New Artical

"ကြယ်စင်သစ်ကို လင်းတဲ့ရင်ခွင်" (ဇေဦးယျာ)


 "ကြယ်စင်သစ်ကို လင်းတဲ့ရင်ခွင်" (ဇေဦးယျာ)

🌟🌟🌟🌟🌟🌟🌟🌟🌟🌟

၁။

“အစ်မ ကြက်ရိုး ကျန်သေးလား”
“ညီမလေးရေ ကြက်ရိုး ကျန်သေးလား”

ပြိုင်တူ မေးလိုက်သော စကားသံကြောင့် ကျွန်တော်နှင့် အတူ ကြက်ရိုးဝယ်သော သူကို ကြည့်လိုက်တော့ လမ်းထိပ်က ဆိုက်ကားဆရာ ဦးလေးကြီး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အရင် ရောက်တာ ဖြစ်သောကြောင့် စိတ်တော့ နည်းနည်း အေးသွားသည်။ ရွှေပိုက်ဆံ မြန်မာ ထမင်းဆိုင်မှ ကြက်ရိုးဟင်းက နာမည်ကြီး နေသောကြောင့်တော့ မဟုတ်ပါ။ လက်ထဲက ပိုက်ဆံ အခြေအနေ ရကြောင့်သာ ကြက်ရိုးဟင်းနှင့် နှစ်ပါးသွားရခြင်း ဖြစ်သည်။

“ဒီနေ့ ကြက်ရိုးက တစ်ပွဲစာပဲ ကျန်တယ်။ ဘယ်သူ့ကို ပေးရမလဲ”
“ကျွန်တော် အရင်ရောက်တာ ကျွန်တော် ယူမယ်”

ထမင်း ဆိုင်ရှင်၏ အမေး စကားကြောင့် ကျွန်တော် အလောသုံးဆယ်ပင် ဖြေဖြစ်လိုက်သည်။ ကျွန်တော့် စကားကြောင့် ဆိုက်ကားဆရာကြီးမှာ အသာရယ် လိုက်ရင်းမှ-

“ဟုတ်ပါပြီ အမောင် ဆေးကျောင်းသား ရယ်။ အမောင် အရင် ရောက်တာ ဆိုတော့ အမောင်ပဲ ယူလိုက်ပါ။ ဒါပေမဲ့ ဦးလေးက ညနေ ကတည်းက မှာထားတာနော်။ ကြက်ရိုးဟင်းကို။ ဒါပေမဲ့ အမောင့်ကိုပဲ ဦးစား ပေးလိုက်မယ် ဟုတ်ပြီလား”

ထမင်း ဆိုင်ရှင်ဆီမှ ကြက်ရိုး ဟင်းထုပ်ကို အသာ လှမ်းယူရင်း ပိုက်ဆံ တစ်ရာ ပေးသည်။ ပြီးတော့ မျက်နှာပူစွာနှင့် ခပ်သွက်သွက် ထွက်လာခဲ့သည်။

မကွေး ဆေးတက္ကသိုလ်မှ ဆေးကျောင်းသား တစ်ယောက် ဆိုက်ကားဆရာ တစ်ယောက်နှင့် ကြက်ရိုးဟင်း လုဝယ်ရသော အဖြစ်ကို ကြားလျှင် အများတကာ အတွက် ရယ်စရာ တစ်ပုဒ်များ ဖြစ်နေမလား။ ကျွန်တော်ကတော့ မရယ်နိုင်ပါ။ တစ်လ သုံးသောင်းသာ ပို့နိုင်သော ကျွန်တော့် မိသားစု အခက်အခဲအတွက် အစစ အရာရာကို ချွေတာ နေရသော ကိုယ့် အဖြစ်ကို ကျွန်တော် ကိုယ်တိုင်သာလျှင် နားလည် နိုင်ပါသည်။ တစ်လ သုံးသောင်း ဆိုသော ငွေသည် ကျွန်တော့် အတွက် နည်းလွန်း နေသော်လည်း ကျွန်တော့် မိသားစု ဝင်ငွေနှင့် နှိုင်းယှဉ် ကြည့်လျှင်တော့ များလွန်း နေသည်။ ကျောင်းဆရာ တစ်ယောက် ဖြစ်သော ကျွန်တော့် ဖခင်၏ တစ်လစာ ဝင်ငွေ ကုန်လု နီးပါးပင်။ ထို့ကြောင့် အစစ အရာရာကို ချွေတာရေး စနစ်ကိုသာ အားကိုး နေရသော ကျွန်တော်သည် ဆိုက်ကားဆရာကြီးကို အားနာ မနေနိုင်ပါ။ ဒီဟင်းမှ မရလျှင် ဒီနေ့ညနေ အတွက် ထမင်း တစ်ခုတည်းသာ စား နေရ ပေလိမ့်မည်။

၂။

“သား ဒီထောက်ပံ့ကြေးကို ဘာဖြစ်လို့ လျှောက်တာလဲ”

