New Artical

ဒေါ်ရွှေရင်ကြီးကို မကြောက်လို့


 ဒေါ်ရွှေရင်ကြီးကို မကြောက်လို့


ဒေါ်ရွှေရင်နှင့် ကျွန်တော်သည် ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်များ ဖြစ်ကြပါသည်။ ခုမှ မဟုတ်။
ငယ်ငယ်ကတည်းက ရန်စက ရှိခဲ့သည်။ ပထမဆုံးအကြိမ် ရန်ဖြစ်ခဲ့စဉ်က ကျွန်တော့်အသက် ကိုးနှစ်သား။
သူက အသက်ခြောက်ဆယ်။ သူသည် မြေးအရွယ်လောက်သာရှိသော ကျွန်တော်နှင့် ဖက်ပြီး ရန်ဖြစ်ဖို့ ဝန်မလေးခဲ့ချေ။ ကျွန်တော်ကလည်း ငယ်သာ ငယ်သည်၊ ခပ်စွာစွာအကောင်ဆိုတော့။


ဒေါ်ရွှေရင်တို့ခြံနှင့် ကျွန်တော်တို့ခြံသည် ကပ်လျက်ဖြစ်သည်။ အလယ်မှာ ခြံစည်းရိုးတစ်ခုသာ ခြားသည်။
ခြံစည်းရိုးဆိုသော်လည်း အုတ်တံတိုင်းတွေ၊ သံဆူးကြိုးတွေ မဟုတ်။ ပုဏ္ဏားရိပ်ပင်တန်းမျှသာ ဖြစ်သည်။
တချို့နေရာတွေမှာဆိုလျှင် အပင်တွေ ကျိုးတိုးကျဲတဲသာ ရှိသည်။ ထို့ကြောင့် ခြံနှစ်ခြံကြားတွင် စည်းခြားထားသည် ဆိုရုံမျှသာ။ သူ့ခြံ ကိုယ့်ခြံ ဘယ်နေရာက ဖြတ်ကူးကူး အလွယ်ကလေး။ ထိုအခါ
သူ့ခြံသည် ကျွန်တော်တို့ ဝင်ထွက်သွားလာ ဆော့ကစားနေကျ။

ဒေါ်ရွှေရင်သည် အပျိုကြီးဖြစ်သည်။ သူ့ခြံက အကျယ်ကြီး။ ခြံအလယ်က အိမ်ကြီးမှာ သူနေသည်။

အောက်ထပ်မှာ အိမ်ငှားတွေရှိသည်။ သို့ရာတွင် သူတို့က မနက် အလုပ်သွားကြ၊ ညနေမှ ပြန်လာကြခြင်း ဖြစ်သည်။ နေ့လယ်နေ့ခင်းဆိုလျှင် ဒေါ်ရွှေရင်နှင့် ကလေးမလေး တစ်ယောက်သာ ရှိသည်။
ကျွန်တော်တို့ခြံထဲမှာ သရက်ပင် လုံးဝမရှိ။ သူ့ခြံနှင့် ကျွန်တော်တို့ခြံ၏ နယ်နိမိတ်စည်းရိုးပေါ်မှာ ခွလျက် ပေါက်နေသော သရက်ပင်တစ်ပင်တော့ ရှိသည်။ သို့ရာတွင် ငယ်သေးလို့ အသီးမသီးသေး။

သူ့ခြံထဲမှာတော့ သရက်ပင်တွေ တော်တော်များများ ရှိလေသည်။
ကျွန်တော်သည် အသက်ကိုးနှစ်သားအရွယ်တွင် လေးခွစကိုင်သည်။ လေးခွနှင့် သရက်သီးသည်
အလွန်လိုက်ဖက်သောအရာများ ဖြစ်ပေရကား သူ့ခြံတွင်းမှ သရက်ပင်များကို မျက်စိကျမိလေသည်။

သရက်သီးသီးချိန်တိုင်း လက်တည့်စမ်းခဲ့လေတော့သည်။
သူသည် အပျိုကြီးပီပီ သံယောဇဉ်ထားစရာ မရှိတိုင်း သရက်ပင်တွေကိုသာ ပုံ၍ ချစ်နေပုံရသည်။

