New Artical

နန်းမတော်မယ်နု၏ မျိုးရိုးနှင့်ဇာတိ


 နန်းမတော်မယ်နု၏မျိုးရိုးနှင့်ဇာတိ


         ကုန်းဘောင်မင်းဆက်(၇)ဆက်မြောက်ဖြစ်သော  ဘကြီးတော် စစ်ကိုင်းမင်း၏မိဖုရားခေါင်ကြီးဖြစ်သူ နန်းမတော်မယ်နု၏ မျိုးရိုးကို အလွန်နိမ့်ကျသည်ဟု အ‌ထောက်အထားမရှိပြောဆိုကြသည်။ အချို့က ငါးစိမ်းသည်၊ ဟင်းရွက်သည်၊ မုန့်သည် ဟူ၍ပြောဆိုကြသည်။ နန်းမတော်ကြီး ကိုလည်း ဖလံခုံရွာသူ ဟုထင်မြင်ကြသည်။
       နန်းမတော်မယ်နုကို ၁၁၄၆ခု၊ဝါဆိုလပြည့်ကျော်(၅)ရက်၊ အင်္ဂါနေ့၌  အင်းဝနေပြည်တော် ရွှေနန်း‌တော်၏ အနောက်မျက်နှာ အတွင်းစံရာအရပ်၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ အင်းဝထောင်သင်းမှူးကြီး ဦးလှုပ်နှင့်ဇနီးဒေါ်ငယ်  တို့ဖြစ်သည်။ မွေးချင်းအစ်ကိုမှာ မောင်အိုဖြစ်ပြီး နောင်တွင် စလင်းမင်းသားကြီး ဦးအိုဖြစ်လာသည်။ မယ်နုကိုစာပေမူတို့၌ အင်းဝသူဟုဆိုကြသည်။ ဖလံခုံရွာတစ်ဝိုက်တွင်လည်း အင်းဝသူပင် ဖြစ်ကြောင်းပြောဆိုကြသည်။ သူ၏မိဘနှစ်ပါးသာ ဖလံခုံဇာတိဖြစ်ပါသည်။ မယ်နုကို အင်းဝမြို့၌ မွေးဖွားပြီးနောက် နေအိမ်နှင့်တကွ အမရပူရ မြောက်ပြင် အရပ်သို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။  
       မိဘများက သမီးက‌လေးကို အမည်မှည့်လို၍ မြန်မာပညာရှိ၊ ပုဏ္ဏားပညာရှိတို့ထံ နာမကရဏမဂ်လာနေ့ရက်၊ စန်းလဂ်ဂြိုလ်နေအထွေထွေအကြောင်းအရာကိုရွေးချယ်ပေးပါရန်တောင်းဆိုပြီး အမည်မှည့် မဂ်လာပွဲကျင်းပခဲ့သည်ဟုဆို၏။ ဆွေမျိုးရင်းချာ ပေါင်းသင်း မိတ်သဟာတို့ကိုသာ ဖိတ်ကြားဧည့်ခံပြီး သမီးကလေးအား အမည်နာမ  ပေးပွဲကျင်းပသည်။ ပြည်မင်းသားကြီး၏ မြောက်သား တော်ပေါင်းတည်မြို့စား "မယ်ပု" မှာ နန်းမတော်လောင်းလျာ၏ အရီးတော်ဖြစ်၍ဖိတ်ကြားရပါသည်။

