New Artical

အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်တဲ့ ကုသိုလ်(၇)မျိုး

 အပါယ်လေးပါး ဆိုတာက ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက (အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။



(အပါယ)မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ= ကင်းခြင်း၊ အယ= ကုသိုလ်တရား၊ သို့မဟုတ် ချမ်းသာ။ နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ ချမ်းသာတို့မှ ကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။

ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ်ရပါတယ်။

မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကို ပြုလုပ်နိုင်စွမ်းမရှိသည့်အတွက် ကောင်းသောဘုံဌာနကိုပြန်ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။ အကုသိုလ်ကံ အဟုန်တွေကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။

(ခ) သင့်ကို အပါယ်လေးပါးမှ အကြွင်းမဲ့ လွတ်မြောက်စေနိုင်တဲ့ ကုသိုလ်(၇)မျိုး

အပါယ်လေးဘုံရောက်သွားရင်လည်း ကောင်းသောဘုံဌာနသို့ ပြန်ရောက်ဖို့ဟာ မလွယ်သောကြောင့် ထိုအပါယ်လေးဘုံမှ အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကိုကြိုးစားအားထုတ်သင့်တယ်ဆိုတာ ပြောပြချင်တာပါ။

ဝိပဿနာအားထုတ်လို့ သောတာပန်ပုဂ္ဂိုလ်အဆင့်ရောက်သွားမယ်ဆိုရင် အပြီးပိုင် အပါယ်လေးပါးက ကင်းလွတ်ပါတယ်။ ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား အားထုတ်ပါမယ်။

ဒါပေမယ့် သောတာပန်တည်၊ မတည်ဆိုတာတော့အာမခံလို့မရပါ။ သောတာပန်မတည်ရင်ရော အပါယ်လေးပါးကမလွတ်တော့ဘူးလား။ ဒီဘဝကနေပြီးတော့ အပါယ်လေးပါးလွတ်မြောက်ချင်ရင် ဘယ်လိုကောင်းမှုတွေပြုလုပ်ရမလဲ။

ဘယ်လိုကောင်းမှုတွေပြုလုပ်ရင် အပါယ်လေးပါးလွတ်ကင်းမလဲ-စသည်ဖြင့်ပေါ့လေ၊ မေးဖွယ်ရာရှိပါတယ်။ အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင် အပါယ်လေးပါးရောက်ကြောင်း (တနည်း) အပါယ်လေးပါးက

လွတ်မြောက်စေနိုင်တဲ့ ကုသိုလ်တွေရှိနေပါတယ်။ အဲဒီကုသိုလ်တွေက ခုနစ်မျိုးရှိပါတယ်။ အဲဒါတွေကဘာတွေလဲလို့ဆိုတော့

(၁)။သရဏဂုံကုသိုလ်။

ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ ပညာဦးစီးတဲ့ စိတ်ထားနဲ့ ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)။

အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။

ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွတ်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၃)။ စာရေးတံ မဲချခြင်းကုသိုလ်။

ဆိုလိုတာက ဦးဇင်းတို့ဗုဒ္ဓဘာသာများ သီတင်းကျွတ်ကာလမှာဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်းစတဲ့ လှူဘွယ်ပစ္စည်းများကို ပေးလှူတဲ့ကုသိုလ်မျိုးပါ။ ကထိန်ရာသီမှာဆိုရင် ပဒေသာပင်များလှူဒါန်းတဲ့ ကုသိုလ်ပါ။ မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုများကို မဲပေါက်တဲ့ ကျောင်းတိုက်က သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါတယ်။

မိမိလှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ (ဆိုလိုတာက ငါနဲ့ သိတဲ့ဦးဇင်းအတွက် ငါတို့ကိုးကွယ်နေတဲ့ကျောင်းအတွက်) ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ပဲ ကျရာသံဃာတော်တွေ ချမ်းချမ်းသာသာသုံးဆောင်မှီဝဲစေလိုတဲ့အတွက် သံဃာ့ဂုဏ်ကိုရည်မှန်းပြီး လှူဒါန်းတဲ့အလှူမျိုးကို ခေါ်မယ်ဆိုရင်ခေါ်လို့ရပါတယ်။ ဒါကိုစာရေးတံဆွမ်းဝတ်လို့ခေါ်တာပါ။

အလွယ်မှတ်ချင်ရင် စာရေးတံမဲချတဲ့ကုသိုလ်လို့မှတ်လိုက်ပါ။ အဲဒီကုသိုလ်ဟာ အင်မတန်မှပြုရလွယ်ပြီး အကုန်အကျနည်းပေမယ့် ရလိုက်တဲ့အကျိုးတရားကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်တယ်ဆိုတော့ အင်မတန်ကိုမှ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်များဟာ တကယ်ဘုန်းရှင်ကံရှင်များဖြစ်တဲ့ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။

ဗုဒ္ဓဘာသာဖြစ်ရတာ အင်မတန်ကျေနပ်စရာကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၄) ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်ပါ။

ရှင်းအောင်ပြောမယ်ဆိုရင် မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လဆွမ်းတစ်ချိုင့်ဖြစ်စေ၊တစ်လဆွမ်းနှစ်ချိုင့်ဖြစ်စေ လှူတဲ့အလှူကိုခေါ်တာပါ။ လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်းပေါ့၊ လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။ အဲဒီလို တစ်လကို နှစ်ကြိမ်ဖြစ်စေ၊ တစ်ကြိမ်ဖြစ်စေ လှူတဲ့အလှူဒါနမျိုးကို (ပက္ခိယဘတ္တ) ကုသိုလ်လို့ခေါ်ပါတယ်။