အမြဲလိုလို ဂရုစိုက် စောင့်ကြပ်နေလေ့ရှိသည်။ ကျွန်တော်တို့ကလည်း လစ်လျှင်လစ်သလို
ဝင်တွယ်လိုက်သည်။ သူထွက်အော်လျှင် အသာလေး ပုန်းနေလိုက်၊ သူပြန်ဝင်သွားတာနှင့် ပြန်ပစ်လိုက်။

နေ့လယ်နေ့ခင်း သူခဏတဖြုတ် တစ်ရေးအိပ်လျှင်မူ ကျွန်တော်တို့သဘောရှိ ပစ်ခွင့်ရသည်။ သို့ရာတွင်
သူ့ကို သတိပေးမည့်အရာက ရှိနေသည်။
အိမ်ခေါင်မိုးနှင့် လောက်စာလုံးသည် မကင်းရာမကင်းကြောင်းတွေ ဖြစ်သောကြောင့်။

“ဒေါင်”

ဒေါ်ရွှေရင့် အိမ်ခေါင်မိုးသွပ်ပြားပေါ်သို့ လောက်စာလုံးကျသံ။

“ဘယ်သူတွေလဲဟေ့.. သရက်သီးပစ်နေတာ”

ဒေါ်ရွှေရင်၏ လက်တုန့်ပြန်ခြင်း။

တစ်ခါတလေ ကျွန်တော်တို့က ပုန်းအောင်းနေရာမှ သရက်သီးပစ်ဖို့အထွက်၊ သူက ဝရန်တာထွက်အရပ်
ဆုံတတ်သည်။ ထိုအခါ သူက မိုးမွှန်အောင်ဆဲသည်။ ကျွန်တော်တို့က..

“ဒေါ်ရွှေရင်ကြီးကို မကြောက်လို့ လန်ဒန်မြေပဲယို ချီးယို ချီးယို”

အော်ပြီး ထွက်ပြေးကြသည်။ သူ ဆွေ့ဆွေ့ခုန်ပြီး ကျန်ရစ်သည်။

တစ်ခါတော့ ကျွန်တော် သတိလစ်သွားသဖြင့် ခံလိုက်ရသည်။ နေ့လယ်ဘက် သူအိပ်နေပြီဆိုပြီး
စိတ်ချလက်ချပစ်နေတုန်း သူနောက်က အလစ်ဝင်လာတာကို မသိလိုက်။ ကျွန်တော့်ကုတ်ပိုးကို ဆတ်ခနဲ
ဖမ်းကိုင်လိုက်သည်။ ကျွန်တော်က အလွတ်ရုန်းပြီး ထွက်ပြေးဖို့ ကြိုးစားသည်။ သူက ကျွန်တော့်လက်ကို
ဖမ်းဆွဲထားသည်။ ကျွန်တော်က သူ့လက်ကို ခါချပြီး ထွက်ပြေးသည်။ လူက လွတ်သွားသော်လည်း
လေးခွသည် သူ့လက်ထဲမှာ ကျန်ခဲ့သည်။
ဒေါ်ရွှေရင်သည် ထင်းခွဲသည့် ဓားမကြီးဖြင့် ကျွန်တော့်လေးခွကို အစိတ်အစိတ်အမွှာမွှာဖြစ်အောင်
ခွဲပစ်လိုက်သည်။ ကျွန်တော်သည် အကြီးအကျယ် ဒေါသဖြစ်သွားပြီး သူ့အိမ်ခေါင်မိုးပေါ်သို့ ခဲမိုး
ရွာချပစ်လိုက်သည်။ သူက အမေ့ကို လာတိုင်သည်။ အမေက ကျွန်တော့်ကို ဆူသည်။

ထိုအခါမှစ၍ သူနှင့်ကျွန်တော် ရန်စရှိခဲ့ခြင်းပင် ဖြစ်လေသည်။


ကျွန်တော် အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် လူပျိ်ုပေါက်အရွယ် ရောက်သောအခါ
လေးခွမကိုင်တော့ချေ။ သို့ရာတွင် ဒေါ်ရွှေရင်နှင့်တော့ ငြိမ်းချမ်းရေး မလုပ်ရသေးပါ။