ကျွန်တော် ကျောင်းက ပေးတဲ့ ထောက်ပံ့ကြေး လျှောက်တာ ရတယ် အဖေဟု ဆိုတော့ အဖေ ပြန်မေးသော မေးခွန်း ဖြစ်သည်။ ကျွန်တော် မျှော်လင့် ထားတာက “ဟာ အဆင်ပြေတာပေါ့” ဒါမှမဟုတ် “ဘယ်လောက် ရတာလဲ” ဟူသော မေးခွန်းမျိုး။ ဒါပေမဲ့ အဖေ မေးလိုက်တာက မထင်မှတ် ထားသော မေးခွန်း ဖြစ်သောကြောင့် ရုတ်တရက် ကျွန်တော် ကြောင်သွားမိတာတော့ အမှန်။ အဖြေက ချက်ချင်း မထွက်။

“အဖေတို့ ပို့တဲ့ ငွေနဲ့ သား မလောက်လို့လား။ ဒါမှမဟုတ် လောက်အောင် မသုံး နိုင်တာလား”

နောက်ထပ် မေးလာသော မေးခွန်းက ကျွန်တော့်အတွက် ပိုခက်သည်။ တစ်လ ငွေသုံးသောင်း ဆိုသော ပမာဏသည် ဆေးကျောင်းသား တစ်ယောက်ကို မဆိုထားနဲ့၊ သာမန် ကျောင်းသား တစ်ယောက်ပင်လျှင် တော်တော် ချွေချွေတာတာ သုံးနိုင်မှ လောက်င နိုင်ပေမည်။ အဆောင်လခ၊ ဖယ်ရီခ၊ ကျောင်းလခ၊ စာအုပ်ဖိုးနှင့် တခြား ခေါင်းစဉ် တပ်မရ နိုင်သော အကြောင်းအရာများ။ ဒီ အကြောင်းအရာတွေ အောက်မှ ငွေသုံးသောင်း ဆိုတာက ဆင်ပါးစပ် အတွင်း နှမ်းပက် နေသလိုပင်။ ထမင်း စရိတ်တောင် မနည်း ချန်သုံး နေရသည်။ ဒါတွေကို အဖေ သိပါလေစ။ အဖေကတော့ မေးလာလေပြီ။ ကျွန်တော် အဖြေ ပြန်ရတော့မည်။

“လောက်တယ် မလောက်ဘူး ဆိုတာထက် ကျွန်တော် တော်တော်လေးကို ဂရုစိုက် သုံးရတယ် အဖေ။ ကျွန်တော့်မှာ အပိုသုံးငွေ မရှိဘူး။ ဖြစ်နိုင်ရင်တော့ ကျွန်တော် ကျူရှင်လည်း တက်ချင်တယ် အဖေ”

အဖေ့ မျက်လုံးတို့မှာ သဘောမကျ ဟန်ကို တွေ့သည်။ ကျွန်တော် ပြောလိုက်သည့် အထဲတွင် ကျူရှင်ဆိုတာ ပါသွား၍ ဖြစ်မည်။ ကျောင်းဆရာ တစ်ယောက် ဖြစ်သော အဖေသည် ကျူရှင် ဆိုတာကို ဘယ်တုန်းကမှ အားမပေးခဲ့ပါ။ သူကိုယ်တိုင်လည်း ကျူရှင် မသင်ခဲ့ဘူး။ အဖေ့ မျက်လုံးတို့သည် ကျွန်တော့်ဆီမှ အဝေးသို့ ရောက်သွားသည်။

“ခေတ်စနစ်ရဲ့ အလိုအရ ကျူရှင် ဆိုတာတော့ ရှိနေတာ ပေါ့လေ။ ဒါပေမဲ့ သားကရော စာတွေ မလိုက်နိုင်တော့ လို့လား။ ဒုတိယနှစ်က တော်တော် ခက်နေလို့လား။ အရေးကြီးတာက သား ကျူရှင်တက်မှ ဖြစ်တော့မှာလား”

အဖေ့ မေးခွန်းတွေက ကျွန်တော့်အတွက် ကြောက်စရာ ကောင်းလာသည်။ ပိဿာလေးနှင့် ဘေးပစ်တာကမှ တော်ဦးမည်။ မေးခွန်း တစ်ခုနှင့် တစ်ခု အကြားမှာ ကျွန်တော့် စိတ်တွေ တဖြည်းဖြည်း ကျုံ့ကျုံ့ လိုက်နေသလို။ သူများတွေ တက်သော ကျူရှင်တွေကို ကျွန်တော် အားကျတာတော့ မှန်ပေမဲ့ ကျွန်တော် မတက်နိုင်။ သူများ ကျူရှင် တက်ထားသော နုတ်တွေကို ပြန်ကူး နေရတာနှင့် တစ်ခါတလေ စာကျက်ချိန်တောင် သိပ်မရနိုင်။

