိလွတ်သွားတာပါ”
မေလေးက နှုတ်ခမ်းစူရင်း စကားကို ဆက်ပြောတယ်။
“အမေက ပြောတယ်… ညည်းတို့ ဘယ်တော့ယူကြမှာလဲတဲ့”
“အဲဒါ မေလေးက ဘာပြန်ပြောလိုက်လဲ”
“ယူတော့ ယူမှာပေါ့ အမေရာလို့ … ဒါပေမယ့် ဘာတစ်ခုမှ မပြည့်စုံသေးလို့ …ကြိုးစားနေတဲ့ အခြေအနေမှာ ပဲ ရှိသေးတယ်လို့ ပြောလိုက်တာပေါ့”
“အင်း … ဟုတ်တယ်လေ မောင်တို့ခု ငွေစုနေတာပဲ”
“ဒါတော့ ဒါပေါ့ … မောင်ရယ် …ဒါပေမယ့် အမေ နောက်ထပ်ပြောတာက ညည်းတို့ အရွယ်တွေလည်း မငယ်တော့ဘူးတဲ့ …ဒီလိုကြီးရေရှည်တွဲနေတာ ပတ်၀န်းကျင်အတွက်လည်း မသင့်တော်ဘူးတဲ့ …အဲဒီတော့ မယူဖြစ်ကြသေးဘူး ဆိုရင်လည်း စေ့စပ်ထားတာလောက်တော့ ရှိသင့်ပြီတဲ့ ….မောင့်ကို ပြောပြပေါ့တဲ့ … အမေ တို့ဘက်က သမီးရှင်ဆိုတော့ ဘာပဲပြောပြော နစ်နာစရာရှိရင် အမေတို့ပဲ နစ်နာ ကြရမှာတဲ့ …ကဲ”
“အဲဒီတော့ … မောင်က မေလေးနဲ့ စေ့စပ်ဖို့ စီစဉ်ရမယ်ပေါ့ ဟုတ်လား”
ကျွန်တော်က စကားပြောရင်း မေလေးကို သိုင်းဖက်လိုက်တယ်။ မေလေးက မျက်စောင်းထိုးရင်း ..
“ဘာလဲ မောင်က စေ့စပ်ဖို့ကို သဘောမတူလို့လား”
“မဟုတ်တာ မေလေးကလည်း …မောင်က သဘောမတူဘဲ နေပါ့မလား …ဖြစ်နိုင်ရင် ခုချက်ချင်းတောင် …လက်ထပ်လိုက်ချင်တာ …မေလေးကို တင့်တောင့် တင့်တယ် မထားနိုင်သေးလို့”
“ဒါပဲ မောင် …ခု မေလေးတို့ စေ့စပ်တဲ့အခါကျရင် မောင်၀တ်ပေးမယ့် စေ့စပ်လက်စွပ်က စိန်တုံးကလေး ကွပ်ထားတဲ့ ရွှေလက်စွပ် လှလှကလေး ဖြစ်ရမယ် သိလား”
“ဟင် … စေ့စပ်ရင် လက်စွပ်ပါရမှာလား”
“ကြည့် … မောင်နော် .. စေ့စပ်လက်စွပ်မပါဘဲ စေ့စပ်ပွဲလုပ်မယ်ဆိုရင် မောင် မေလေးကို … မချစ်လို့ဘဲ”
“မဟုတ်ပါဘူး မေလေးရဲ့ ….. မောင်တို့က လက်ထပ်ဖို့အတွက် ငွေစုနေကြတာလေ … အဲဒီလက်စွပ်အ တွက် သီးသန့်ကြီး ကုန်သွားရင် နောက် အရေးကြီးတဲ့ ကိစ္စတွေကို နှောင့်နှေးသွားမှာ စိုးလို့ ပြောတာ”