ထိုအချိန်တွင် သူ့ခြံနှင့် ကျွန်တော်တို့ခြံ နယ်နမိတ်ကို ခွနေသော သရက်ပင်သည်
စတင်သီးလေတော့သည်။ ထိုအပင်သည် စိမ်းစားသရက် ဖြစ်သည်။ မှည့်အောင် စောင့်ဖို့မလို။

စိမ်းနေစဉ်ကတည်းက စားလို့ကောင်းသည်။ အချဉ်လည်း ပေါ့သည်။ ပြီးတော့ ဒီအပင်က တက်သစ်စပင်ပျို ဖြစ်သောကြောင့် ပြွတ်နေအောင်သီးသည်။ သူ့ခြံအတွင်းပိုင်းက အပင်ကြီးတေကွ တော့ နည်းနည်းအိုလာလို့
ကျနေပြီ။

ထိုစဉ်က ကျွန်တော်တို့ခြံထောင့်ကအိမ်မှာ ကောင်မလေးတစ်ယောက် ရှိသည်။ ကျွန်တော်နှင့် ရွယ်တူ။

ကျွန်တော်သည် ထိုကောင်မလေးကို စိတ်ကူးယဉ်သလိုလို၊ ဘာလိုလို ဖြစ်နေမိလေ၏။ သူတို့အိမ်ကို
ကျွန်တော် နေ့တိုင်းလိုလို သွားလည်တတ်သည်။ သူက ငံပြာရည်နှင့် ငရုတ်သီးမှုန့်ကို အသင့်ဖျော်ထားတတ်သည်။ ကျွန်တော်က သရက်သီးတွေ ခူးသွားရသည်။ သူတို့အိမ်ရှေ့က ကပြင်မှာ ထိုင်ပြီး စိမ်းစားသရက်သီးစိတ်ကလေးကို ငံပြာရည်၊ ငရုတ်သီးမှုန့်နှင့် တို့စားလိုက်၊ သူနှင့်
စကားပြောလိုက်၊ သူ့မျက်နှာကို ခိုးကြည့်လိုက် လုပ်ရသည်မှာ ဘယ်လိုမှ ထုတ်ဖော်ပြောပြလို့မရသော
အရသာ။

ကျွန်တော်သည် သရက်သီးကို လေးခွနှင့် မပစ်တော့။ တစ်တောင်သာသာလောက် ရှည်သော တုတ်တစ်ချောင်းကို အသုံးချရသည်။ ဆိုခဲ့ပြီးသော နယ်စပ်သရက်ပင်သည် ပြွတ်နေအောင် သီးသောကြောင့် တစ်ချက်ပစ်လိုက်လျှင် အနည်းဆုံးတစ်လုံးတော့ ကျလာတတ်သည်ပင်။

ထိုအခါ ဒေါ်ရွှေရင်နှင့် ကျွန်တော်သည်လည်း ရန်ပွဲများကို ဆက်လက်ဆင်နွှဲကြရလေသည်။

“ဟေ့.. ငါ့အပင်က သရက်သီးတွေ မပစ်နဲ့ဆိုတာ ပြောလို့မရဘူးလား”

“အမယ်.... ဒါ အမေကြီးတစ်ယောက်တည်း ပိုင်တာမှ မဟုတ်ဘဲ၊ ခြံစည်းရိုး အလယ်တည့်တည့်မှာ ပေါက်နေတာ၊ ကျွန်တော်တို့နဲ့လည်း ဆိုင်တယ်”

“မဆိုင်ဘူး၊ ငါ့ခြံထဲက ဟိုသရက်ပင်ကြီးတွေဆီက ပွားလာတာ၊ ဒါ ငါ့အပင်”

“သရက်ပင်ကိုများ ဆွေမျိုးစပ်နေရသေးတယ်၊ ရယ်စရာကောင်းလိုက်တာ”

သူက ကျွန်တော့်ကို ဆဲသည်။ ကျွန်တော်ကလည်း နေ့စဉ်နေ့တိုင်း လေးငါးလုံးတော့ ပစ်ချမြဲ။ သူကလည်း
ပစ်တဲ့အခါတိုင်း လာဆဲ။

ဘေးလူတွေကတော့ ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် အသက်ခုနစ်ဆယ်နီးပါး
အဘွားကြီးတစ်ယောက်တို့၏ ရန်ပွဲကို ရယ်စရာသဖွယ်သာ သဘောထားခဲ့ကြလေသည်။