“သား ကျူရှင်တက်ဖို့ အတွက် ဆိုရင်တော့ အဖေ ထပ်ပို့ပေးပါ့မယ်။ နည်းနည်းတော့ ခက်မှာပေါ့။ ဒါပေမဲ့ အဖေ ကြိုးစားပါ့မယ်။ ဒီ ထောက်ပံ့ကြေးကိုတော့ အဖေ မယူစေချင်ဘူး”
“ဘာကြောင့်လဲ အဖေ”

ဘာကြောင့်လဲ။ တစ်လ ငွေလေးသောင်း ထောက်ပံ့ကြေးကိုတောင် ငြင်းပယ် ခိုင်းရဲလောက်သော အဖေ့ အကြောင်းပြချက်ကို ကျွန်တော် သိချင်စိတ် ပြင်းပြ လာသည်။

“အဖေ့မှာ အကြောင်းပြချက် နှစ်ခုရှိတယ် သား။ ပထမအချက်က သားအခု ရတာက ထောက်ပံ့ကြေး။ ပုဂ္ဂလိက ထောက်ပံ့ကြေး။ ပညာတော်လို့ ဆုချတာ မဟုတ်ဘူး။ သူများက စေတနာ ထက်သန်လို့ လှူတန်းတာ။ မတတ်နိုင်တဲ့ သူတွေကို အကူအညီ ပေးတာ။ ကျောင်းတက်ဖို့ရာ အခက်အခဲ ဖြစ်နေတဲ့ သူတွေကို ထောက်ပံ့တာ။ လူတွေ အများကြီး တက်နေတဲ့ ကျောင်းမှာ သားထက် ကျောင်းတက်ဖို့ အခက်အခဲ ဖြစ်နေတဲ့ သူတွေ ရှိမနေဘူးလို့ သား ထင်လို့လား”

ကျွန်တော် မသိပါ။ ရှိချင်လည်း ရှိမည်။ ရှိချင်မှလည်း ရှိနေလိမ့်မည်။ ကျွန်တော်နှင့် မဆိုင်ဟုတော့ ထင်သည်။ သူတစ်ပါး ကိစ္စက ကျွန်တော့်ထက်များ အရေးကြီးနေသလား။ ခဏ နားပြီးတော့ အဖေ စကား ဆက်သည်။

“မရှိဘူး ဆိုရင်တော့ ထားပါတော့။ သားရတာ မှန်တယ်။ အေး တကယ်လို့ ရှိနေတယ် ဆိုရင်တော့ သူ့ အတွက် အများကြီး နစ်နာ သွားပြီ။ သားအတွက်လည်း မကောင်းတော့ဘူး။ အလှူရှင်တွေရဲ့ စေတနာတွေဟာ အလကား ဖြစ်သွားနိုင်တယ်။ သားရတဲ့ ငွေလည်း မဖြူစင်တော့ဘူး။ သားစားတဲ့ ထမင်းလုတ်တွေလည်း မဖြူစင်တော့ဘူး။ သားရော နောက်ကျော လုံလုံနဲ့ နေရဲမှာလား။ သား စဉ်းစားကြည့် ပေါ့လေ။ သားကတော့ ထောက်ပံ့ကြေး ငွေတွေနဲ့ ကျူရှင် တက်နေတယ်။ နောက် တစ်ယောက်ကတော့ ဆင်းဆင်းရဲရဲ နေနေရတယ်။ ကိုယ်ချင်းစာ တရားဆိုတာ လူတိုင်း မှာရှိသင့်တယ်လို့တော့ အဖေ ထင်တယ်။ အထူးသဖြင့်တော့ ဆရာဝန် လုပ်မဲ့ သားလို လူမျိုးမှာ ပိုရှိသင့်တာပေါ့။ နေရာတိုင်း မဟုတ်တောင်မှ ထိုက်သင့် သလောက်ပေါ့ သားရယ်။ လူတိုင်းတော့ အဆင် ဘယ်ပြေနိုင်ပါ့မလဲ။ ဒါပေမဲ့လည်း အဆင်မပြေတာကြီးကို အခွင့်အရေး တစ်ခု အနေနဲ့တော့ အသုံးမချ စေချင်ဘူး”

