New Artical

စွန့်စားခရီးသွားချင်သူတွေအတွက် ရင်သပ်ရှုမောဖွယ်အလှတွေနဲ့ “ဘန့်ဘွေးကျင်းရေတံခွန်”


 စွန့်စားခရီးသွားချင်သူတွေအတွက် ရင်သပ်ရှုမောဖွယ်အလှတွေနဲ့
ဘန့်ဘွေးကျင်းရေတံခွန်
.
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ တည်ရှိတဲ့ ဘန့်ဘွေးကျင်းရေတံခွန်က နောင်ချိုအပိုင် သပြေဒိုးရွာနဲ့ ဘန့်ဘွေးကျင်းရွာကြားမှာ ရှိတာပါ။ ဒေသအခေါ် ရှမ်းဘာသာစကားနဲ့ နမ့်တန်း ရေတံခွန် ( မောင်နှံခုနှစ်ဖော်ရေတံခွန် ) ဟုလည်းခေါ်ဆိုကြပါတယ်။ Photo: igmandalay

ဘန့်ဘွေးကျင်းရေတံခွန်ကို ကား၊ ဆိုင်ကယ်တို့နဲ့သွားမယ်ဆို ပြင်ဦးလွင် – မိုးကုတ်လမ်းဟောင်းကနေ လွယ်လိတ်ကျေးရွာဆိုင်းဘုတ်အထိ တစ်နာရီလောက် ကားမောင်းသွားရမှာဖြစ်ပြီး အဲ့ဒီကတဆင့် နာရီဝက်လောက်ထပ်သွားရင် ဘန့်ဘွေးကျင်း ရေတံခွန်ကို ရောက်ရှိမှာပါ။
သဘာဝရူခင်းတွေ ဝန်းရံထားတဲ့ ရေတံခွန်ကိုအပေါ်စီးကနေ ကြည့်ရှုနိုင်သလို ရေတံခွန်အောက်ခြေမှာ ဆို အထပ်ထပ်ဖြစ်နေတဲ့ ရေကန်ငယ်တွေကို တွေ့ရဦးမှာပါ။ မြင့်မားလှတဲ့တောင်နံရံကြီးဆီကနေ စီးကျနေတဲ့ ဘန့်ဘွေးကျင်း ရေတံခွန်ရဲ့ ရင်သပ်ရှုမောဖွယ်အလှကတော့ မောပန်းသမျှကို မေ့လျော့သွားစေမှာပါ။ ရှုခင်းတွေက အရမ်းလှသလို ဆည်တော်ကြီးဆည်အလှကိုလည်း တွေ့မြင်နိုင်အုံးမှာပါ။

Photo Credit: XiaO Wu
Photo Credit: chanmoelay93

ရေတံခွန်အောက်ခြေရောက်ဖို့ဆိုရင်တော့ အဆင်းကို တစ်နာရီဝန်းကျင်ကြာဆင်းရမှာပါ။ လမ်းတွေကတော့ ချောက်တွေဘေး၊ တောင်နံရံဘေးတွေက ကပ်ပြီးဆင်းရတာများပါတယ်။ တစ်ချို့နေရာတွေဆို တွယ်ဖက်ပြီးတက်ရတဲ့ နေရာတွေလည်း ရှိပါတယ်။ အဆင်းအတက် တောင်ကြောတစ်လျှောက်မှာ မတ်စောက်လွန်းတဲ့လျှိုတွေအများအပြားရှိသလို ဝါးတန်း၊ ကြိုးတန်းတွေကို အားပြု ပြီးသွားရတာမို့ ပေါ့ပါးတဲ့အဝတ်အစားတွေ၊ ခြေမချော်နိုင်တဲ့ တောင်တက်ဖိနပ်တွေ ဝတ်ဆင်သွားသင့်ပါတယ်။ ရေသန့်၊ ဓါတ်ဆားရေ၊ စားစရာတွေကိုလည်း ယူသွားရပါမယ်။ ဘန့်ဘွေကျင်းရေတံခွန်ဟာ တောင်တက်ခရီးသွား အတွေ့အကြုံ လိုချင်တဲ့သူတွေအတွက်တော့ တကယ့်ကို သင့်တော်တဲ့ ခရီးတစ်ခုပါ။ အဆင်းအတက်ဟာ မတ်စောက်တာကြောင့်အသက်အရွယ်ကြီးရင့်သူတွေ၊ အမောဒဏ်မခံနိုင်သူတွေနဲ့ ကလေးငယ်တွေကိုတော့မခေါ်သွားသင့်ပါဘူး။

Photo: amazing_Myanmar
Photo Credit: Khaingt Hazina Ye

တောင်အောက်ကို ရောက်ပြီဆိုရင်တော့ တောင်ပေါ်ကဆင်းလာရတဲ့ မောပန်းနွယ်နယ်မှုတွေဟာ သဘာဝအလှ တရားရဲ့ဖမ်းစားမှုကြောင့် တစ်ခဏတာအတွင်းပျောက်ကွယ်သွားမှာပါ။ ရေတံခွန်ရဲ့အောက်မှာတော့ အေးမြကြည်လင်တဲ့ ရေအိုင်ငယ်တွေ၊ ရေတံခွန်ငယ်လေးတွေအဆင့်ဆင့်နဲ့ ရေတံခွန်ဂူအတွင်းမှာရှိတဲ့ ကျောက်ခတ်ပန်းဆွဲတွေ၊ သဘာဝအလှ လှပနေတဲ့ ပန်းတွေကိုမြင်တွေ့ရဦးမှာပါ။ ရေတံခွန်နဲ့ ဓါတ်ပုံရိုက်လို့ကောင်းသလို ရေကန်စွန်းလေးကနေ အမြင့်မှ မြင်ရတဲ့ View နဲ့ ဓာတ်ပုံရိုက်လို့လည်း ကောင်းပါတယ်။
ရေကန်တွေရဲ့ အနက်ကိုမသိနိုင်တာကြောင့် ရေဆင်းကူး မျိုး၊ ရေဆော့တာမျိုး လုပ်မယ်ဆိုရင်တော့ သတိထားသင့်ပါတယ်။

ဘန့်ဘွေကျင်းရေတံခွန်ခရီးဟာ ခရီးကြမ်းဖြစ်တာကြောင့်စွန့်စားရတာကို ဝါသနာပါတဲ့ လူငယ်တွေအတွက်တော့အတွေ့အကြုံတွေရရှိစေမှာဖြစ်ပါတယ်။ သဘာဝအလှတရားတွေနဲ့ အနီးကပ်ထိတွေ့ခံစားချင်သူတွေအတွက် သွားသင့်တဲ့နေရာတစ်ခုပါ။

 

No comments