New Artical

လူသားမဖူး စေတီထူး


လူသားမဖူးစေတီထူး

လူသားများ မဖူးရတဲ့ စေတီထူး ( ၃ )ဆူဆိုတာ ရှိပါတယ်...

(၁) စူဠာမဏိစေတီတော်၊
(၂) ဒုဿစေတီတော်၊
(၃) မဟေသရစေတီတော် တို့ဖြစ်ကြတယ်။


(၁) စူဠာမဏိစေတီတော်ဆိုတာ 

တာဝတိ ံသာနတ်ပြည်မှာ သိကြားမင်းတည်ထားတဲ့ စေတီဖြစ်တယ်။ သိဒ္ဓတ္ထမင်းသားဟာ ကဏ္ဍကမြင်းကိုစီးပြီး မောင်ဆန်နှင့် အတူ တောထွက်ကြရာမှာ အနော်မာမြစ်ကို ရောက်သောအခါ ကဏ္ဍကမြင်းနှင့် မောင်ဆန်ကိုပြန်လွှတ်၍ အလောင်းတော်သည် ဆံတော်ကိုဖြတ်ပြီးသော် 

" ငါသည်  အကယ်စင်စစ် ဘုရားဖြစ်မည်ဆိုပါက ဤ ဆံတော်သည် ကောင်းကင်၌ တည်စေသတည်း၊ အကယ်၍ ဘုရားမဖြစ်ပါက မြေ၌ကျစေသတည်း " ဟု အဓိဋ္ဌာန်ပြု၍ ကောင်းကင်သို့ မြှောက်ပစ်လိုက်ရာ မကိုဋ်နှင့် .... တကွသော ဆံထုံးတော်သည်  အထက်သို့.... တစ်ယူဇနာတိုင်တိုင် တက်၍ ကောင်းကင်၌တည်၏။

ထိုအခါ သိကြားမင်းသည် ဆံတော်ကိုမြင်၍ ရတနာ ပန်းတောင်းဖြင့် ခံယူပြီးလျှင် မိမိနေရာ တာဝတိ ံသာနတ်ပြည်၌  စူဠာမဏိစေတီတော်ကို တည်ထားကိုးကွယ်လေ၏။


(၂) ဒုဿစေတီတော်ကတော့ 

သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်ဟာ ဆံတော်ကိုပယ်ပြီးနောက် ယခု ငါဝတ်ထားတဲ့ အဝတ်တွေဟာ ရဟန်းများနှင့် မလျောက်ပတ်ဘူး။ သူတို့ကိုလည်း ပယ်စွန့်မှ တော်မယ်လို့ ကြံစည်တော်မူသတဲ့၊ အဲဒီအခါ ကဿဖဘုရားရှင် လက်ထက်တော်က မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ဃဋိကာရဗြဟ္မာကြီးဟာ ကမ္ဘာဦးက နိမိတ်အဖြစ် ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်း ကြာတစ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိန်းသိမ်းထားရာက အလောင်းတော်ထံ လာရောက် ကပ်လှူသတဲ့။ အလောင်းတော်က ထို ပရိက္ခရာကို ဆင်မြန်းပြီး ဝတ်လဲတော်ကို  မြှောက်ပစ်လိုက်တယ်။ ဒီဝတ်လဲတော်ကို ဗြဟ္မာမင်းကဆောင်ယူပြီး ၊ သုဒ်ဓါဝါသဗွဟ်မာဘုံမှာ စေတီတည်ထားတယ် ။ 