ထောက်ပံ့ကြေး အတွက် လူတွေ့ စစ်ဆေးတော့ ဆရာမကြီး တစ်ယောက် မေးသော မေးခွန်းကို အမှတ် ရမိသည်။ မိသားစု တစ်လ ဝင်ငွေနှင့် ကျောင်းစရိတ် အတွက် တစ်လ ထောက်ပံ့ကြေး ဘယ်လောက် ရှိလဲတဲ့။ အတိအကျ မရှိတောင် ခန့်မှန်းခြေတော့ ပြောပြရသည်။ ပထမ လျှောက်လွှာ စတင်တုန်းကလည်း ဒီမေးခွန်း ပါသည့်အတွက် လျှောက်လွှာထဲက အဖြေနဲ့ ကိုက်အောင်တော့ ဖြေရသည်။ အဖေ့ လစာကိုတော့ အမှန်အတိုင်း ပြောဖြစ်သည်။ဒါပေမဲ့ တစ်လ ထောက်ပံ့ကြေးငွေ ကိုတော့ ကျွန်တော် အမှန်အတိုင်းထက် လျှော့ ပြောခဲ့သည်။ အမှန်အတိုင်း တစ်လ သုံးသောင်းဟု ဖြေလိုက်လျှင် ကျွန်တော် ထောက်ပံ့ကြေးငွေ မရနိုင်တော့မှာကို စိုးရိမ်သောကြောင့် လိမ်ပြော ဖြစ်ခဲ့သည်။ ဒါကိုများ အဖေ သိလိုက်လျှင်တော့ ကျွန်တော့်ကို ဘယ်လောက်များ အပြစ်တင် လိုက်လေမလဲ။ ကျွန်တော် ဘာမှ ထပ်မပြော ဖြစ်သေး။ အဖေ ပြောပြမည့် နောက်ထပ် အကြောင်းပြချက်ကို နားထောင်ချင် သေးသည်။

“နောက်ထပ် တစ်ချက်ကတော့ အဖေ တစ်ယောက်ရဲ့ မာန နောက်တစ်မျိုး ပြောရရင်တော့ အဖေ တစ်ယောက်ရဲ့ အတ္တပေါ့ သားရယ်။ ဘယ် မိဘမဆို ကိုယ့်သားသမီးရဲ့ လိုအင်ဆန္ဒကို ကိုယ်တိုင် ဖြည့်စွက် ပေးချင် တာပေါ့။ သူတစ် ပါးဝင်ရောက် စွက်ဖက်တာကို ဘယ်လက်ခံ ချင်ပါ့မလဲ။ အဖေ တစ်ယောက် အနေနဲ့ တာဝန်မကျေ တာမျိုး မဖြစ်ချင်ဘူး။ သားနားလည်အောင် ပြောပြပေးတာပါ။ ဆေးတက္ကသိုလ် ဆိုတဲ့ အတိုင်းအတာနဲ့ ကျောင်းဆရာ တစ်ယောက်ရဲ့ ဝင်ငွေဟာ ရယ်စရာ ဖြစ်ချင် ဖြစ်နေမှာပေါ့။ ဒါပေမဲ့ သားရယ် အဖေ့မှာ အားအင်တွေ ကျန်နေပါသေးတယ်။ အရွယ်ထောင်း နေတဲ့ ဇရာအို တစ်ယောက် မဖြစ်သေးပါဘူး။ ၅၆ နှစ်ဆိုတဲ့ အရွယ်ဟာ ခွန်အားကို ကောင်းကောင်း အသုံး ချနိုင်ပါသေးတယ်။ အခု အဖေ စိုက်နေတဲ့ စိုက်ခင်းလေးက အဖေ့ကို တစ်မျိုး တစ်ဖုံတော့ ဝင်ငွေပေးမှာပါ။ အဲဒီတော့ သားကို ပိုက်ဆံ ပိုပေးနိုင်မှာပေါ့။ သားလည်း အထိုက်အလျောက်တော့ ပိုအဆင်ပြေမှာပေါ့”

တော်ပါတော့ အဖေရယ်ဟု စိတ်ထဲမှာ ရေရွတ် မိသည်။ ကျွန်တော် တစ်ခါမှ တွေးမထား ခဲ့ဖူးသော အဖေ့ မာနကို ထိပါးသလို ဖြစ်သွားပြီလားဟု နောင်တရ မိသည်။ ကျွန်တော် မှားများ သွားလေပြီလား။ ဒါပေမဲ့ ကျွန်တော့် အတွက်တော့ သည်ပိုက်ဆံ လေးသောင်း ဆိုတာ မက်မောစရာ တစ်ခု ဖြစ်နေတာတော့ အမှန်ပါ။ ခက်ခက်ခဲခဲ ရထားသော အခွင့်အရေး တစ်ရပ်ကို ကျွန်တော် လွယ်လွယ်ကူကူ စွန့်လွှတ် လိုက်ရမှာလား အဖေ။ ဒီအခွင့်အရေးဟာ ကျွန်တော် တစ်ယောက်တည်း အတွက်တင် မကပါဘူး။ ကျန်တဲ့ မိသားစု အတွက်ပါ အဆင်ပြေ နိုင်တယ် ဆိုတာ အဖေ မသိလို့လား။

“စဉ်းစားပါ သား။ ၁၈ နှစ်ဆိုတဲ့ သားအရွယ်ဟာ တွေးတော ဆင်ခြင်နိုင်စွမ်း ရှိနေပြီလို့ အဖေ ယုံကြည်ပါတယ်။ သား ဘာသာ စဉ်းစားပြီး လက်ခံသင့် လက်မခံသင့် သားဘာသာ ဆုံးဖြတ်ပါ။ အဖေ့ ဆန္ဒကတော့ သားကို ပြောပြထားတဲ့ အတိုင်းပဲ”
“ဘုတ်အဖွဲ့က သားကို ရွေးပြီးသွားပြီ အဖေ။ အခုမှ သားပြန်ပေးရင် သားကိုများ အပြစ်တင်ကြ မှာလား”
“ဆရာဆိုတာ တပည့်တွေရဲ့ အမှားကို သွန်သင် ဆုံးမ နည်းလမ်း ပြကြသူတွေပါ သား။ အမှားကို ဝန်ခံတတ်တဲ့ သူကို အပြစ်မတင်တဲ့ အပြင် ခွင့်လွှတ် ချီးကျူးကြ မှာပါ”