ဒီကုသိုလ်လေးက ငွေကုန်ကျေးကျလည်းနည်းပါတယ်။ ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်က အပါယ်လေးပါးလွတ်မြောက်တဲ့အထိ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံးပြုလုပ်ပါလို့ တိုက်တွန်းလိုတာပါ။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)

(၅)။ ဝေဿဝါသိက ကုသိုလ်ပါ။

ဗမာလိုရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။ နှစ်စဉ်နှစ်တိုင်း ဝါဆို ဝါကပ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များကို နှစ်စဉ်နှစ်တိုင်းဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင် (မှတ်ချက် မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရင်တစ်စုံ။

နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်း ပြုလုပ်လိုက်တဲ့ကုသိုလ်လေးက သေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါးကတောင် လွတ်မြောက်ခြင်းဆိုတဲ့ အကျိုးမျိုးကိုခံစားရတာပါ။

သောတာပန်ပုဂ္ဂိုလ်နဲ့ အလားသဏ္ဍန်တူတယ်လို့ဆိုပါတယ်။ သောတာပန်ပုဂ္ဂိုလ်ဟာ အပါယ်လေးပါးကလွတ်မြောက်သလို ဒီကုသိုလ်ကို နှစ်စဉ်နှစ်တိုင်း လုပ်သွားမယ်ဆိုရင် စိတ်သာချပါ။ အပါယ်လေးပါးကလွတ်မြောက်ပါတယ်။

(၆)။ ဧကောအာဝါသော ဆိုတဲ့ကုသိုလ်ပါ။

ဆိုလိုတာက ကျောင်းတစ်ဆောင်ဖြစ်စေ၊ ဇရပ်တစ်ဆောင်ဖြစ်စေ လှူဒါန်းတဲ့ အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကျောင်းတစ်ဆောင်လုံး တပည့်တော်တို့မတတ်နိုင်ပါဘူးဘုရားဆိုရင်တော့ တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက်လှူပါလို့ပြောချင်ပါတယ်။ အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ ဒါနပါဖို့သာ အရေးကြီးပါတယ်။

အဲဒီကုသိုလ်ဟာလည်း ကျန်တဲ့ကောင်းကျိုးချမ်းသာကိုမပြောလိုတော့ပါဘူး။ အပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အဆင့်မြင့်တဲ့ အကျိုးကိုပဲပြောချင်ပါတယ်။ အဲလို ကျောင်းတစ်ဆောင်၊ ဒါမှမဟုတ် တတ်နိုင်သလောက်လှူဒါန်းလိုက်မယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူဖြစ်ပါတယ်။ ဒီကုသိုလ်ကိုလည်း တတ်နိုင်သလောက်လှူဒါန်းပါလို့ ပြောပြအသိပေးပါတယ်။

(၇) ဧကာပေါက္ခရဏီတဲ့။

ဆိုလိုတာက ရေတွင်းရေကန်များကိုတူးဖော်ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန်အဟောင်းများကိုပြုပြင်လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။ အဲလောက်ထိ မလုပ်နိုင်သေးဘူးဘုရားဆိုရင် မိမိအိမ်ရှေ့မှာဖြစ်စေ၊ လမ်းထောင့်တစ်နေရာရာမှာဖြစ်စေ ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည်ထားမယ်ဆိုရင်လည်းရပါတယ်။

အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင် အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ ရှင်၊ လူများသောက်သုံးဖို့ တည်ထားမယ်ဆိုရင်လည်း အဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးက အပါယ်လေးပါးလွတ်မြောက်တဲ့အထိ တန်ဘိုးလည်းကြီး အကျုးိလည်း များပါတယ်။ သောတာပန်ပုဂ္ဂိုလ်များနဲ့ အလားတူဖြစ်တာပါ။

ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့ ကုသိုလ်(၇)မျိုးထဲက တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ အမြဲဝတ်ထားပြီး ပြုလုပ်မယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နှင့်အလားတူပါတယ်၊ သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက်သလို အဲဒီကုသိုလ်များကို အမြဲပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်း အပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ သေသေချာချာဟောထားခဲ့တာပါ။

ငါးပါးသီလကိုလည်း အတတ်နိုင်ဆုံးစောင့်ထိန်းမယ်ဆိုရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ တိုက်တွန်း အသိပေးချင်တာပါ။ အားလုံးသော ဒကာ၊ ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေ အပေါင်းသင်းများကိုလည်း ဒီကုသိုလ်(၇)ချက်ကို တစ်ဆင့်ပြောပြပေးပါလို့တိုက်တွန်းချင်ပါတယ်။

ပြီးတော့ မိမိကိုယ်တိုင်လည်း တတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ ဝတ်ထားပြီး အားထုတ်ပါလို့တိုက်တွန်းလိုက်ရပါတယ်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ၊ သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တဲ့သာသနာပြု အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်ကြပါစေ။မူရင်းပို့စ်အားကရစ်ဒစ်ပေးပါတယ်။



No comments