“ဒီ လက်စွပ်ကလည်း … မေလေးနဲ့ မောင်တို့အတွက်ပဲဟာ … လက်ထပ်လိုက်တဲ့အခါကျလည်း မေလေး နဲ့ မောင်ပဲ ပိုင်ဆိုင်ရမယ့်ဟာ … အလကား ဆုံးရှုံးသွားမှာမှ မဟုတ်တာပဲ … တော်ပါမောင်ရာ … မေလေးကို မချစ်ရင် လက်မထပ်ချင်ရင် ဒီမှာပဲ လမ်းခွဲကြမယ်”
“ဟာကွာ …ကြည့် မေလေးက အဓိပ္ပါယ်မရှိ စိတ်ကောက်ဦးမယ် …ကဲ ကဲ ..မောင် မေလေးနဲ့ စေ့စပ်ဖို့ ဒီ တစ်ခါ ဆယ့်နှစ်ပွဲစျေး လိုက်ပြီးရင် လက်စွပ်လုပ်နိုင်အောင် ကြိုးစားမယ် … ဟုတ်ပြီလား”
ကျွန်တော့် စကားကြောင့် မေလေးမျက်နှာ စူပုပ်နေရာက ပြန်လည် ၀င်းပလာတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီနှစ် ကျွန်တော် ချွေချွေတာတာနဲ့ လက်စွပ်နှစ်ကွင်း လုပ်နိုင်ဖို့ ကြိုးစားရဦးမယ်။
အိမ်ရောက်တော့ အမေ့ကို ပြန်ပြောမိတယ်။ အမေကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ငါ့သားလေး ပင်ပန်းမှာကိုပဲ စိုးရိမ်ပါတယ်တဲ့။
-----------------------------

ကြို့ပင်ကောက်မြို့ရဲ့ မြို့မစျေးက တစ်နေ့လုံးစျေးပါ။ ကားဂိတ်၊ ဘူတာနဲ့ တစ်ဆက်တည်းရှိတာကြောင့် အချိန်ပြည့် လူစည်ကားလေ့ရှိတယ်။ လေးညီခေါ်လာလို့ ကျွန်တော်စျေးထဲ ရောက်နေရတယ်။ အထည်ဆိုင်တန်းက ဖြတ်လာကြပေမယ့် အထည်ဆိုင်တွေကို လေးညီမကြည့်ပါဘူး။ ကျွန်တော်ကသာ အထည်ဆိုင်တွေကို ငေးမောရင်း မေလေးနဲ့ လိုက်မယ်ထင်တဲ့ အရောင်အသွေးတွေကို စိတ်ကူးနဲ့ ရွေးနေမိတယ်။ ကျွန်တော့်ငေးမှုကြောင့်ထင်ရဲ့။ အထည် အရောင်းသမလေးတွေရဲ့ ၀ယ်ပါ၊ ယူပါ ဖိတ်ခေါ်မှုက လက်လိုက်မဆွဲရုံတမယ် သွက်လက်လွန်းတယ်။ ကျွန်တော် မပေးရဲတော့ပါဘူး။ ခပ်တည်တည်နဲ့ ရှေ့တူရူလမ်းကိုပဲ ကြည့်ပြီးလျှောက်လာလိုက်တယ်။ လေးညီ ဘယ်သွားမယ်ဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမယ့် လေးညီ တစ်စုံတစ်ခုကြောင့် စိတ်ထက်သန်နေတယ်ဆိုတာ ကျွန်တော် ရိပ်မိတယ်။
