New Artical

မှန်စာကြိုးတပ် စွန်လွှတ်ပါက ထောင်ချမယ့် ဒေသန္တရအမိန့် ရန်ကုန်တိုင်းအစိုးရ ထုတ်ပြန်

 

မှန်စာကြိုးတပ် စွန်လွှတ်ပါက ထောင်ချမယ့် ဒေသန္တရအမိန့် ရန်ကုန်တိုင်းအစိုးရ ထုတ်ပြန်


ရန်ကုန်မှာ မှန်စာကြိုးတပ်စွန်လွှတ်ပါက ထောင် (၁) လချမယ့် ဒေသန္တရအမိန့်တစ်ခုကို ရန်ကုန်တိုင်းအစိုးရက ဇန်နဝါရီ (၁၉) ရက်က ထုတ်ပြန်လိုက်ပါတယ်။ စွန်လွှတ်တဲ့မှန်စာကြိုးတွေဟာ အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အခုလိုဒေသန္တရအမိန့်

ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောပါတယ်။ “ကျွန်တော်တို့ရန်ကုန်တိုင်းထဲကမြို့နယ်တစ်ခုမှာ စွန်လွှတ်တဲ့မှန်စာကြိုး လည်ပင်းမှာငြိပြီးတော့မှ ပြတ်ရှဒဏ်ရာရပြီး သေဆုံးသွားတဲ့ဖြစ်စဉ်ရှိခဲ့တာပေါ့။
အဲဒီလိုရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ ဒီလမ်းပေါ်မှာ စွန်မှန်စာကြိုးတွေငြိကျနေတာတွေ လမ်းသွားလမ်းလာတွေ အန္တရာယ်ဖြစ်စေနိုင်တဲ့အနေအထားမျိုးတွေရှိတဲ့အတွက်ကြောင့်မို့လို့ ဒီမှန်စာကြိုးအသုံးပြုပြီးတော့ စွန်လွှတ်တာတွေကိုမဆောင်ရွက်ဖို့ ဒေသန္တရအမိန့်

ထုတ်ပြန်ပြီးတားမြစ်တာဖြစ်ပါတယ်။” လို့ ဦးအောင်ဝင်းက ပြောပါတယ်။ ပြီးခဲ့တဲ့လက တိုက်ကြီးမြို့နယ်မှာ ဆိုင်ကယ်စီးလာသူတစ်ဦး စွန်လွှတ်ရာက ပြတ်ကျကျန်ခဲ့တဲ့ မှန်စာကြိုးကြောင့် လည်ပင်းပြတ်ရှဒဏ်ရာရပြီး သေဆုံးခဲ့ပါတယ်။ လူအသက်တစ်ချောင်း

ဆုံးရှုံးခဲ့တဲ့ အတွက်ကြောင့်မို့ ပြည်သူတွေလည်း အခုအမိန့်ကို လိုက်နာစေချင်တယ်လို့ ဦးအောင်ဝင်းက ပြောပါတယ်။ နောင်အလားတူ ကိစ္စရပ်များ ထပ်မံဖြစ်ပေါ်မှုမရှိစေရေးအတွက် အဆိုပါအမိန့်ကိုထုတ်ပြန်ခြင်းဖြစ်ကြောင်း လိုက်နာရန်ပျက်ကွက်ပါက

တည်ဆဲဥပဒေများအရ ပုဒ်မ (၁၈၈) နဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ထောင်ဒဏ်တစ်လထိ ချမှတ်နိုင်ပါတယ်။ အဆိုပါအမိန့်ထုတ်ပြန်မှုအပေါ် စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က “စွန် မလွှတ်ရဘူးဆိုတာက မှန်စာတပ်ပြီး

မလွှတ်ဖို့ ပြောတာပါ ။ ကျွန်တော်တို့မြို့နယ်မှာတော့ စွန်လွှတ်တာ မရှိပါဘူး အရေးယူမယ်ဆိုရင်တော့ ဒေသန္တရအမိန့် ဖြစ်တဲ့အတွက် ပုဒ်မ (၁၈၈) ဒါမှမဟုတ်ရင် ကျူးလွန်သူက သိလျက်နဲ့ တမင်ဖန်တီးတဲ့ ပုံစံဆိုရင်တော့ ပုဒ်မ ပြောင်းနိုင်ပါတယ်” ဟု ပြောပါသည်။

 

Credit

No comments