ဒီစေတီဟာ ၁၂ - ယူဇနာမြင့်တယ်လို့ ဗုဒ္ဓဝံသအဋ္ဌကထာ ၃၃၃ -မှာ ဆိုပါတယ်။



(၃) မဟေသရစေတီတော်ကတော့ 

ဟိမဝန္တာတောင်အတွင်းမှာ မန္ဒာဂီရိအမည်ရှိတဲ့ တောင်၌ မဟေသရ အမည်ရှိတဲ့ တန်ခိုးကြီးသော နတ်တစ်ပါးရှိတယ်။ အခါတစ်ပါး  ဘုရားရှင်သည်  ဟိမဝန္တာအရပ် နံ့သာတောကြွပြီး နေ့သန့်သတဲ့၊  ဒီအခါ .... မဟေသရနတ်မင်းက လာရောက်ပြီး .... ဘုရားရှင်နှင့်  ယှဉ်ပြိုင် ကစားလိုပါတယ် လို့လျှောက်သတဲ့။

            ဒီအခါ .... ဘုရားရှင်က ဒီနတ္ဘီလူးဟာ တန်ခိုးကြီးသူဖြစ်တယ်။  သာသနာတော်ကို ကြည်ညိုလာလျှင် များစွာ အကျိုးရှိလိမ့်မယ်။ ဒါကြောင့် ... သူ့အလိုကို လိုက်ဦးမှလို့  " အချင်းနတ်မင်း ငါနှင့် ဘယ်လိုကစားချင်သလဲလို့ " မေးသတဲ့။

မဟေသရနတ်က ရွာသူသားငယ်များကဲ့သို့ တူတူ ပုန်းတမ်း ကစားချင်ပါတယ်လို့  လျှောက်ထားတော့ ဘုရားရှင်က ဒါဖြင့် .... သင်က ဦးစွာပုန်းပါ၊  ငါက.... ဖော်ပါ့မယ်လို့ ပြောသတဲ့၊  ဒီလိုဆိုလျှင် မျက်စိကိုပိတ်ထားပါ။ ကျွန်ုပ် ပုန်းကွယ်ပါမည် လျှောက်ထားပြီး မဟေသရနတ်မင်းဟာ သူကိုယ်ကို ကွယ်ကာ မြေကြီးအတွင်း ပျောက်ကွယ်စေပြီးမှ ဖော်ပါလို့ ..... အသံပြုလိုက်သတဲ့။

ဘုရားရှင်လည်း သူပုန်းနေတဲ့ မြေလွှာကိုယူ လက်ဝဲဘလက်ဝါးပေါ်တင်ပြီးမှ အခြားမြေလွှာများကို ယက်ချကာ .... အချင်း မဟေသရ ထလော့လို့ဆိုသတဲ့။

ဒီအခါ ..... မေဟသရ က  အမှန်မှာ ..... ရှင်ကြီးဂေါတမဟာ ငါ့ကိုမမြင်ဘဲ ရမ်းပြောတာ ဖြစ်မယ်လို့  အကြံဖြစ်ပြီး မထဘဲ နေသေးသတဲ့၊

ဒီအခါ.... ဘုရားရှင်က  အချင်း မဟေသရ ဒီလိုမကြံနှင့်၊ ငါဟာ သင်ရဲ့ ကိုယ်ခန္ဓာကိုမျှမက ဝမ်းတွင်းက .... အူခွေများထိအောင် မြင်တယ်လို့ မိန့်တော်မူမှ ပုန်းရာက ထပြီး အရှင်ဂေါတမ အရှင်ဟာ ....အမှန်တစ်ကယ် တန်ခိုးကြီးပါတယ်၊ သို့သော်.... အရှင်ပုန်းပါဦး၊ အရှင့်ကို .....ကျွန်ုပ် ရှာပါဦးမယ်လို့ ပြောသတဲ့၊ မြတ်စွာဘုရားက ငါပုန်းရမည်ဆိုသော် သင်၏မျက်လုံးများကို  လက်နှင့် ဖုံးအုပ်ထားပါလို့ မိန့်တော်မူပြီး ကိုယ်တော်ကို .... ပရမာဏုမြူမျှလောက် ဖန်ဆင်းလေပြီးနောက် နတ်မင်းရဲ့ ...... မျက်စိနှစ်ဖက်ကြားမှာ ပုန်းတော်မူကာ ကောင်းကင်က ... အသံပေးလိုက်တယ်။ မဟေသရနတ်လည်း မျက်နှာကိုဖွင့်၊ ထက်ဝန်းကျင်အနှံ့ ကြည့်သော်လည်း .... ဘုရားရှင်ကို မမြင်ဘူးတဲ့၊ 

