"ရာဇဓာတုကလျာနှင့် နတ်သျှင်နောင်"
"ရာဇဓာတုကလျာနှင့် နတ်သျှင်နောင်"
ဓာတုကလျာ လို့ဆိုလိုက်ရင်
နတ်သျှင်နောင်ရဲ့ ကြင်ဘက်ဆိုတာ အားလုံးသိကြမှာပါ။
ဓာတုကလျာဟာ တခြားသူမဟုတ်ပါဘူး။ ဒုတိယမြန်မာနိုင်ငံတည်တောင် သူ ဟံသာ၀တီဆင်ဖြူများရှင် ဘုရင့်နောင်ရဲ့ သမီးတော် ဖြစ်ပါတယ်။
တပင်ရွှေထီးလုပ်ကြံခံရပြီး
ကျဆုံးသွားပြီးတဲ့နောက်မှာ
ဘုရင့်နောင်ဟာ ဟံသာ၀တီကို
ပြန်လည်ထူထောင်နိုင်ဖို့ တစ်နှစ်ခန့်ကြိုးပမ်းခဲ့ရပါတယ်။
ဟံသာ၀တီကို အောင်မြင်အောင်
ထူထောင်ပြီးတဲ့နောက် ဘုရင့်နောင်ဟာ မဟာစေတီ ဘွဲ့အမည်နဲ့စေတီတော်ကြီးတစ်ဆူကို တည်ခဲ့ပါတယ်။
တိုက်ဆိုင်စွာပဲ အဲဒီစေတီတည်ဖို့ ဓာတ်တော်တွေပင့်ဆောင်တဲ့နေ့မှာ
မိဖုရားရာဇဒေဝီရှင် က သမီးတော်လေး တစ်ပါးကိုမွေးဖွားပါတယ်။
ဓာတုစေတီတည်ဖို့အတွက် ဓာတ်တော်မွေတော်တွေ
ပို့ဆောင်တဲ့နေ့မှာမွေးတဲ့အတွက်
ဘုရင့်နောင်ဟာ သမီးတော်လေးကို ရာဇဓာတုကလျာ လို့ အမည်ပေးခဲ့ပါတယ်။
ဘုရင့်နောင်လက်ထက်မှာ
ရာဇဓာတုကလျာဟာ အလွန်လှပပြီး တစ်ပင်တိုင်နန်းမှာစံမြန်းနေခဲ့ပါတယ်။
၁၅၈၁ခုနှစ်မှာ ဘုရင့်နောင် နတ်ရွာစံခဲ့ပြီး သားတော် နန္ဒဘုရင် ထီးနန်းဆက်ခံပါတယ်။
နန္ဒဘုရင်ဟာ သူဘုရင်ဖြစ်ပြီးတဲ့နောက်မှာ သားတော် မင်းကြီးစွာကို အင်း၀ သတိုးမင်းစောရဲ့ သမီးတော် နတ်သျှင်မယ်တော်နဲ့ စုံမက်စေပြီး အိမ်ရှေ့ဥပရာဇာ နေရာကို ပေးပါတယ်။
ဘုရင့်နောင် နတ်ရွာစံတော့
ဓာတုကလျာဟာ အသက် ၂၂နှစ် အပျိုစင်ဘ၀နဲ့ပဲ ရှိနေပါသေးတယ်။
အိမ်ရှေ့မင်း မင်းကြီးစွာက နတ်သျှင်မယ်တော်နဲ့ လက်ထပ်ထားပေမယ့် သူတကယ်ချစ်တာက ဓာတုကလျာပါ။
နတ်သျှင်မယ်တော်ကို လစ်လျူထားသလိုဖြစ်ပြီး တစ်နေ့သူတို့နှစ်ယောက် ရန်ဖြစ်ကြပါတယ်။
မင်းကြီးစွာတွန်းလိုက်တဲ့အတွက် နတ်သျှင်မယ်တော်လဲကျသွားပြီး သလွန်စွန်းနဲ့တိုက်မိကာ နဖူးကွဲသွားပါတယ်။
နတ်သျှင်မယ်တော်ဟာလည်း