မင်းကြီးမဟာကျော်ထင်၊ အသည်ဝန်ကြီး "ဦးလွန်"မှာ လည်း သူ့ဖခင်၏ အစ်ကိုတစ်ဝမ်းကွဲ ဖြစ်၍ဘကြီးဖြစ်သည်။ သတို့သမီးငယ်သည် ကြန်အင်လက္ခဏာ ထူးကဲစွာပါရှိခြင်း၊ ကိုယ်သားကိုယ်ရေ အထူးနုနယ်ခြင်း၊ မွေးဖွားသည့်အချိန်မှစ၍ ပကတိအနေသိမ်မွေ့နုနယ်စွာနေတတ် ခြင်းစသည်တို့ကြောင့် ဘကြီးဖြစ်သူ မင်းကြီးမဟာကျော်ထင် ကိုယ်တိုင်က  ဤသတို့သမီးငယ်ကို "မယ်နု"ဟု ခေါ်တွင်စေဟု မှည့်ခေါ်ခဲ့ရာမှ မယ်နု ဟူသောအမည်ကို ရရှိခဲ့ခြင်းဖြစ်သည်။
       နန်းမတော်၏မျိုးရိုးကိုလည်းအလွန်နိမ့်ကျသည်ဟုဆိုကြသည်။အချို့ကလဲ အကိုးကား အထောက်ထားမရှိ စျေးသည် ငါးစိမ်းသည်ဟူ၍ ထင်မိထင်ရာပြောဆိုကြသည်။ နန်းမတော်မယ်နုနှင့် စလင်းမင်းသားကြီးတို့ မောင်နှမကမူ သူတို့သည် အသမ္ဘိန္နဇာတ်မပြတ်နွယ်လာ စင်ကြယ်စွာသောမင်းမျိုးအမှန်ဖြစ်ကြောင်းဆိုခဲ့ကြ၏။
ဖလံခုံ အနောက် ကျောင်းတိုက်ကြီး၌ တည်ရှိသော ခေါင်းလောင်း နှစ်လုံး၌ ရေးသားဖော်ပြထားသည့်‌ ခေါင်းလောင်းစာမူရင်းအတိုင်း နှင့်အင်းဝမြို့တောင်ဘက် မျက်နှာဟံသာဝတီတံခါး အထွက် ကျုံးမြောက်ဘက် ကပ်လျက် ယခုထင်ရှားစွာတည်ရှိသော ဇေယျပထတံတားဦးတည် ကျောက်စာတို့၌ မင်းမျိုးအမှန် ဖြစ်ကြောင်းရေးသားဖော်ပြထားသည်။
*{မှတ်ချက်။ ။ထိုခေါင်းလောင်းစာ၊ကျောက်စာတို့သည် သူတို့မောင်နှမကောင်းစားမှ ရေးထိုးသော စာများဖြစ်သည်ကို သတိမူရမည်။}*
       ထိုခေါင်းလောင်းစာ၊ ကျောက်စာများအရ မြန်မာနှစ်(၇၈၈)ခုတွင် ရတနာပူရ အင်းဝ ‌ရွှေနန်း၌မင်းပြုသောမိုးညှင်းမင်းတရာကြီးထံမှဆင်းသက်လာကြောင်းဖော်ပြသည်။ မိုးညှင်းမင်း တရားကြီးမှ ရေတွက်သော်(၁၃)ဆက်မြောက်၌ နန်းမတော်မယ်နု ကျရောက်လာပုံကိုဖော်ပြထားသည်။ နန်းမတော်မယ်နု၏ မျိုးရိုးကိုလက်လှမ်းမှီသလောက် အတိအကျရှာဖွေတွေ့ရှိရသူမှာ "ဗလသမန်း"ဆိုသူဖြစ်သည်။ဗလသမန်းသည် မိုးညှင်းမင်းတရားကြီး ထံမှဆင်းသက်လာသူဟု ဆိုသည်။ ထိုအချက်မှာ မှားသည်၊ မှန်သည်ဟု မည်သူမျှအတိအကျ မပြောနိုင်ပါ။
       ဗလသမန်းဆိုသည်မှာဘွဲ့အမည်မျှသာဖြစ်ပြီး သူ၏အမည်ရင်းမှာ ဦးမဲတူ ဖြစ်သည်။ ဗလသမန်းဘွဲ့ခံ ဦးမဲတူဟုဆိုရပေမည်။ ဖလံခုံကိုရှေးဦးစွာတည်ထောင်သော ဗလသမန်းဘွဲ့ခံ ဦးမဲတူနှင့် ဇနီးမယ်ညက်တို့မှ ဖွားမြင်သော သားသမီးတို့မှာ_
(၁)မင်းစိန္တရာဇာဘွဲ့ခံ ဦးပြင်းအောင်
(၂)ဦးပြင်းကြွယ်