ကျွန်တော့်ကို လေးညီပြောဖူးတယ်။ ကျွန်တော်ပိုက်ဆံစုနေတာ ဒီပွဲ အဆင်ပြေရင်တော့ ပြည့်လောက်ပြီ တဲ့။ ပြီးတော့ ကျွန်တော် အိမ်ခဏပြန်ဦးမယ်တဲ့။ အဆင်ပြေရင် ကြို့ပင်ကောက်မှာပဲ အပြီး လုပ်သွားမှထင်တယ်လို့ ပြောတယ်။ ကျွန်တော်က မင်းဘာလုပ်မှာလဲဆိုတော့ ခပ်ပြုံးပြုံးနဲ့ ဘာမှပြန်မပြောတော့ဘူး။ သူ့မျက်နှာကတော့ မျှော်လင့်ချက်တွေကြောင့် ထင်ပါရဲ့၊ ကြည်လင်၀င်းပ နေတယ်။
ကျွန်တော်လည်း ကြိုပင်ကောက်ပွဲပြီးရင် အိမ်ပြန်မယ်လို့ စိတ်ကူးထားတယ်။ မေလေးနဲ့ တိုင်ပင်ပြီး ဒီနှစ် ကျွန်တော်တို့ နှစ်ယောက် စေ့စပ်ကြမယ်လေ။ ကျွန်တော် လက်စွပ်လုပ်ဖို့က ငွေသိပ်မလိုတော့ဘူးလို့ထင်တယ်။ ရွှေစျေး အတက်အကျကိုတော့ ကျွန်တော် မသိဘူး။
ရှေ့မှာ လျှောက်နေတဲ့ လေးညီက အစ်ကို ထမင်းသုပ်စားမလားလို့ မေးတယ်။ ကျွန်တော် ခေါင်းခါလိုက် တယ်။ လေးညီက တစ်ချက်ရယ်သွမ်း သွေးလိုက်ရင်း …
“စားပါ အစ်ကိုရာ …ကျွန်တော် ဒီနေ့ အစ်ကို့ကို ကျွေးချင်လို့ပါ အရင်လို မချွေတာရတော့ပါဘူး”
လို့ ပြောတယ်။ ကျွန်တော်လည်း လေးညီကို တအံ့တသြကြည့်ရင်း မင်း ဒီနေ့ အူမြူးနေတယ်လို့ ပြောလိုက် တော့ မြူးရတာပေါ့ ကျွန်တော့် ဆန္ဒတွေ ဒီနေ့ ပြည့်ဝတော့မယ်လေ ပွဲစျေးစလိုက်တဲ့ ပေါင်းတည် စွယ်တော် ကတည်းက ဒီနေ့ပွဲအထိ ချွေတာ စုဆောင်းလာလိုက်တာ ဒီနေ့ ပြည့်ဝြပီလေ အစ်ကိုရလို့ ပြောတယ်။ လေးညီ ဘာတွေ၊ ဘာအတွက်၊ ဘာဆန္ဒပြည့်သွားတာလဲ ကျွန်တော်မသိဘူး။ ကျွန်တော်မေးလိုက်ရင်လည်း မကြာခင် သိရမှာပေါ့ အစ်ကိုရာဆိုတဲ့ စကားနဲ့ပဲ အဆုံးသတ်သွားတယ်။
ကျွန်တော်လေးညီကျွေးတဲ့ ထမင်းသုပ်ကို စားလိုက်တယ်။ မစားရတာ ကြာလို့ ထင်ပါရဲ့ ထမင်းသုပ်က အစပ် အဟပ်တည့်ပြီးကောင်းလိုက်တာ ကျွန်တော်အားနာနာနဲ့ သုံးပွဲလောက် တီးပစ်လိုက်တယ်။ ဒါတောင် လေးညီက အစ်ကိုယူဦးလေလို့ ပြောနေသေးတာ။ ကျွန်တော် မနည်း ဘရိတ်အုပ်ထားလို့။ ကျွန်တော်တို့ ထမင်းသုပ် စားပြီး စျေးထောင့်က လက်ဘက်ရည်ဆိုင်မှာပဲ ထိုင်ကြတယ်။ ငတ်ငတ်ပြတ်ပြတ်နဲ့ ပိုက်ဆံစုနေရတဲ့ ကျွန်တော် နဲ့ လေးညီအဖို့ ဒီနေ့ကတော့ တကယ်ကို နတ်ပြည်ရောက်တဲ့နေ့ပေါ့။ လက်ဘက်ရည်တစ်ခွက်စီနဲ့ ချပေးတဲ့မုန့် ကုန်လုနီးပါး ကျွန်တော်တို့ နှစ်ယောက်စားပစ်လိုက်တယ်။ ပိုက်ဆံရှင်းတော့ ကျွန်တော် ရှင်းမယ်လုပ်တယ်။ လေးညီက လက်မခံပါဘူး။ အစ်ကို့ ရည်မှန်းချက်တွေက ပြည့်ဝသေးတာ မဟုတ်ဘူး မို့လားတဲ့။ ကျွန်တော်ပဲ ရှင်းပါရစေလို့ တောင်းပန်ရင်း လေးညီပဲ ရှင်းလိုက်တယ်။
စားသောက်ပြီး ကျွန်တော်တို့ စျေးထဲကို ဆက်လျှောက်လာလိုက်တယ်။ လေးညီ ဘယ်သွားပြီး ဘာလုပ် မယ်ဆိုတာ မသိရလို့ ကျွန်တော်လည်း စိတ်၀င်တစားနဲ့ လေးညီနောက်က လိုက်နေမိတယ်။ လေးညီ စျေးအတွင်း ဘက်အတော်ကလေး ၀င်သွားပြီ ရွှေအပြည့်ခင်းကျင်းထားတဲ့ ရွှေဆိုင်တစ်ခုရှေ့မှာ ရပ်လိုက်တယ်။ ကျွန်တော် လည်း လေးညီနောက်က လိုက်ရပ်ရင်း ရွှေထည်ပစ္စည်းတွေထဲက လက်စွပ်တွေထားတဲ့ မှန်ဘောင်ကို ငေးမောနေမိတယ်။ မေလေးပြောတဲ့ စိန်ပါတဲ့ လက်စွပ်ဆိုတာ ဘယ်လို ဟာမျိုးပါလိမ့်လို့ တွေးရင်း ကြည့်နေလိုက်တာ။ လေးညီ အသံ ကြားမှ သတိ၀င်လာတယ်။ လေးညီကို ဆိုင်ရှင်က မျက်မှန်းတန်းမိနေတယ် ထင်ရဲ့။ ရောက်ရောက်ချင်း …
“ဟာ ညီလေး …လာထိုင်ဦး” ဆိုတဲ့ လောက၀တ်စကား ဆိုတယ်။ လေးညီက ကျွန်တော့်လက်ကိုဆွဲရင်း အစ်ကိုလာ အထဲမှာ ခဏထိုင်ဦးလို့ ပြောတယ်။ ရွှေဆိုင်ထဲမှာက စားပွဲတစ်လုံး၊ ကုလားထိုင်ငါးလုံးကို စနစ်တကျ ခင်းကျင်းထားပါတယ်။
“ညီလေး မှာတဲ့ … ပစ္စည်းကရပါပြီ …ခဏနော် အစ်ကို ဘောင်ချာဖြတ်လိုက်ဦးမယ်”
ဆိုင်ရှင်က လေးညီကိုပြောရင်း ဘောင်ချာရေးနေတယ်။ လေးညီက ကျွန်တော့်ကို ကြည့်ပြီး …
“ကျွန်တော် ရွှေအပ်ထားတာ အစ်ကိုရ” လို့ ပြောတယ်။ ကျွန်တော် တအံ့တသြနဲ့ မင်း ရွှေအပ်ထားတာ ဟုတ်လားလို့ ပြန်မေးမိတယ်။ လေးညီက ခေါင်းဆက်ပြတယ်။ ကျွန်တော်နဲ့ အကြံချင်းတူနေတဲ့ လေးညီကို ကျွန်တော် ၀မ်းသာအားရကြည့်ရင်း ….