ဒါကြောင့်...... ရေမြေတောတောင် သမုဒ္ဒရာမကျန်အောင်ဘယ်လိုရှာဖွေလို့မျှ မတွေ့တော့မှ ဘုရားရှင်ကို ပန်းပေးရသတဲ့၊ အဲဒီအခါမှ ဘုရားရှင်က မဟေသရနတ်မင်းရဲ့ မျက်မှောက်အကြားက ဆင်းသက်တော်မူလာသတဲ့။

ဘုရားရှင်ရဲ့ တန်ခိုးတော်များမြင်ရမှ မဟေသရနတ်မင်းဟာ  ဘုရားရှင်အား ကြည်ညိုကာ .... ဘုရားရှင်ထံ သရဏဂုံယူ၍ ဥပသကာအဖြစ် ခံယူပြီးနောက် မြတ်စွာဘုရားရှင်ဟာ  လူသားဖြစ်သော်လည်း လူတို့စားသော ဆွမ်းကွမ်းများနှင့် မတန်ဘူး။ 

ဒါကြောင့် .... မန္ဒာဂိရီတောင်မှာ အမြဲ သီတင်းသုံးပါ။ နတ်ဆွမ်းကွမ်းများကို  အမြဲဆက်ကပ်ပါမယ်လို့ လျှောက်ထားသတဲ့ ၊ ဘုရားရှင်က ခွင့်မပေးတဲ့အတွက် ဘုရားရှင်ရဲ့ ရုပ်ပွားသဏ္ဍာန်တော်ကို ကိုးကွယ်ခွင့်ကို ပေးတော်မူပါလို့ လျှောက်ထားသတဲ့၊ ဘုရားရှင်က အခွင့်ပေးတဲ့ အခါ မန္ဒာဂီရိတောင်မှာ  ရတနာ ခုနှစ်ပါးတို့နှင့် ဆန်းကြယ်တဲ့ ကျောင်းတော်ကြီးကို ဆောက်တယ်။

ထို ကျောင်းတော်ကြီး အတွင်းမှာ ဂန္ဓကုဋီတိုက်ကို ဖန်ဆင်းတယ်။ ဂန္ဓကုဋီတိုက် အတွင်းမှာ လက္ခဏာတော် ကြီးငယ်တို့ဖြင့်  တင့်တယ်တဲ့ ဘုရားရှင်ရဲ့ ရုပ်တုတော်ကို ပြုလုပ်ပြီး မျောက်မင်း တစ်ကောင်ကို အခြံအရံနှင့်တကွ ကျောင်းပရိဘောဂကို ပြုပြင် ဆောင်ရွက်ဖို့ အပ်နှံထားသတဲ့။  ဒါက .... မဟေသရစေတီတော်ပါ။

စေတီဆိုတာ  ဓာတုစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ၊ ဓမ္မစေတီ ရယ်လို့ ၄ဆူရှိတယ်။  စေတီလို့ ဆိုလိုက်လျှင် ရွှေတိဂုံစေတီလို စေတီကိုပဲ မြင်တတ်တယ်၊ အမှန်ကတော့ မဟာမြတ်မုနိလို  ရုပ်ပွားတော်ဟာလည်း စေတီပါပဲ။ 

အခုစေတီ သုံးမျိုးမှာ  မေဟသရေစေတီဟာ ရုပ်ပွားတော် စေတီဖြစ်ပါတယ်။


ထီးချိုင့်မြို့ တည်တောဆရာတော်🙏🙏🙏

No comments