(၃)မယ်မွန်ခေါ် သခင်မွန်
(၄)မယ်လွန်းညှင်း
(၅)မယ်လှနှောင်း
(၆)မယ်နှောင်းဖြူ
(၇)မယ်နှောင်းထွေး
(၈)မယ်မှုတ်
(၉)မယ်ကြွင်း
(၁၀)မယ်မင်းရွှန်း
(၁၁)မယ်ဝင်း စသည်တို့ဖြစ်သည်။
ထိုသားသမီး(၁၁)ယောက်မှ တတိယသမီးမယ်မွန်ခေါ် သခင်မွန်မှာ ဖလံခုံရွာအုပ်ကြီး ဦးဖိုးကျင်းနှင့် အိမ်ထောင်ကျ၍ ဦးလှုပ်ကိုမွေးသည်။ ဦးလှုပ်သည် အင်းဝထောင်သင်းမှူးကြီး ဖြစ်လာပြီး သီဟကျော်စွာ ဘွဲ့ရသည်။ ထောင်သင်းမှူး သီဟကျော်စွာဦးလှုပ်နှင့်ဒေါ်ငယ်တို့ စုံဖက်ရာမှ စလင်းမင်းသားကြီးဖြစ်လာမည့် ဦးအိုနှင့်နန်းမတော်လောင်းလျာ မယ်နုတို့ကိုဖွားမြင်သည်။
      ဗလသမန်းဘွဲ့ခံ ဦးမဲတူ၏သားကြီး မင်းစိန္တရာဇာဘွဲ့ခံ ဦးပြင်းအောင်နှင့် ဇနီးမယ်တဲတို့စုံဖက်ရာမှ (၁)မယ်ပု၊(၂)ဦးကွန်၊(၃)ဦးဘော်၊(၄)ဦးလွန်ဟူ၍ သားသမီး(၄)ယောက်ဖွားမြင်သည်။
      မယ်ပုမှာ သီရိမဟာဓမ္မရာဇာဘွဲ့ခံ ပြည်မင်းသားကြီး၏ကိုယ်လုပ်တော် သီရိသုနန္ဒာဝတီဘွဲ့ခံ ပေါင်းတည်မြို့စားဖြစ်လာသည်။ ဦးကွန်မှာ စစ်ကိုင်းမင်းလက်ထက် ဒီပဲယင်းဝန်ကြီး မဟာမင်းကြီး ကျော်ထင်ဖြစ်လာသည်၊ ဦးဘော်သည် မင်းငယ်ကျော်ထင်ဘွဲ့ရ တောင်ဘက်မြင်းဝန်ဖြစ်လာသည်။ မြင်းဝန်ကြီး ဦးဘော်ဟုထင်ရှားသည်။
         ဦးလွန်မှာအသည်ဝန်ကြီးဖြစ်လာသည်။ ထို့ကြောင့် ဗလသမန်း၏သားကြီး မင်းစိန္တရာဇာဘွဲ့ခံ ဦးပြင်းအောင်၏ သားသမီး(၄)ယောက်လုံးသည် မင်းစိုးရာဇာ အားလုံးဖြစ်ခဲ့၏။ ဗလသမန်း၏ဒုတိယသား ဦးပြင်းအောင်သည် မိုးနဲမြို့စားဖြစ်လာသည်။
    ထို့ကြောင့် နန်းမတော်မယ်နု၏ အဘိုး၊အဘွား၊ဘကြီး၊အရီး၊မောင်နှမတစ်ဝမ်းကွဲစသည်တို့သည် နန်းမတော်မယ်နု မကောင်းစားမီကပင် ကောင်းစားနေကြသည်။ ​နောင်အခါ နန်းမတော်မယ်နု၏ အရှိန်အဝါကြောင့် တစ်ဆွေတစ်မျိုးလုံး ကောင်းစားကြဟန်ရှိသည်။ နန်းမတော်မယ်နုဟူ၍ မဖြစ်ခင်ကပင် ထိုဆွေမျိုးတို့သည် အများအားဖြင့် မင်းပေါက်စိုးပေါက်ရာထူးဌာန အသီးသီးသို့ရောက်နေကြသူများဖြစ်ရာ နန်းမတော်နှင့်စလင်းမင်းသား ကြီးတို့ကို မျိုးရိုးအားဖြင့်  အလွန်နိမ့်ကျသည်ဟု မဆိုသာချေ။

မင်းပေါက်စိုးပေါက် အသိုင်းဝိုင်းမှ ပေါက်ဖွားလာ၍ မင်းနားစိုးနားနီးသဖြင့် အထွတ်အထိပ်သို့ ရောက်ခဲ့ကြသည်ဟု ဆိုချင်ပါသည်။

ဆရာမောင်သန်းဆွေ(ထားဝယ်)၏  နန်းမတော်မယ်နု ရှင်းတမ်းစာအုပ်မှ..

No comments