ဗြဟ္မာမှန်လျှင် ဗမာ ၊ ဗမာမှန်လျှင် ပျူ ၊ ပျူမှန်လျှင် မြန်မာ ( ၁ )
ဗြဟ္မာမှန်လျှင် ဗမာ ၊ ဗမာမှန်လျှင် ပျူ ၊ ပျူမှန်လျှင် မြန်မာ ( ၁ )
{} ကမ္ဘာကြီး ပျက်စီးပြီး၍ ကမ္ဘာပြုမိုး ရွာသွန်းပြီးလျှင် ကမ္ဘာ့မြေပြင်တစ်ခုလုံး အဆီအနှစ် အနံ့အရသာတို့နှင့် ပြည့်စုံသော ရသပထဝီ မြေဆီ မြေလွှာ မြေဩဇာများ ဖြစ်ပေါ်လာကြသည်။
{} ပထမဦးဆုံးသော ကမ္ဘာစတင် တည်ရာ၌ စတင်ဖြစ်ပေါ်လာသော ဘုံအဖြစ် အာဘဿရဘုံ ပေါ်ပေါက်လာ၏၊ ထိုဘုံ၌ အဦးဆုံးသော ဗြဟ္မာကြီးများ ခန္ဓာကိုယ်ထင်ရှား ဖြစ်ပေါ်လာကြသည်၊ ကမ္ဘာ့ပထမဦးဆုံးသော ကမ္ဘာစတင် တည်ရာ၌ သက်ရှိသတ္တဝါတို့ စတင်ဖြစ်ပေါ်ခဲ့ရာ ဗြဟ္မာ့ဘုံပင် ဖြစ်ပါသည်။ ထို့နောက် နတ်ဘုံ လူ့ဘုံစသော ဘုံများ ပေါ်ပေါက်လာကြ၏။
{} ထိုမှ နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးနောက် ဗြဟ္မာ့ဘုံ ဗြဟ္မာ့ပြည်မှ ဗြဟ္မာကြီးများသည် ထိုဗြဟ္မာ့ဘုံ ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ဘုံ လူ့ပြည် လူ့လောကကမ္ဘာမြေပေါ်၌ ခန္ဓာကိုယ်ထင်ရှား ဖြစ်ပေါ်လာကြ၏၊ လူ့ပြည် လူ့လောက၌ ကမ္ဘာ့ ပထမဦးဆုံးသော ကမ္ဘာဦးလူသားမျိုးနွယ် စတင်ပေါ်ပေါက်လာခြင်းပင် ဖြစ်ပါသည်။ ဘုရားအလောင်းတော်သည်လည်း ထိုဗြဟ္မာဟူသော ကမ္ဘာဦးလူသားမျိုးနွယ်တွင် အပါအဝင် လူသားတစ်ဦးဖြစ်ခဲ့သည်၊ ( မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကလည်း ဓမ္မကာယ ဗြဟ္မကာယ, ဓမ္မဘူတ ဗြဟ္မဘူတဆိုတာ ငါဘုရား၏ အမည်ရင်းပေတည်းဟု မိန့်တော်မူခဲ့သည် ) ထိုကမ္ဘာဦးလူသားတို့သည် ဗြဟ္မာ့ပြည်မှ စုတေလာသော သတ္တဝါများ ဖြစ်သောကြောင့် ကိုယ်ပိုင် ကိုယ်ရောင်ကိုယ်ဝါများ ထွန်းလင်းတောက်ပလျက် ကောင်းကင်ပေါ်မှာ သွားလာနိုင်ကြ၏၊ ဈာန် ပီတိစား အသက်ရှင်သန် နေနိုင်ကြ၏။
{} ထို့နောက်မှ နှစ်သန်းပေါင်းများစွာ ရှည်ကြာကုန်လွန်ပြီးနောက် စပ်စပ်စုစုနိုင်လှ၍ လက်မငြိမ်သော ဗြဟ္မာလူသားတစ်ဦးသည် ပူသောနို့ရည် အေးခဲသွားသောအခါ အပေါ်လွှာမှာ နို့မလိုင်အနှစ်တက်နေသကဲ့သို့သော အနံ့အရသာနှင့်ပြည့်စုံသော ရသပထဝီ ကမ္ဘာ့မြေဆီ မြေဩဇာကို လက်ညှိုးနှင့်ကော်ယူ မြည်းစမ်းကြည့်၏၊ လူသားတို့၏ ပထမဦးဆုံးသော စူးစမ်းလေ့လာချင်စိတ်ပင် ဖြစ်၏။ နောက်လူသားများကလည်း လိုက်၍လိုက်၍ မြည်းစမ်းကြည့်ကြရာ ချိုမြိန်ကောင်းမြတ်သော အရသာကို ခံစားနှစ်သက်မိကြရာမှ ရသတဏှာ ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ရှိပြီးသားကိုယ်ရောင်ကိုယ်ဝါများ ပျောက်ကွယ်လျက် ကမ္ဘာမြေပြင်တစ်ခုလုံး အမှောင်ထုကြီး ဖြစ်ပေါ်လာပြီးလျှင် တစ်ဦးနှင့်တဦး မမြင်တွေ့ကြရတော့ပေ။