နောက်ဆုံး လက်နက် အဖြစ် ကျွန်တော် အသုံးချ လိုက်သော်လည်း အဖေက ဗီတို မဆန်သော အာဏာဖြင့် ပယ်ချလိုက်သည်။ ကျွန်တော် အယူခံ ရှုံးသွားသည် ပေါ့လေ။

၃။

ပြတင်းပေါက်ကို ဖွင့်လိုက်တော့ အပြင်မှာ လရောင်က ဖြာကျ နေသည်။ လရောင်သည် အေးချမ်းသည်ဟု ကြားဖူးသော်လည်း ကျွန်တော့် ဘဝကိုတော့ အေးချမ်းမှု မပေးနိုင်ပါ။ ကျွန်တော့် ရင်ထဲမှ သောကတွေကိုတော့ အေးချမ်းအောင် မစွမ်းဆောင်နိုင်ပါ။ လရောင် အောက်မှာ မြင်နေရသော မိဘမဲ့ကလေး ကျောင်းကတော့ ငြိမ်သက် နေလျက်။ နေ့ကလေးထိန်း ကျောင်းနှင့် အတူတွဲဖွင့်သော ကျောင်းဖြစ်သည်။ နေ့ခင်းတွေမှာ ကလေးတွေ စာအံသံ၊ ဆော့ကစားနေသော အသံတို့နှင့် ဝေစည် နေတတ်သော ကျောင်း မှာ လရောင် အောက်တွင် တိတ်ဆိတ်စွာ အိပ်မောကျ နေသည်။ ကကြီး ပုဒ်မချ၊ ကကြီး ပုဒ်မချ။ နေ့ခင်းပိုင်းတွင် ကြားနေရတတ်သော ကလေးတို့၏ လေးလေးအီအီ ဆိုနေကျ စာအံသံ။ ဒီအသံတွေက ကျွန်တော့်အတွက် အင်အားတွေကို ပေးသည်။ ကျွန်တော့်အတွက် စိတ်ညစ်ညူးစရာ တစ်ခုကြုံလာရတိုင်း ဒီမိဘမဲ့ကလေး ကျောင်းကို ကြည့်နေကျ။ အဖေ၊ အမေတွေနှင့် ကင်းကွာနေရသော မိဘမဲ့ ကလေးများ၏ အဖြစ်ကို ကိုယ်ချင်းစာ ကြည့်ရင်းမှ ငါ့အဖြစ်က သူတို့လောက် မဆိုးသေးပါဘူးဟု စိတ်အား တင်းနေကျ။ အထူးသဖြင့်တော့ သည်ကျောင်းနှင့် သည်ကလေးငယ်များသည် ကျွန်တော့်အတွက် ပျော်ရွှင်မှုတို့ကို ဆောင်ကြဉ်း မပေးနိုင်သော်လည်း စိတ်အားတက်အောင် စွမ်းဆောင် ပေးနိုင်သည်။ ကျွန်တော့် ရင်ထဲမှ သောကတွေကို ဖြေဖျောက်နိုင်စွမ်း ပေးသည်။ သည်အတွက် ကျွန်တော် ကျေနပ် ရပါသည်။