ကျွန်တော် အသက်နှစ်ဆယ်ကျော် အစိတ်ပိုင်း ရောက်လာသောအခါတွင် သရက်သီးကို
သိပ်စိတ်မဝင်စားတော့ချေ။ ပညာရေးကိစ္စ၊ အချစ်ရေးကိစ္စတို့ဘက်တွင်သာ စိတ်ရောက်နေသည်က
များသည်။ ပြီးတော့ ကဗျာတွေရေး၊ ဝတၳုတွေရေး၊ မဂ္ဂဇင်းတိုက်တွေ လျှောက်ပို့။

တစ်ခုတော့ရှိသည်။ ငယ်ငယ်က ကျွန်တော့်လေးခွကလေးကို အစိတ်စိတ်အမွှာအမွှာ ခွဲစိတ် ဖျက်ဆီးခ့ဲသော
ဒေါ်ရွှေရင်ကိုမူ စေ့စပ်ရေး မလုပ်မိခဲ့ချေ။
ပြီးတော့ သူသည် နယ်စပ်ကသရက်ပင်ကို ခုထိ သူတစ်ဦးတည်းပိုင်အဖြစ် သတ်မှတ်နေတုန်း။

သရက်သီးသီးချိန်ကျလျှင် အကုန်သိမ်းကြုံးခူးသည်။ ကျွန်တော်တို့အိမ်ကို တစ်လုံးတလေတောင် ပေးဖော်မရ။ ကျွန်တော့်အမေကလည်း ဘယ်လောက်များ သဘောကောင်းသလဲဆိုတော့
သရက်သီးစားချင်လျှင် ဒေါ်ရွှေရင်ဆီက ဝယ်စားသည်။ ကျွန်တော်က “အမေရာ.. ကိုယ်နဲ့လည်းဆိုင်တဲ့
အပင်ပဲဟာ၊ ခူးစားပါလား” ဟုပြောသောအခါ အမေက “ဟယ်.. သရက်သီးလေး တစ်လုံးနှစ်လုံးနဲ့
စကားများရတာ မကောင်းပါဘူး၊ စကားနည်းရန်စဲပေါ့ကွယ်” တဲ့။

ကျွန်တော်ကတော့ သရက်သီးမပစ်တော့သော်လည်း (ပစ်စရာလည်း မလိုတော့၊ ခြံထောင့်က
ကောင်မလေးလည်း တခြားလူတစ်ယောက်နဲ့ လိုက်ပြေးသွားပြီ) ဒေါ်ရွှေရင်ဆန့်ကျင်ရေး မူဝါဒကို မစွန့်လွှတ်နိုင်သေးပါ။

အသက်လေး ဆယ့်လေးငါးနှစ်အရွယ်၊ လေးခွသမားလေးတွေကို မြှောက်ပေးသည်။ သရက်သီးဝင်ပစ်လို့
ဒေါ်ရွှေရင်က အော်ဆဲလျှင် သူတို့ ကျွန်တော့်ခြံထဲ ပြေးဝင်လာသည်။ ထိုအခါ ကျွန်တော်က ခိုလှုံခွင့်ပေးသည်။ ညဘက် သူတို့ နယ်စပ်သရက်ပင်က သရက်သီးတွေ လာခိုးလျှင် ကျွန်တော့်ခြံထဲက
ဖြတ်သန်းခွင့်ပြုထားသည်။

ဤကဲ့သို့ ဒေါ်ရွှေရင်ကို လျှို့ဝှက်နှောင့်ယှက်နေရာမှ တစ်နေ့သောအခါ သူနှင့်ကျွန်တော်သည် ထိပ်တိုက်
တွေ့ဆုံကြရပြန်လေသည်။