“မင်းနဲ့ ငါတော့ ငွေစုရခြင်း အကြောင်းက လာတူနေပြီ လေးညီရ”
လို့ ပြောလိုက်တော့ လေးညီကလည်း တအံတသြနဲ့ …
“ဟုတ်လား အစ်ကိုလည်း ရွှေလုပ်ဖို့ ငွေစုတာလား … ဘယ်သူ့အတွက်လဲ …နားတောင်းလား …ဆွဲကြိုးလား”
လို့ ကပျာကယာနဲ့ မေးတယ်။ ကျွန်တော် ခပ်ပြုံးပြုံးနဲ့ သူခိုးကို လက်ပူးလက်ကျပ်မိတဲ့ စတိုင်လ်မျိုး လေးညီ ကိုကြည့်ရင်း …..
“ဟ ..ဟ ငါ့ကို မမေးနဲ့လေ လေးညီရ… မင်းကော ဘယ်သူ့အတွက်လဲ ဘာလုပ်ဖို့လဲ … မင်းအူးမြူး နေပုံထောက်ရင်တော့ …ဟဲ …ဟဲ”
ကျွန်တော့်စကားကြားတော့ လေးညီက ရယ်လိုက်တယ်။ ကျွန်တော်သိလိုက်တာပေါ့ ကျွန်တော့်လိုမျိုးမှ မဟုတ်ရင်လွဲမလား၊ လေးညီ သူ့ချစ်သူ သူ့ရည်းစားအတွက် ရွှေလုပ်တယ်ဆိုတာ ကျွန်တော် တပ်အပ် ခန့်မှန်းမိ လိုက်တာပေါ့။ ကျွန်တော့် အတွေး မဆုံးခင်မှာပဲ လေးညီဆီက စကားတစ်ခွန်း ကြားလိုက်ရတယ်။
“အစ်ကို ထင်သလို မဟုတ်ပါဘူးဗျာ …ကျွန်တော်လုပ်တာက နားတောင်း၊ အမေ့အတွက် နားတောင်းလေး တစ်စုံပါ”
ကျွန်တော် ပါးစပ်ဟောင်းလောင်း ဖြစ်သွားတယ်။ ကျွန်တော့်အထင်နဲ့ အမြင်က တက်တက်စင်အောင် လွဲမှားသွားပါလား။ လေးညီက ဆက်ပြောတယ်။
“အဖေဆုံးကတည်းက အမေ့နား နားတောင်းမရှိခဲ့တာ … အခု အဖေဆုံးတာ လေးနှစ်၊ အမေ နားတောင်းမပန်ရတာ လေးနှစ် အစ်ကိုရ … အမေ့နားက နားပေါက်ဟောင်းလောင်းလေးကို မြင်တိုင်း ကျွန်တော့် ကို ကျွန်တော် သားတစ်ယောက်တာ၀န် မကျေသလို အမြဲခံစားနေရတာ။ အဲဒါကြောင့် ကျွန်တော်ငွေစုပြီး လုပ်ဖြစ် အောင်လုပ်လိုက်တာ ဒီနှစ်တော့ ကျွန်တော့် ဆန္ဒတွေ … ပြည့်ပါပြီ၊ ဒီ နားတောင်းလေးသာ အမေတွေ့ရရင် ဘယ်လို နေမလဲ မသိဘူး အစ်ကိုရာ”
တဲ့။
လေးညီရဲ့ ၀မ်းသာအားရ စကားတွေက ကျွန်တော့်ခေါင်းကို ပေါက်ဆိန်နဲ့ ထုနေသလိုပါပဲ။ ကျွန်တော့် ဝေဒနာကို ကျွန်တော်ပြန် မဆန်းစစ်ရဲဘူး။ မျက်လုံးထဲ မြင်ယောင်နေတာ တစ်ခုကတော့ အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော့် အမေလည်း နားဟောင်းလောင်း နားပေါက်ကလေးတွေနဲ့ ပါပဲလေ။

ရွှေအမြုတေ မဂ္ဂဇင်း
သြဂုတ်လ ၂၀၀၅
မှူးဆက်ပိုင်(ရွှေတောင်) 

No comments