မဟာဆီမဟာသွေးဖြစ်တဲ့အတွက် မာနကြီးပါတယ်။
ထွက်လာတဲ့သွေးကို ၀တ်လဲတော်နဲ့သုတ်ပြီး ဘူးတစ်ခုထဲကို ထည့်ပြီး အင်း၀ကဖခင်ဖြစ်သူထံပို့လိုက်ပါတယ်။
ရာဇဓာတုကလျာကိုသာ ချစ်ကြိုက်နေပြီး သူမကိုတော့ လစ်လျူထားတယ်ဆိုတဲ့အကြောင်း ရေးထားတဲ့ စာပါ ထည့်ပေးလိုက်ပါတယ်။
ဒီပြဿနာဟာ အင်း၀နဲ့ ဟံသာ၀တီစစ်ဖြစ်တဲ့အထိ ကြီးထွားသွားခဲ့ပါတယ်။
အင်း၀စစ်ရှုံးပြီး သတိုးမင်းစောလည်း လမ်းမှာတင်ကျသွားပါတယ်။
ဒီလိုစစ်မက်ဖြစ်ပွားတာဟာ
ရာဇဓာတုကလျာကြောင့်လို့
ဆိုကြပေမယ့် ဓာတုကလျာက ဒီအဖြစ်ကို သိပုံတောင်မရပါဘူး။
နန္ဒဘုရင် ယိုးဒယားကိုသွားတိုက်တော့ မင်းကြီးစွာကို မြို့စောင့်အဖြစ်ထားခဲ့ပါတယ်။
ဒီအချိန်အတွင်းမှာပဲ အခွင့်ကိုစောင့်နေတဲ့ အကြံသမား မင်းကြီးစွာဟာ ဓာတုကလျာကို သိမ်းပိုက်လိုက်ပါတယ်။ ဒီလိုနဲ့ ဓာတုကလျာဟာလည်း အိမ်ရှေ့မင်းမိဖုရားဖြစ်လာခဲ့ပါတယ်။
၆ နှစ်အကြာမှာ မင်းကြီးစွာဦးဆောင်ပြီး ယိုးဒယားကို သွားတိုက်ပြန်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ အိမ်ရှေ့မင်းဟာ တိုက်ပွဲမှာတင်ကျဆုံးခဲ့ပါတယ်။
ဟံသာ၀တီဟာ လည်း စစ်ပွဲများပြားမှု ၊ အစာရေစာငတ်မွတ်ခေါင်းပါးမှု နဲ့ နန္ဒဘုရင့်ရဲ့ စနစ်တကျမကွပ်ကဲနိုင်မှုတွေကြောင့် ဆူပူသောင်းကျန်းမှု ပုန်ကန်မှုတွေများပြားလာပါတယ်။
ဒါကြောင့် တောင်ငူဘုရင်
မင်းရဲသီဟသူ နဲ့ သားတော် နတ်သျှင်နောင်တို့က ရခိုင်မင်းရာဇာကြီးနဲ့ လာရောက်တိုက်ခိုက်တဲ့အခါ နန္ဒဘုရင်ဟာ ထီးနန်းကိုစွန့်လိုက်ရပါတယ်။
တောင်ငူဘုရင်က နန္ဒဘုရင်ရဲ့ အသက်ကိုချမ်းသာပေးပေမယ့် နတ်သျှင်နောင်က တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ပစ်လိုက်ပါတယ်။
ဒီအချိန်မှာ ဓာတုကလျာဟာ အသက်( ၄၃)နှစ် ရှိပြီဖြစ်တဲ့ မုဆိုးမဖြစ်နေပါပြီ။
တောင်ငူအိမ်ရှေ့မင်း နတ်သျှင်နောင်ဟာ မင်းကြီးစွာ မသိမ်းပိုက်ခင်ကတည်းက ဓာတုကလျာကို စွဲလန်းစွာချစ်နေခဲ့သူပါ။