ဆိုခဲ့ပြီးသော နယ်စပ်က သရက်ပင်လိုပင် သူ့ခြံနှင့် ကျွန်တော်တို့ခြံကို ခွလျက်ပေါက်နေသော
စိန်ပန်းပင်တစ်ပင်လည်း ရှိသည်။ အပင်ကတော့ လွန်ခဲ့သော လေးငါးခြောက်လလောက် ကတည်းက သေသွားခဲ့သည်။ သို့ရာတွင် လဲမကျသေး။ ခြောက်သယောင်းနေသော စိန်ပန်းပင်ကြီးသည် ရိုးတံပြိုင်းပြိုင်းနှင့် ကြည့်ရသည်မှာ အလွန်လွမ်းစရာကောင်းသည်။
ထိုအပင်ကြီးသည် ကျွန်တော့်စာရေးစားပွဲရှေ့က ပြတင်းပေါက်နှင့် တည့်တည့်မှာ ရှိသည်။ ကျွန်တော်သည် ကဗျာရေးရင်းကဖြစ်စေ၊ ဝတၳုရေးရင်းကဖြစ်စေ ထိုအပင်ကြီးကို ငေးကြည့်ရင်း ဆွတ်ပျံ့သော ရသကို
ခံစားလေ့ရှိ၏။

တစ်နေ့ ကျွန်တော် အိပ်ရာထနောက်ကျသည်။ အပြင်ဘက်က ဆူဆူညံညံ အသံတွေ ကြားတော့မှ လန့်နိုးလာသည်။ ဘာသံတွေပါလိမ့်ဟု သိချင်သောကြောင့် အိပ်ရာမှထပြီး ပြတင်းပေါက်ကို ဖွင့်လိုက်၏။
ကျွန်တော် အံ့သြသွားသည်။ စိတ်လည်းဆိုးသွားသည်။ ကျွန်တော်၏ စိန်ပန်းပင်ခြောက်ကြီးကို လူတစ်စုက
ခုတ်လှဲရန် ပြင်ဆင်နေကြခြင်းကို တွေ့လိုက်ရလေသည်။ အပင်၏ အချို့နေရာတွေကို ကြိုးတွေဖြင့်
ဆိုင်းထားသည်။ ကိုင်းဖျားကိုင်းနားတွေပင် ချိုင်ချပြီးနေပြီ။ သူတို့တွေကြားထဲမှာ ခါးထောက်လျက်
စီမံခန့်ခွဲနေသူကတော့ ဒေါ်ရွှေရင်ပါပဲ။

“ဟေ့.. ရပ်လိုက်”

ကျွန်တော်က လှမ်းအော်သည်။ အားလုံး ကျွန်တော့်ကို မော့ကြည့်ကြသည်။

“ဒီအပင်ကို ဘယ်သူက ခွင့်ပြုလို့ ခုတ်တာလဲ”

အားလုံး ကျွန်တော့်ကို ကြောင်ကြည့်နေကြသည်။ ဒေါ်ရွှေရင်ပင် ရုတ်တရက်အော်လိုက်သော အသံကြောင့်
အံ့အားသင့်ပြီး ဘာမျှ ပြန်မပြောနိုင်သေးပဲ ဖြစ်နေသည်။

“ပြောနေတယ်လေ၊ ဟိုလူ သစ်ပင်ပေါ်ကဆင်း”

အပင်ပေါ်တက်နေသော လူတစ်ယောက်သည် ကျွန်တော့်ကိုကြည့်လိုက်၊ ဒေါ်ရွှေရင်ကိုကြည့်လိိုက်
လုပ်နေသည်။

“ကြိုးတွေ ဖြုတ်ပစ်လိုက်”

“မဖြုတ်နဲ့”

ထိုအခါကျမှ ဒေါ်ရွှေရင် ဝင်ပြီးပြောလာသည်။
သစ်ပင်ခုတ်သမားတွေလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

“ငါ့အပင် ငါခုတ်တာ ဘာဖြစ်သလဲ”

ဒေါ်ရွှေရင်က ကျွန်တော့်ကို မော့ကြည့်ပြီးပြောသည်။

“ဘာ.. အမေကြီးအပင် ဟုတ်လား၊ သေသေချာချာလည်း ကြည့်စမ်းပါဦး၊ ခြံစည်းရိုး
အလယ်တည့်တည့်မှာ ပေါက်နေတာ၊ နှစ်ဘက်စလုံးနဲ့ ဆိုင်တယ်၊ ကျွန်တော်သဘောမတူဘဲ
ခုတ်ခွင့်မရှိဘူး”