{} ထိုအခါ အမှောင်ထုကြီးအတွင်းမှာ နေကြရ၍ ကြောက်လန့်တုန်လှုပ်စိတ် ဖြစ်ပေါ်လာ၏၊ ထို့ကြောင့် ထိုဗြဟ္မာနွယ် ကမ္ဘာဦးလူသားတို့၏ ကံအလျောက် အလင်းရောင် ဖြစ်ပေါ်လာသည်၊ အလင်းရောင်ကို မြင်လျှင် ကြောက်စိတ် ပျောက်ကင်း၍ ရဲ့ရင့်စိတ် ပေါ်လာသောကြောင့် သူရိယ( နေ )ဟု ခေါ်ဆိုကြ၏၊ တဖန် နေရောင်ပျောက်လျှင် ညအမှောင်ရောက်လာ၍ နေရောင်ကဲ့သို့သော အရောင်အလင်းကို တောင့်တမျှော်လင့်မိပြန်သော ဗြဟ္မာဟူသောကမ္ဘာဦးလူသားတို့၏ အလိုဆန္ဒအတိုင်း ဆန္ဒ=စန္ဒ ( လ ) အလင်းရောင် ပေါ်လာသည်၊ ထို့နောက် နက္ခတ် ကြယ်တာရာများ, မြင်းမိုရ်တောင်, စကြဝဠာတောင်, တောတောင် သမုဒ္ဒရာစသည်များ ဖြစ်ပေါ်လာ၏၊
ဗြဟ္မာဟူသော ကမ္ဘာဦးလူသားတို့၏ အလိုဆန္ဒ အကျိုးအတွက် အလိုလိုဖန်ဆင်းပြီးသား အရန်သင့်ဖြစ်ပေါ်လာကြရခြင်းဖြစ်
၏၊ နေ လ နက္ခတ် ကြယ်တာရာတို့သည် မြင်းမိုရ်တောင်ကို လှည့်ပတ်သွားလာကြ၏။
{} နှစ်သန်းပေါင်းများစွာ ရသပထဝီကို စားပြီး အသက်ရှင်နေထိုင်လာကြသည်ရှိသော် ရုပ်အဆင်း ဖောက်ပြန်ကြမ်းတမ်းလာပြီး ရုပ်အဆင်း လှ မလှဖြစ်လာကြရာမှ တစ်ဦးနှင့်တဦး အလှမာန် မလှမာန်ရစ်ကြသောကြောင့် မလိုင်အနှစ်တက်နေသော မြေဆီ မြေဩဇာလည်း ပျောက်ကွယ်သွား၏။ ထိုအခါ မှိုပွင့်များကဲ့သို့ ဘူမိပပ္ပဋက အနံ့အရသာနှင့် ပြည့်စုံပြီး ချိုမြိန်ကောင်းမြတ်သော မြေလွှာ မြေဩဇာများ ဖြစ်ပေါ်လာကြ၍ နှစ်သန်းပေါင်းများစွာ ထို မြေလွှာ မြေဩဇာများကို စားသုံး ရှင်သန် နေထိုင်ခဲ့ကြရာ ရုပ်အဆင်းများ ပိုမိုကြမ်းတမ်းလာပြီး ပိုမို အဆင်းမာန်ရစ်လာကြသောကြောင့် ဘူမိပပ္ပဋ မြေလွှာ မြေဩဇာများ ပျောက်ကွယ်သွား၏။ ထိုသို့ မြေလွှာ ကွယ်ပျောက်ပြီးသော် ပဒါလတာ ကန်စွန်းနွယ်ကဲ့သို့ မြေအပေါ်လွှာဝယ် အမြှောင်းအမြှောင်း အက်ကြောင်းများဖြစ်လာသော ချိုမြိန်သော နွယ်ချိုများကို စားသောက်ပြီး နှစ်သန်းပေါင်းများစွာ အသက်ရှင်သန် နေထိုင်လာ
ကြသည်၊ ကမ္ဘာဦးလူသားတွေ စားသုံးဖို့ ဖြစ်ပေါ်လာသော နွယ်ချိုများမှာလည်း ပို၍ ပို၍ အားကြီးသော ရုပ်အဆင်း မာန်မာနရစ်မူးမှုတွေကြောင့် နွယ်ချိုပျောက်၍ ချက်စရာမလို အသင့်စားသုံးနိုင်သော ဆန်လုံးချည်းသာ သီးသော သလေးဆန်များ အလေ့ကျ ပေါက်လာကြ၏။
