စိတ်ဖိစီးမှုကိုဘယ်လိုလျှော့ချမလဲ
စိတ်ဖိစီးမှုကိုဘယ်လိုလျှော့ချမလဲ
လောကကြီးကို ကြည့်လိုက်ပါ။
လူတိုင်း လူတိုင်း တစ်ခုခုတော့ လိုနေကြတယ်။ စားစရာ ပြည့်စုံတော့ ဝတ်စရာ လိုတယ်၊ ဝတ်စရာ ပြည့်စုံတော့ နေစရာ လိုတယ်။ နေစရာ ပြည့်စုံတော့ အသုံးအဆောင်က လိုပြန်တယ်။ တစ်ခုမဟုတ် တစ်ခုတော့ လိုနေကြတာပဲ။
ဒါကြောင့် လူတွေဟာ "ဘာလေး ရရင် ကောင်းမှာပဲ၊ ဘယ်လိုလေး နေရရင် ကောင်းမှာပဲ" ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရုန်းကန်နေကြတာပဲ။ အဲဒီလို ရုန်းကန်တဲ့အခါ ရတာ ရှိသလို မရတာလည်း ရှိတယ်။ ဒါကတော့ မဆန်းပါဘူး။
လူတိုင်း ကြုံရမှာပဲ။
ဘဝဆိုတာ ပုံသေတွက်လို့ မရဘူးလေ။ အဆင်ပြေတဲ့အခါ ရှိသလို အဆင်မပြေတဲ့အခါလည်း ရှိတယ်။ ဒါပေမဲ့ စိတ်က အဆင်မပြေတာကိုပဲ တွေးတယ်။ အဆင်မပြေတာကိုပဲ တွေးမှတော့ မကျေမနပ် ဖြစ်ပြီပေါ့။
မကျေမနပ် ဖြစ်လေ စိတ်ဖိစီးမှု များလေပါပဲ။
ဘဝဆိုတာ အောင်မြင်တာ ရှိသလို မအောင်မြင်တာလည်း ရှိတယ်။ ဒါပေမဲ့ စိတ်က မအောင်မြင်တာကိုပဲ တွေးတယ်။ မအောင်မြင်တာကိုပဲ တွေးမှတော့
မကျေမနပ် ဖြစ်ပြီပေါ့။ မကျေမနပ် ဖြစ်လေ စိတ်ဖိစီးမှု များလေပါပဲ။
ဘဝဆိုတာ ပြည့်စုံတာ ရှိသလို မပြည့်စုံတာလည်း ရှိတယ်။ ဒါပေမဲ့ စိတ်က မပြည့်စုံတာကိုပဲ တွေးတယ်။ မပြည့်စုံတာကိုပဲ တွေးမှတော့ မကျေမနပ် ဖြစ်ပြီပေါ့။ မကျေမနပ် ဖြစ်လေ စိတ်ဖိစီးမှု များလေပါပဲ။
စိတ်ဖိစီးမှုများလာရင် "စိတ်ပျိုတော့ ကိုယ်နု စိတ်ထောင်းတော့ ကိုယ်ကြေ" ဆိုတဲ့အတိုင်း လူကလည်း နေလို့ထိုင်လို့ မကောင်းတော့ဘူး။ တချို့ဆိုရင် အစားပျက် အအိပ်ပျက်တောင် ဖြစ်သွားတယ်။
စိတ်ဖိစီးမှု များလာတဲ့အခါ ဦးနှောက် အရည်အသွေးက ကျဆင်းသွားတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချရမယ်။ စိတ်ဖိစီးမှုကို လျှော့ချမှ လူက ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။
ရောဟိနီ
