New Artical

မိန်းမကိုယ်ပိုးဝင်ခြင်းအကြောင်း


အမျိုးသမီးများရဲ့ ကျန်းမာရေးအတွက် မိန်းမကိုယ်ရဲ့ကဏ္ဍဟာ အရေးကြီးပါတယ်။ မိန်းမကိုယ် ပိုးဝင်ခြင်းကြောင့် မိန်းမကိုယ်နဲ့ မွေးလမ်းကြောင်း ရောင်ရမ်းခြင်းဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာတွေကတော့ မိန်းမကိုယ်လမ်းကြောင်း ရောဂါပိုးဝင်ခြင်း အကြောင်းတွေပဲ ဖြစ်ပါတယ်။

ဘာလက္ခဏာတွေ ကြုံရသလဲ

မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်တိုင်း လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာပြတတ်တဲ့ အချိန်မှာတော့ အောက်ပါအတိုင်း ကြုံရတတ်ပါတယ်။

– မိန်းမကိုယ်ယားယံခြင်း

– မိန်းမကိုယ်မှ ဆင်းသော အရည်များ အနည်းအများပြောင်းလဲခြင်း

– မိန်းမကိုယ်မှ ဆင်းသော အရည်များ အရောင်ပြောင်းခြင်း

– ဆီးသွားစဉ် နာကျင်ခြင်း၊ ပူခြင်း

– လိင်ဆက်ဆံစဉ် နာကျင်ခြင်း

– မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ သွေးစို့ခြင်း

မိန်းမကိုယ်ပိုးဝင်ခြင်းဟာ ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီးတော့လည်း ကွာခြားနိုင်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ဘက်တီးရီးယားပိုးဝင်ခြင်း။ မိန်းမကိုယ်ကနေ အဖြူညစ်ညစ်၊ အဝါရောင်များ ဆင်းပါတယ်။ ငါးညှီနံ့ရတတ်ပါတယ်။ လိင်ဆက်ဆံပြီးချိန်မှာ သတိပြုမိတတ်ကြတာ များပါတယ်။

– မိန်းမကိုယ်မှိုစွဲခြင်း။ များသောအားဖြင့် ယားယံတတ်ပါတယ်။ ဆင်းတဲ့အရည်ဟာ ပျစ်ပြီး ဖြူပါတယ်။

– Trichomonas ပိုးဝင်ခြင်း။ မိန်းမိကိုယ်ယားယံပြီး အနံ့နံပါတယ်။ စိမ်းဝါရောင်များဆင်းပြီး အမြှုပ်များ တွေ့ရနိုင်ပါတယ်။

ဖြစ်စေသော အကြောင်းအရင်းများ

မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်စေတဲ့ အကြောင်းများစွာ ရှိပါတယ်။ အဖြစ်များစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ဘက်တီးရီးယားပိုးဝင်ခြင်း။ bacterial vaginosis ဆိုတဲ့ ရောဂါကို ဖြစ်စေပါတယ်။ မိန်းမကိုယ်လမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားများနဲ့ မကောင်းတဲ့ ဘက်တီးရီးယားများ ဟန်ချက်မညီခြင်းကြောင့် ဖြစ်ပါတယ်။

– မှိုစွဲခြင်း။ Candida albican ဆိုတဲ့ ရောဂါပိုးကြောင်း အများဆုံးဖြစ်ပွားပါတယ်။

– Trichomoniasis။ လိင်ဆက်တဆံရာကနေ ကူးစက်တဲ့ ပရိုတိုဇိုဝါကပ်ပါးပိုးကြောင့် ဖြစ်တတ်ပါတယ်။

– မိန်းမကိုယ်ကျုံ့သွားခြင်း။ သွေးဆုံးချိန်မှာ ဖြစ်တတ်ပါတယ်။ ဟော်မုန်းများနည်းသွားပြီး မိန်းမကိုယ်ဟာ သေးငယ်ခြောက်သွေ့သွားတတ်ပါတယ်။

ဘယ်အချိန် ဆရာဝန်ပြမလဲ

မိန်းမကိုယ်ပိုးဝင်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါပေမယ့် အောက်ပါအခြေအနေတွေမှာတော့ ဆရာဝန်ပြသင့်ပါတယ်။

– ယခင်က မိန်းမကိုယ်ပိုးဝင်ဖူးခြင်း

– မိန်းမကိုယ်ပိုးဝင်ခြင်း ကြုံဖူးသော်လည်း ယခင်နှင့်မတူသော လက္ခဏာအသစ်များပြနေခြင်း

– လိင်ဆက်ဆံသူမတူညီခြင်း၊ အဖော်အသစ်နှင့် နေမိခြင်း

– ဖျားနာခြင်း

– ကိုယ်ဝန်ရှိနေသည်ဟု ယူဆမိခြင်း

– ကုသမှုပြုလုပ်ထားသော်လည်း ပြန်ဖြစ်ခြင်း

မိန်းမကိုယ်ပိုးဝင်ခြင်းအများစုအတွက် အိမ်မှာပဲ သောက်ဆေး၊ လိမ်းဆေးများနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ပြတာကတော့ အကောင်းဆုံးပါပဲ။

ဘယ်လိုကုသနိုင်သလဲ

မိန်းမကိုယ်ပိုးဝင်ခြင်းကို ကုသရာမှာ အကြောင်းအရင်းပေါ်မူတည်ပြီး ကုသနည်းမျိုးစုံ ရှိနိုင်ပါတယ်။ ဥပမာအားဖြင့်

– ဘက်တီးရီးယားပိုးဝင်ခြင်းအတွက် Metronidazole သောက်ဆေး လိမ်းဆေး၊ Clindamycin လိမ်းဆေး စတာတွေနဲ့ ကုသနိုင်ပါတယ်။

– မှိုပိုးဝင်ခြင်းအတွက် လိမ်းဆေးနဲ့ မိန်းမကိုယ်ထဲထည့်တဲ့ ဆေးတောင့်တွေ ရှိပါတယ်။

– ကပ်ပါးပိုးဝင်ခြင်းအတွက် Metronodazole ဒါမှမဟုတ် tinidazole ဆေးများ သုံးစွဲနိုင်ပါတယ်။

– မိန်းမကိုယ်သေးပြီး ခြောက်သွေ့သွားခြင်းအတွက် အီစထရိုဂျင်လိမ်းဆေးများ သုံးစွဲနိုင်ပါတယ်။

အကောင်းဆုံးကတော့ မိမိဖာသာ မဖြေရှင်းဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

မိန်းမကိုယ်သန့်ရှင်းရေးကို အလေးထားရပါမယ်။ အတွင်းခံများကို ကျန်းမာရေးနဲ့ညီညွတ်အောင် ရွေးချယ်ဝယ်ယူရပါမယ်။ ကြပ်လွန်း လှောင်လွန်းတဲ့ အတွင်းခံများဟာ ရောဂါပိုးများကို ပိုမိုပေါက်ပွား ကူးစက်စေနိုင်ပါတယ်။ လိင်မှတဆင့်ကူးစက်ခြင်းမဖြစ်အောင် ဘေးကင်းစိတ်ချရတဲ့ နည်းစနစ်တွေ အသုံးပြုရပါမယ်။

 Hellosayarwon

No comments