{} ထို သလေးဆန်များကို ဆွတ်ယူစားသောက်ရာမှစ၍ မိန်းမအဂ်ါ ယောကျ်ားအဂ်ါများ ထင်ရှားပေါ်ပေါက်လာကြသည်၊ အိမ်ထောင် သားမွေးခြင်းအမှုကို ပြုလုပ်လာကြ၏၊ အသိဉာဏ်မြင့်မားသော ပုဂ္ဂိုလ်တို့၏ ကဲ့ရဲ့အပြစ်တင်ခြင်းကို အကြောင်းပြု၍ အမိုးအကာကဲ့သို့သော လုံခြုံရာ နေရာများကို ရှာဖွေဆောက်လုပ် နေထိုင်လာကြတော့၏။ ( ထို ကမ္ဘာဦးအစ ကာလကတည်းက အိမ်, ရွာနိဂုမ်း ယဉ်ကျေးမှုကြီးတွေ ထွန်းကားနေပြီ၊ အနှစ်- ၄သိန်း အညာသားယဉ်ကျေးမှု, ပီကင်း, ဂျာဗားလောက်ကို စကားထဲတောင် ထည့်မပြောသင့်တော့ )၊ ထိုသို့ နှစ်သန်းပေါင်းများစွာ ကာလကြာအောင် သလေးဆန်များ စားပြီး အသက်ရှင် နေထိုင်လာကြသည်၊ ထို့နောက် ပျင်းရိသော ကမ္ဘာဦးလူသားတစ်ယောက်သည် သွားရောက်ခူးဆွတ်စရာ မလိုအောင် သလေးဆန်များကို စုဆောင်းထားတတ်လာခြင်းမှ အစပြု၍ နောက်လူတို့ အတုလိုက် လုပ်ဆောင်လာကြရာ လူသားတို့၏ လောဘကြောင့် သလေးပင်များ ပြန်လည်မပေါက် ကွယ်ပျောက်လေသော် အခွံရှိသော စပါးများကို ရှာဖွေစိုက်ပျိုး စားသောက်ရှင်သန်ကြတော့သည်။ ( ကမ္ဘာဦးအစ ကာလကတည်းက စိုက်ပျိုးရေးစတင် ထွန်းကားနေပြီ )
{} ဤသို့ဖြင့် ကာလရှည်ကြာ နေထိုင်ခဲ့ကြရာ အသချေ်ယျသက်တမ်း ရှိကြကုန်သော ကမ္ဘာဦး ဗြဟ္မာမျိုးနွယ် လူသားတို့သည် သူတစ်ပါးဥစ္စာကို အချောင်နှိုက်တတ်သော လူသားတစ်ဦးကို အကြောင်းပြု၍ အချင်းများ ရိုက်နှက်ပုတ်ခတ်လာတတ်ကြသည်အထိ ဖြစ်ပေါ်လာလေသော် မိမိတို့အမျိုးအနွယ် ကြီးပွားရာကြီးပွားကြောင်း အကျိုးရှိ အကျိုးမဲ့စသည်တို့ကို ညွှန်ပြ ပြောဆို ဆုံးမတတ်သော အကြီးအကဲ ခေါင်းဆောင်ကောင်း တင်မြှောက်ရန် စုပေါင်းတိုင်ပင်ကြသည်၊ ထိုအခါ ရုပ်ရည်အဆင်းအားဖြင့် လည်းကောင်း၊ အသိအလိမ္မာ ဉာဏ်ပညာ ဘုန်းသမ္ဘာအားဖြင့် လည်းကောင်း အကြီးမြတ်ဆုံး ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးတစ်ဦးကို အကြီးအကဲ ဦးစီးခေါင်းဆောင်ကြီးအဖြစ် အများဆန္ဒ သဘောညီကြလျက် ဝမ်းမြှောက်ဝမ်းသာ ရွေးချယ်တင်မြှောက်လိုက်ကြသည်၊ အများသဘောတူ ရွေးချယ်တင်မြှောက် သမုတ်အပ်သောကြောင့် မဟာသမ္မတမင်း ဟူ၍ ခေါ်ဆိုကြသည်၊ လယ်မြေထွက် ဆန်စပါး ဆယ်ဖို့တစ်ဖို့ အခွန်ရသောကြောင့် ခတ္တိယ ဟူ၍ လည်းကောင်း၊ တိုင်းသူပြည်သားတို့ ကျေနပ်နှစ်သက်ကြခြင်းကြောင့် ရာဇာ ဟူ၍ လည်းကောင်း ခေါ်ဆိုကြ၏၊ ထိုမင်းကား...အခြားသူမဟုတ် သင်တို့ ကျွနှ်ုပ်တို့၏ ဘုရားအလောင်းတော်မြတ်ကြီးပင် ဖြစ်တော်မူသတည်း။