ဘုရားလက်ထက်က ကပိလဝတ်မြို့မှာ သာကီဝင် မင်းသမီးလေး တစ်ပါး ရှိတယ်။ ရောဟိနီလို့ ခေါ်တယ်။ သူ့မှာ ကိုယ်ရေပြားရောဂါ ဖြစ်နေတဲ့အတွက် စိတ်ဆင်းရဲပြီး သောက ဖြစ်နေတယ်။
"ငါ ဖြစ်မှ ဖြစ်ရလေခြင်း၊ ငါ ကံဆိုးလိုက်တာ" လို့ စိတ်ဖိစီးမှုတွေ များနေတယ်။ ဒါကြောင့် အိမ်ထဲကနေ အိမ်ပြင်ကို မထွက်တော့ဘူး။
တနေ့မှာ ရောဟိနီရဲ့ အကိုဖြစ်တဲ့ အရှငျအနုရုဒ်ဓါ ဆွမ်းခံကြွတယ်။ အိမ်ရောက်တော့ နှမကို မတွေ့တော့ ခေါ်ခိုင်းတယ်။
ရောဟိနီ ရောက်လာတော့ အရှငျအနုရုဒ်ဓါက မေးတယ်။
" နှမရေ ... အကို ရောက်နေပါလျက် ဘာဖြစ်လို့ လာမတွေ့တာလဲ"။
" တပည့်တော်မရဲ့ ဘဝက အဖြစ်ဆိုးလှပါတယ်ဘုရား၊ တပည့်တော်မမှာ ကိုယ်ရေပြားရောဂါ ဖြစ်နေလို့ လူကြားထဲ မသွားချင်ဘူးဘုရား၊ ဒါကြောင့် မလာတာပါဘုရား"။
" ဒီလိုစိတ်ညစ်နေလို့ ရောဂါက ပျောက်သွားမှာ မဟုတ်ဘူး၊ ဒါကြောင့် စိတ်သက်သာရာ ရဖို့အတွက် ကောင်းမှု လုပ်ရမယ်လေ"။
"မှန်ပါ အရှင်ဘုရား၊ ဘာကောင်းမှု လုပ်ရမလဲ ဘုရား"။
" လမ်းဘေးတစ်နေရာမှာ ဇရပ်တစ်ဆောင်လောက် ဆောက်ပါလား၊ ဇရပ်လေး ရှိရင် ဘယ်သူမဆို နားလို့ ရတယ်လေ၊ ဒီတော့ ပီတိဖြစ်ရတာပေါ့ နှမရယ်"။
" တပည့်တော် ဆောက်ပါ့မယ်ဘုရား"။
အဲဒီနောက် မင်းသမီးလေးဟာ အများသူငါ နားခိုဖို့အတွက် ဇရပ် ဆောက်လိုက်တယ်၊ ပြီးတော့ ရေအိုးစင်ပါ တည်လိုက်တယ်။
လူတွေလည်း နားကြ, ရဟန်းတွေလည်း နားကြ၊ အဲဒါလေး ကြည့်ပြီးတော့ ပီတိဖြစ်နေတယ်။
ဇရပ်ဆောက်ပြီးတဲ့အချိန်က စပြီး မင်းသမီးလေးဟာ ပီတိ ဖြစ်နေတယ်။ မနက်ခင်း မိုးလင်းပြီဆိုရင် ဇရပ်မှာ သွားပြီး သန့်ရှင်းရေး လုပ်တယ်၊ သောက်ရေအိုး ရေဖြည့်တယ်။ အာစိဏ္ဏကံ ကုသိုလ် ဖြစ်နေတယ်။
မင်းသမီးလေးဟာ နဂိုတုံးကတော့ " ငါ ကံဆိုးလိုက်တာ၊ ငါ့မှာ ရောဂါ ဖြစ်နေတယ်၊ ငါ ဘယ်လိုလုပ်မလဲ" ဆိုပြီး စိတ်ဆင်းရဲနေတယ်။ သူ့ဘဝ သူ မကျေမနပ် ဖြစ်နေတယ်။
အခုတော့ ကုသိုလ်နှင့် ပျော်သွားပြီ။ အဲဒီနောက် တရားတွေ နာ၊ ဝိပဿနာတွေ အားထုတ်၊ ဒီတော့ သူ့ဘဝလေးဟာ ငြိမ်းချမ်းသွားတယ်။ ဆက်လက်ပြီး ဝိပဿနာ အားထုတ်လိုက်တဲ့အခါ သစ္စာသိပြီး တရားရသွားတယ်။
ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ကိုယ်ရေပြားရောဂါကြောင့် စိတ်ဖိစီးမှု များနေတဲ့
ရောဟိနီဟာ ကောင်းမှု လုပ်လိုက်သည့်အတွက် စိတ်ဖိစီးမှုတွေ လျော့ကျသွားတာကို တွေ့ရတယ်။
ဒါကြောင့် စိတ်ဖိစီးမှု များနေမယ်ဆိုရင် ကောင်းမှု တစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်ရမယ်။ ဒါမှ စိတ်က ကောင်းမှုထဲ ရောက်ပြီး ငြိမ်သွားတယ်။ ငြိမ်ရင် ငြိမ်းပြီပေါ့။
ကောင်းမှုတစ်ခုနေ့စဉ်ပြု
မိမိတို့ဟာ အလုပ် ဘယ်လောက်ရှုပ်တယ်ပြောပြော ၊ နားချိန်ဆိုတာ ရှိပါတယ်။
အဲဒီနားတဲ့အချိန်လေးမှာ ကောင်းမှု တစ်ခုခု လုပ်ရမယ်။
ဘာကောင်းမှုပဲ လုပ်လုပ်၊ ကောင်းမှု လုပ်လိုက်ရင် စိတ်က ကောင်းမှုထဲမှာ ရောက်သွားတယ်။ ဝေယျာဝစ္စ လုပ်တာတို့ ဂုဏ်တော်ပွားတာတို့ တရားနာတာတို့ ပဋ္ဌာန်းရွတ်တာတို့ တရားထိုင်တာတို့၊ ကိုယ်ကြိုက်တဲ့ ကောင်းမှု လုပ်လိုက်ပါ။
ဘုရားသန့်ရှင်းရေး ကျောင်းသန့်ရှင်းရေး အိမ်သန့်ရှင်းရေး လမ်းသန့်ရှင်းရေး လုပ်ရင် ဝေယျာဝေစ္စပဲ။ မိဘပြုစုခြင်း သက်ကြီးရွယ်အို စောင့်ရှောက်ခြင်း မိဘမဲ့ စောင့်ရှောက်ခြင်း ပရဟိတလုပ်ခြင်း၊ ဒါတွေကလည်း ဝေယျာဝစ္စပဲ။
ဝေယျာဝစ္စ လုပ်နေရင် စိတ်က အလုပ်ထဲမှာ နှစ်ထားသည့်အတွက် တခြားအတွေးတွေ မလာတော့ဘူး။ ဒီတော့ စိတ်က ငြိမ်သွားတယ်။
ဒီလိုပါပဲ၊ ဂုဏ်တော်ပွားတာတို့ တရားနာတာတို့ ပဋ္ဌာန်းရွတ်တာတို့ တရားထိုင်တာတို့ တစ်ခုခု လုပ်နေရင် စိတ်က ငြိမ်သွားတယ်။
ဒါကြောင့် အဆင်မပြေမှုတွေ ဘယ်လိုပဲ ကြုံရကြုံရ ကောင်းမှု တစ်ခုခု လုပ်ရမယ်။ ကောင်းမှုလုပ်လိုက်တော့ စိတ်က ငြိမ်သွားတယ်။
စိတ်က ငြိမ်သွားရင် စိတ်ဖိစီးမှုတွေ လျော့ကျသွားတယ်။ စိတ်ဖိစီးမှု လျော့ကျသွားရင် စိတ်ကလည်း ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်။ ပေါ့ပါးလေ လွတ်လပ်လေ၊ လွတ်လပ်လေ ငြိမ်းချမ်းလေပဲ ဖြစ်ပါတယ်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ
No comments