ဒေါ်ရွှေရင်နှင့် ကျွန်တော် အပြန်အလှန် ပြောကြသည်။ သူ ကျွန်တော့်ကို ဆဲသည်။ ပြီးတော့ သစ်ပင်ကို အတင်းခုတ်ခိုင်းသည်။ ဟိုလူတွေကလည်း မခုတ်ရဲ။ ကျွန်တော်က ခုတ်လျှင် ရပ်ကွက်ပြည်သူ့ကောင်စီရုံးကို သွားတိုင်မယ်ဟု ပြောထားတာကိုး။ နောက်ဆုံး ဒေါ်ရွှေရင် လက်လျှော့လိုက်ရသည်။ အပင်ကို မခုတ်ဖြစ်တော့။ သို့သော် တစ်နာရီလောက်ကြာအောင် သူဆဲတာ
ခံလိုက်ရသည်။

ခုတော့ဖြင့် ဒေါ်ရွှေရင် သေသွားပါပြီ။ လွန်ခဲ့သော ခြောက်လလောက် အသက်ရှစ်ဆယ်နီးပါး အရွယ်တွင်
လူကြီးရောဂါဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်လေသည်။ ဒေါ်ရွှေရင် သေဆုံးသွားခြင်းနှင့် ပတ်သက်၍ ကျွန်တော် စိတ်ထဲတွင် မည်သို့မျှ ထူးထူးခြားခြား မခံစားခဲ့ရပါ။ အသက်အရွယ် အိုမင်းသော အဘွားကြီးတစ်ယောက်
ကြွေချိန်တန်၍ ကြွေရခြင်းသည် မဆန်းတော့သောကြောင့် တစ်ကြောင်း၊ ကျွန်တော်လည်း
ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေသောကြောင့် တစ်ကြောင်း မေ့မေ့ပျောက်ပျောက်ပင် ရှိနေခဲ့သည်။

သို့ရာတွင်.... သရက်သီးတွေ သီးချိန်ရောက်လာသော တစ်နေ့တွင်။
နောက်တစ်နေ့ ပေးပါမည်ဟု ကတိပေးထားသဖြင့် ဝတၳုတစ်ပုဒ်ကို သဲသဲမဲမဲ ရေးနေသောအချိန်။

“ဒေါင်”

ကျွန်တော်တို့ အိမ်ခေါင်မိုးသွပ်ပြားပေါ် လောက်စာလုံးတစ်လုံး ကျလာသည်။ စဉ်းစားထားသော စကားလုံးတွေ ပျောက်ထွက်သွားလောက်အောင် လန့်သွားမိ၏။

“ဒေါင်”

နောက်တစ်ချက်။ ကျွန်တော် ဆတ်ခနဲ ခေါင်းထောင်သွားသည်။ ဆက်ရေးဖို့ ပြင်သည်။ စောစောက စကားတွေကို မနည်းပြန်စဉ်းစားရသည်။ ရေးတော့မည်ဟု ဖောင်တိန်ကို ပြန်ကိုင်လိုက်စဉ်..

“ဒေါင်”

ကျွန်တော် ဝုန်းခနဲ ထရပ်လိုက်သည်။ ပြတင်းပေါက်နားမှာ ရပ်ရင်း ဒေါသတကြီး လှမ်းကြည့်လိုက်သည်။

သရက်သီးလာပစ်နေသူတွေ တစ်ယောက်မှ ရှာမတွေ့။ ဘယ်ကပစ်နေမှန်းလဲ မသိ။
“ဘယ်ကောင်တွေလဲကွ၊ သရက်သီးလာပစ်တာ” ဟု အော်မည်ပြင်သည်။ သို့ရာတွင် မအော်ဖြစ်။

အော်ရမှာ ရှက်နေသည်။ ပြီးတော့ ကျွန်တော့်အသံက ဘယ်လောက် ကျယ်လောင်စူးရှနိုင်မှာမို့လဲ။
ထိုအချိန်တွင် ကျွန်တော်သည် ကွယ်လွန်သူ ဒေါ်ရွှေရင်ကြီးကို ပထမဆုံးအကြိမ် လွမ်းဆွတ်
သတိရလိုက်မိလေတော့သည်။

မင်းလူ

(ဗဟန်းမြို့နယ်၊ စာပေလုပ်သားစာစောင်၊ သြဂုတ်၊ ၁၉၈၁)

”မင်းလူ all he created” ပေ့ဂျ်ကနေ ကူးယူပါတယ်။

No comments