{} ထိုဗြဟ္မာမျိုးနွယ် (နေထွက်ရာအရှေ့ဘက် အရပ်ဒေသ၌ နေထိုင်သူများဖြစ်၍လည်း) အာဒိစ္စဝံသ= နေမျိုးနေနွယ်ဘွဲ့ခံ မဟာသမ္မတမင်းမြတ်ကြီးသည် လူသားမျိုးနွယ်တစ်ခုလုံးနှင့်တကွ တစ်လောကလုံး, လောကဓာတ်ကြီးတစ်ခုလုံး၌ ရှိကြသော သက်ရှိသက်မဲ့ အရာအားလုံးကို အစိုးရ၏၊ ကျိုးကြောင်းပြ၍ ဆုံးမ၏၊ လမ်းညွှန်၏၊ ဦးဆောင်ဦးရွက် ပြု၏၊ ခေါင်းဆောင်ကောင်း, ဘုရင်ကောင်း, မင်းကောင်းမင်းမြတ် ဖြစ်၍ သတ္တဝါအားလုံးတို့၏ လေးစားကြည်ညိုမှု အားထားမှီခိုမှု ချစ်ခင်ရိုသေမှု အပြည့်အဝ ရရှိခဲ့လေသည်။ နောက် ကာလကြာသော် တောတောင်တွေထဲဝင် သစ်ရွက်မိုးကျောင်းများ ဆောက်လုပ်၍ နေထိုင်ကာ တရားကျင့်ကြသူတွေကို ဗြာဟ္မဏမျိုးဟု ခေါ်ကြ၏၊ ထိုဗြာဟ္မဏမျိုးတို့သည် မနက်စာ ညစာကို တောမှထွက်၍ ရွာနိဂုမ်း မင်းနေပြည်တော်တွေမှာ ဝင်ရောက်ရှာဖွေပြီးလျှင် တောထဲပြန်ဝင် တရားကျင့်ကြံကြသည်။ ( ကမ္ဘာဦးကတည်းက ရွာနိဂုမ်း, မြို့ပြယဉ်ကျေးမှုလည်း ထွန်းကားနေပြီတကား ) ထို့နောက် အရောင်းအဝယ် အလုပ်, နွားမွေးမြူရေး အလုပ်များ လုပ်ကိုင်ကြသော ဝေဿမျိုးများ၊ အလုပ်ကြမ်းဖြင့် အသက်မွေးကြသော သုဒ္ဒမျိုးများဟူ၍ ဗြဟ္မာခတ္တိယမင်းမျိုး, ဗြာဟ္မဏပုဏ္ဏားမျိုး, ဝေဿကုန်သည်မျိုး, သုဒ္ဒသူဆင်းရဲမျိုးဟူသော အမျိုး( ၄ )ပါးတို့ ဖြစ်ပေါ် ခေါ်ဆိုခဲ့ကြပါတော့သည်။ ..........
( ..... ဆက်ရန် ..... )
Credit.. #အရှင်ဝါသေဋ္ဌ
ကျမ်းကိုး-
အာဒိကပ္ပ ကမ္ဘာဦးနှင့်စပ်သော ဗုဒ္ဓစာပေ
ကျမ်းဂန်များ.....
ဦးလှသိန်းထွဋ်၏ ဗုဒ္ဓသည်
မြန်မာလူမျိုး.....
ဆရာတော် ဦးသီရိ၏ မော်ဆယ်ရွာ စေတီတော်သမိုင်းနှင့် ကဒူးရာဇဝင် အတ္ထုပ္ပတ္တိ.....
ဆရာတော် ဦးကောသလ္လ၏ "ဗြဟ္မနိရုတ္တိနယသင်္ဂဟ"ခေါ် "မြန်မာစကားလုံး ပြောင်းထုံးကျမ်း".....
ဦးဘုန်းတင့်ကျော်၏ လွန်ခဲ့သော နှစ်၂၂၀၀ အထောက်အထားရှိသည့် မြန်မာ့သမိုင်းမှန်.....
ဦးဘုန်းတင့်ကျော်၏ ပျူစစ်လျှင်
မြန်မာ.....
ထိုထို သမိုင်းပညာရှင်ကြီးတို့၏ မြန်မာ့သမိုင်းမှန် မှတ်တမ်း၊ မှတ်စုများ.....
ထိုထို ရာဇဝင်တော်ကြီးများနှင့်
သမိုင်းမှတ်တမ်းများ.....
No comments