လေးလံနေသော စိတ်သည် ရင်ထဲမှ ပျောက်ပျက် မသွား။ ဒီတစ်ခေါက် အိမ်မှ ပြန်လာသော ကျွန်တော့် စိတ်တွင် စိတ်ရှုပ်ထွေးစရာ တစ်ခု ပူးတွဲလာခဲ့သည်။ ငွေ လေးသောင်း ထောက်ပံ့ကြေး။ ပြီးတော့ အဖေ။ ပြီးတော့ မိသားစု။ တစ်ခုချင်းစီက ကျွန်တော့်စိတ်ကို ရှုပ်ထွေးစေသည်။ သည်အကြောင်းအရာ အားလုံး ပေါင်းလိုက်သော အခါ ကျွန်တော့်မှာ ပင့်သက် ရှိုက်ချိန်ပင် မရနိုင်တော့။ အားလုံး အဆင်ပြေနေမှန်း သိလျက်နှင့် သည်ငွေ လေးသောင်းကို ဘာကြောင့်များ အဖေ ငြင်းပယ် ချင်ပါသနည်း။ ကျွန်တော် နားမလည်နိုင်။ အဖေ ပြောနေကျ ကိုယ်ချင်းစာတရား စာနာ ထောက်ထားမှု တရားတွေက တကယ်ရော အရေးပါရဲ့လား။ ထို အကြောင်းတို့သည် ကျွန်တော့်ကိုရော မိသားစုကိုပါ အဆင်ပြေအောင် စွမ်းဆောင် ပေးနိုင်မှာ မို့လား။ ကျွန်တော် မသိနိုင်ပါ။ အဖေ့ နှုတ်မှ မကြာခဏ ကြားနေကျ နောက်ကျော လုံရမယ်၊ ပြီးတော့ ကိုယ်စားတဲ့ ထမင်းလုတ်ဟာ တတ်နိုင်သမျှ ဖြူစင်ရမယ် ဆိုတာတွေ နားထဲမှာ ကြားယောင် လာပြန်သည်။ ပြတင်းပေါက်ကို အသာ ပြန်ပိတ်ရင်း အိပ်ရာပေါ်သို့ လှဲချ လိုက်သည်။ မနက်ဖြန် ပညာသင် ထောက်ပံ့ကြေး ရွေးချယ်ရေး အဖွဲ့မှ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဆရာမကြီး ဆီကို သွားတွေ့ရမည်။ ထောက်ပံ့ကြေး ငွေကို ပြန်အပ် ရမည်။ သည် အကြောင်းတွေကို တွေးရင်း ရင်လေးနေမိသည်။ ပြန်မပေးဘဲ အဖေ မသိအောင် သုံးနေလျှင်ကော။ အကယ်၍များ သိသွားလျှင်ရော အဖေ ခွင့်လွှတ် နိုင်ပါ့မလား။ ခွင့်လွှတ် နိုင်ဦးတော့ အဖေ့မာန အတွက် အဖေ စိတ်မကောင်း ဖြစ်မည်တော့ သေချာသည်။ မဖြစ်သေးပါ။ ကျွန်တော့် အတွက်တော့ အဖေ စိတ်မဆင်းရဲ စေချင်ပါ။ ကျွန်တော့် ရင်တွေ မောရပါတယ် အဖေ။ ဆုပ်လည်းဆူး စားလည်းရူးတော့ မည်လား။ အဖေ့ ဆန္ဒ အတိုင်း ကျွန်တော် လုပ်ပါ့ မယ် အဖေ။

၄။

“ကျေးဇူး တင်ပါတယ် သားရယ်။ ဆရာမ တကယ်ကို ကျေးဇူး တင်တာပါ။ ဝမ်းလည်း ဝမ်းသာတယ်။ မိဘ စကား နားထောင်တာထက် လုပ်သင့်တာကို လုပ်တတ်တဲ့ စိတ်မျိုးကို လူတိုင်းက ချီးကျူးမှာပါ။ သားလိမ္မာ တစ်ယောက်ကို မွေးထုတ်ပေးတဲ့ သားအဖေ ကိုလည်း ချီးကျူးပါတယ်”

ဆရာမကြီးက မေး၍ အကြောင်းစုံကို မခြွင်းမချန် ပြန်ပြောပြ ဖြစ်သည်။ အဖေဆိုသည့် အသံကြောင့် ကျွန်တော့် ရင်ထဲမှာ မကျေနပ် စိတ်လေး ဝင်လာသည်။ ယခု အချိန်ထိ တိုင်အောင် ကျွန်တော့် စိတ်ထဲမှာ ဘဝင်မကျ နိုင်သေး။ တစ်လငွေ လေးသောင်း အပေါ် ခုံမင်သည့် စိတ်က ဖျောက်ဖျက် မရနိုင်သေးပါ။ အဖေ့ အလို အတိုင်းသာ သည်ငွေကို စွန့်လွှတ် လိုက်မိခြင်း ဖြစ်ပါသည်။ ကျွန်တော့် ဆန္ဒ အတိုင်းသာ ဆိုရင်တော့ မစွန့်လွှတ်နိုင်ပါ။

“သား ဆုံးဖြတ်လိုက်တာ မမှားပါဘူး။ တကယ်တော့ သား ဒီလို ဆုံးဖြတ်တဲ့ အတွက် ဆရာမတို့မှာ လူတော်တစ်ယောက်ကို ဆုံးရှုံးမဲ့ အခွင့်အရေး လက်လွှတ် မသွားဘူးပေါ့ကွယ်”