အခုလို အသက်ကြီးရင့်သွားပြီး မုဆိုးမဖြစ်သွားသည့်တိုင် နတ်သျှင်နောင်က မပြောင်းမလဲချစ်မြတ်နိုးတာကြောင့် ဓာတုကလျာနဲ့ လက်ဆက်လိုက်ပါတယ်။
နတ်သျှင်နောင်ရဲ့အသက်ဟာ (၃၀)နှစ် သာရှိသေးတာမို့ သူတို့နှစ်ယောက်ရဲ့ အသက်ဟာ( ၁၃)နှစ် တောင်ကွာပါတယ်။
နတ်သျှင်နောင်ဟာ ဓာတုကလျာကို ချစ်မြတ်နိုးလွန်းတာကြောင့် သူ၏ စာများ ၊ ရတုများတွင် ဓာတုကလျာ၏ အမည်ကိုထည့်သွင်းစပ်ဆိုလေ့ရှိပါတယ်။
တစ်ယောက်ကိုတစ်ယောက်
အလွန်ချစ်မြတ်နိုးလှပြီး အနုပညာကို၀ါသနာပါလှသော သူတို့နှစ်ယောက်ဟာ ကြာကြာပေါင်းဖက်ခွင့် တော့မရခဲ့ပါ။
နတ်သျှင်နောင်နှင့် လက်ဆက်ပြီး
၇ လ အကြာမှာ ဓာတုကလျာ ကွယ်လွန်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
နတ်သျှင်နောင်သည် တောင်ငူ ရွှေနန်းတည်မင်း မင်းရဲသီဟသူနှင့် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရား မိဖုရားကြီး၏ သမီးတော် ခင်စောတို့မှ သက္ကရာဇ် ၉၄၀ ပြည့်နှစ်တွင် ဖွားမြင်သော သားတော်ကြီးဖြစ်သည်။ နတ်သျှင်နောင်သည် ငယ်ရွယ်စဉ်ကပင် ဆင်စီး မြင်းစီး၌လည်း ကျွမ်းကျင်၏။ ဓားခုတ် လှံထိုး၌လည်း တော်၏။ လုပ်ရည်ကြံရည်နှင့်လည်း ပြည့်စုံ၏။ စောင်းညင်း အတတ်ကိုလည်း ကောင်းစွာ သီဆိုတီးမှုတ်တတ်သည်။
ငါးဆူဒါယကာ မင်းတရားကြီး ယိုးဒယားသို့ ချီတက်လုပ်ကြံသောအခါ ၉-နှစ်သား အရွယ်မျှသာရှိသေးသော နတ်သျှင်နောင်သည် မိမိခမည်းတော် တောင်ငူဘုရင်နှင့်အတူ ပါရသည်။ တပ်မကြီး ပြန်လည်ဆုတ်ခွာသောအခါတွင် တောင်ငူဘုရင်နှင့် သားတော်နတ်သျှင်နောင်တို့ တပ်က နောက်ခံတပ်ပြု၍ လိုက်လာသော ယိုးဒယားတပ်တို့အား ပြန်လည်သွားအောင် တိုက်ခိုက်သောကြောင့် ယိုးဒယားတို့ မလိုက်နိုင်ဘဲ ပြန်သွားကြရသည်။ မိုးကောင်း စော်ဘွားပုန်ကန်သောအခါတွင်လည်း နတ်သျှင်နောင်သည် တောင်ငူအားနှင့် တပ်တစ်တပ်အဖြစ်ဖြင့် လိုက်ပါတိုက်ခိုက်ရာတွင်လည်း