ဆရာမကြီး စကားကြောင့် ကျွန်တော် နားမလည် ဖြစ်သွားသည်။

“ဘာကို ပြောတာလဲ ဆရာမ။ ကျွန်တော် နားမလည်ဘူး”
“ဒီလိုသား။ သားနဲ့ တစ်တန်းတည်းက ကျောင်းသား တစ်ယောက် ရှိတယ်။ သူ့မှာ ကျောင်းဆက် တက်ဖို့ အခက်အခဲ ရှိနေတယ်။ သူတို့ မိသားစုက အင်မတန် ဆင်းရဲတော့ ပထမနှစ်မှာ တင်ပဲ တော်တော် အကျပ်အတည်း တွေ့နေကြတာ။ သူကလည်း ကျောင်းဆက် တက်ချင်တဲ့ စိတ်ကြောင့်သာ ကြိုးစားပြီး တက်နေရတာ။ ဒီနှစ်ကို နှစ်လလောက် တက်ပြီး ကတည်းက သူ့မိဘတွေက ဆက်ထောက်ပံ့ နိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ဒါကြောင့် သူ ကျောင်းနားဖို့ စဉ်းစား နေတာ။ ထောက်ပံ့ကြေး လျှောက်တဲ့ အထဲမှာ သူလည်း ပါတယ်။ သားတို့ ဒုတိယနှစ်အတွက် နောက်ဆုံးလူ ရွေးတဲ့ အခါမှာ သားနဲ့ သူနဲ့က နောက်ဆုံး ဆန်ခါတင် ထဲမှာ ကျန်နေတယ်။ ဆရာမ တို့လည်း တော်တော် ဦးနှောက် ခြောက်အောင် ရွေးရတယ်။ သားတို့ နှစ်ယောက် စလုံးလည်း ဆင်းရဲကြတာချင်း၊ ကျောင်းဆက် တက်ဖို့ ခက်ခဲ နေကြသူတွေချင်းက တူနေတယ်လေ။ နောက်ဆုံးတော့ ဆင်းရဲတာချင်း တူရင် ပညာတော်သူကို ဦးစားပေးရမယ် ဆိုတဲ့ ဘုတ်အဖွဲ့ကြောင့် သားကို ရွေးလိုက် ကြတာ”

ကျွန်တော် နည်းနည်းတော့ နားလည် လာသည်။ ကျွန်တော်နှင့် အတူတူ လျှောက်လွှာ တင်သူက ဆရာမကြီး အပြောအရ ကျွန်တော့်ထက်တောင် ပိုမို ကျပ်တည်း နေပေမည်။ ကျွန်တော်က ပထမနှစ်မှာ တုန်းက ဂုဏ်ထူး နှစ်ခု ပါသောကြောင့် နှာတစ်ဖျား သာသွားခဲ့ခြင်းပင် ဖြစ်မည်။

“အခု သူ ကျောင်း ဆက်တက် သေးလား ဆရာမ”
“အခု ဆရာမ ပြောပြမလို့။ စောစောကတင် သား ရှေ့က ထွက်သွားတဲ့ တစ်ယောက်လေ။ ကျောင်းပိတ်ရက်မှာ အိမ်က မိဘတွေနဲ့ တိုင်ပင်ပြီး ကျောင်းနားဖို့ ဆုံးဖြတ် လိုက်တယ်။ ခုနကတင် ရပ်နားခွင့် တင်ထားခဲ့တဲ့ အကြောင်း လာပြောရင်းနဲ့ ဆရာမကို လာကန်တော့တာလေ။ အခု သားကြောင့် ဆရာမတို့မှာ ကျောင်းသား တစ်ယောက် ဆုံးရှုံးမဲ့ အခွင့်အရေးက လက်လွတ် မသွားတာပေါ့ကွယ်”

အဖေ ပြောလိုက်သည့် စကားတွေကို ပြန်သတိရသည်။ အဖေ့ ဗိုက်ထဲမှာများ ပုဏ္ဏား ရှိနေသလား ကျွန်တော် မတွေးတတ်တော့။ နောက်ကျောမလုံသည့် ထမင်းကို မစားမိအောင် ကျွန်တော့်ကို အဖေ ကယ်တင် လိုက်ခြင်းပင်။ ကြက်သီး တဖျဉ်းဖျဉ်း ထလာသလို ကြည်နူးမှုတွေ ကလည်း အတိုင်းမသိ။ ခွင့်လွှတ်ပါ အဖေ။ ကျေးဇူးတင် ပါတယ်ဟု စိတ်ထဲက တောင်းပန်မိသည်။ လျှံတက်လာသော မျက်ရည်တို့ကို အသာထိန်းရင်း ခုံပေါ်မှ ဆင်းကာ ဆရာမကြီးကို ကန်တော့သည်။

“ခွင့်လွှတ်ပါ ဆရာမ။ ကျွန်တော် မှားပါတယ်။ ကျွန်တော်ကြောင့် ဆရာမတို့ မှာ စိတ်ဒုက္ခ ရောက်ရပါတယ်။ ကျွန်တော့် အပြစ်ပါ။ ကျွန်တော် တောင်းပန်ပါတယ်”
“ခွင့်လွှတ်ပါတယ် သားရယ်။ အမှားကို မြင်လို့ အမှန်ကို တောင်းဆိုတဲ့ သူတစ်ယောက်ကို ဆရာမတင် မကဘူး လောကကြီး ကလည်း ခွင့်လွှတ် ပါတယ်။ ကိုယ်ချင်းစာတရား ဆိုတာ လူတိုင်း နေရာတိုင်းမှာ ကိန်းအောင်း နေတတ်တာ မဟုတ်ဘူး။ ဟောဒီ လောကမှာ ဗြဟ္မစိုရ် တရားတွေ ရှားပါးနေတဲ့ အချိန် ရောက်နေပြီ။ လူတွေရဲ့ အလိုမပြည့်မှု တွေကြောင့် ကိုယ်ချင်းစာတရားတွေ လျော့ပါး နေကြပြီ။ ဒီလို အချိန်မှာ သားလို လူတစ်ယောက်ကို ဆရာမ ကျေကျေနပ်နပ်ကြီးကို ခွင့်လွှတ် ပါတယ်ကွယ်။ အကျိုးအကြောင်း တိုက်ဆိုင်လို့ တို့ တစ်တွေ လူဖြစ်လာ ကြတာ။ လူသားချင်း ကူညီရိုင်းပင်း ကြရမှာပေါ့။ ကိုယ့်ကိုယ် ကိုလည်း အပြစ် မတင်ပါနဲ့ သားရယ်။ အရွယ်ငယ်သေးတော့ စဉ်းစားတတ်တဲ့ အတွေ့အကြုံ နုနေသေးတယ် လို့ပဲ အောက်မေ့ လိုက်ပါ။ နောင်ကျရင် ဒီလို သဘောထား ကြီးသထက် ကြီးနိုင်အောင် ကြိုးစားတတ်တဲ့သူ ဖြစ်ပါစေ။ အမျိုးဘာသာ သာသနာ့ အကျိုးကို ဆတက် ထမ်းပိုး သယ်ပိုးနိုင်တဲ့ အမျိုးကောင်းသား ဖြစ်ပါစေလို့ ဆရာမ ဆုတောင်းပေး ပါတယ်။ သားအတွက် ကျောင်းလခနဲ့ ကားလခ လွတ်ငြိမ်းခွင့်ကို ဆရာမ ထောက်ခံချက်နဲ့ ရအောင် လျှောက်ပေးပါ့မယ်။ ဒီလောက်ဆိုရင် သားအတွက် ငွေပိုတော့ ထွက်လာနိုင်မှာပါ”

ကျွန်တော့် မျက်ရည်တို့ကို ကျွန်တော် ကိုယ်တိုင်တောင် မထိန်းနိုင်။ တစ်ဖက်ကတော့ အဖေ့ စကားကို ကျေးဇူးတင်လျက်၊ တစ်ဖက်မှာတော့ ကိုယ့်မိုက်ပြစ်ကို ကျွန်တော် ကိုယ်တိုင် နောင်တရလျက်။ ဝမ်းသာ ဝမ်းနည်းကို အခုမှ တစ်ပြိုင်တည်း ခံစားဖူး ရသည့် အလား။ ဖော်မပြ နိုင်လောက်သော ခံစားမှုတို့သည် ရင်ထဲမှာ စုန်လျက် ဆန်လျက်။ ဆရာမဆီမှ အပြန်တွင် ကျွန်တော့် စိတ်ထဲ ပေါ့ပါး သွက်လက် နေသည်။ တစ် ဖက်သူကို ကျွန်တော် မသိသော်လည်း သူ့ပျော်ရွှင်မှုတွေ ကိုတော့ ကျွန်တော် မှန်းဆ၍ ရနေသည်။ အဖေနဲ့ အတူ အားလုံးကို ကျေးဇူး တင်လျက်။

၅။

“အစ်မ ကြက်ရိုး ကျန်သေးလား”
“ညီမလေးရေ ကြက်ရိုး ကျန်သေးလား”

ကျွန်တော်နှင့် ဆိုက်ကား ဆရာကြီး၏ ပြိုင်တူ မေးလိုက်သော အသံကြောင့် ထမင်း ဆိုင်ရှင်က ရယ်သည်။

“ဒီတစ်ခါ ဘယ်သူ အရင် ရောက်တာလဲ။ ကြက်ရိုးက တစ်ထုပ်ပဲ ကျန်တယ်”

ဒီတစ်ခါလည်း ကျွန်တော်က အရင် ရောက်နေတာ ဖြစ်သည်။ ကြက်ရိုး အပေါ် ခုံမင် တွယ်တာနေ စိတ်ထက် ကိုယ်ချင်းစာတရားတို့ ကျွန်တော့် ရင်ထဲတွင် ကိန်းအောင်း နေသောကြောင့်လားတော့ မသိ။ ကျွန်တော့် နှုတ်မှ စကားတစ်ခွန်း ထွက်သွားသည်။

“တစ်ယောက် တစ်ဝက်စီ ခွဲပေးပါ အစ်မ”

ဇေဦးယျာ
ရွှေအမြုတေမဂ္ဂဇင်း
ဇန်နဝါရီ ၂၀၁၃
[၂၀၁၃ခုနှစ် အဌမအကြိမ်
ရွှေအမြုတေစာပေဆု
(မျိုးဆက်သစ်ဆုရ) ဝတ္ထုတို] 

No comments