အောင်ပွဲရခဲ့သည်။ ထိုအခါနတ်သျှင်နောင်မှာ ၁၂-နှစ်သားမျှရှိသေးသည်။ ၉၅၄-ခုနှစ်တွင် ယိုးဒယားသို့ ချီတက်သောအခါတွင်လည်း ၁၄-နှစ်အရွယ်ရှိ နတ်သျှင်နောင်သည် မြို့မှထွက်၍ တိုက်လာသော ယိုးဒယားဘုရင် ဗြနရာဇ်ကို ခုခံတိုက်ခိုက်ရာ ဗြနရာဇ်မခံနိုင်၍ မြို့တွင်းပြန်ဝင်ရသည်။ ဤတိုက်ပွဲသည် နတ်သျှင်နောင်၏ အောင်ပွဲတစ်ခုဖြစ်သည်။
သက္ကရာဇ် ၉၆၄-ခုနှစ်တွင် တောင်ငူဘုရင် မင်းရဲသီဟသူသည် ကေတုမတီရွှေနန်းသစ်ကို တည်တော်မူ၍ နန်းတက်တော်မူသည်။ သားတော်အကြီးနတ်သျှင်နောင်ကိုလည်း အိမ်ရှေ့မိဖုရားဖြစ်ဖူးသော ရာဇဓာတုကလျာနှင့် စုံဖက်၍ အိမ်ရှေ့မင်းအဖြစ် ပေးအပ်တော်မူသည်။ ရာဇဓာတုကလျာကား နတ်သျှင်နောင်နှင့် ၇-လမျှနေရ၍ လွန်တော်မူရှာသည်။ ခမည်းတော် နတ်ရွာစံလွန်သော် နတ်သျှင်နောင်သည် ၉၇၁-ခုနှစ်တွင် တောင်ငူရွှေထီးရွှေနန်းကို သီဟသူရဘွဲ့ခံပြီး သိမ်းမြန်းစိုးစံတော် မူသည်။ ညီတော်ကြီး တောင်ငူမင်းရဲကျော်စွာကို အိမ်ရှေ့အရာပေးသည်။ သက္ကရာဇ် ၉၆၇ တွင် အနောက်ဘက်လွန်မင်းသည် အင်းဝကို သိမ်းပိုက်ပြီးနောက် နှစ်နှစ်မျှအကြာ သက္ကရာဇ် ၉၆၉၊ တန်ဆောင်မုန်းလ တွင် ဆက်လက်၍ တောင်ငူကို တိုက်ခိုက်သည်။ အောင်မြင်သောအခါ တောင်ငူနန်းကို မှန်ကင်းအထွဋ်ချပြီး နတ်သျှင်နောင်ကိုပင် လက်အောက်ခံ ဘုရင်အဖြစ်ထားခဲ့၍ ရဝေရှင်ထွေး၊မင်းဇေယျရန္တမိတ်၊ရှင်သံခို စာဆိုပညာရှင်များကို အင်းဝနေပြည်တော်သို့ မင်းတရားကြီး ခေါ်ဆောင်သွားလေသည်။ သန်လျင်စား ငဇင်ကာသည် သစ္စာတော်ဖောက်ဖျက်၍ တောင်ငူကို တိုက်ခိုက်ပြီး နတ်သျှင်နောင်အား မိဖုရားအခြွေအရံနှင့်အတူ သန်လျင်သို့ ခေါ်ဆောင်သွားရာ အနောက်ဖက်လွန်မင်း စုန်ဆင်းလာ၍ သန်လျင်ကို တိုက်ခိုက်အောင်မြင်သောအခါ သန်လျင်စားငဇင်ကာနှင့် နတ်သျှင်နောင် တို့ပူးပေါင်း၍ သစ္စာဖောက်သည်ကို စစ်မေးသိရှိရသောကြောင့် ၂-ဦးလုံးကိုပင် ၉၇၅-ခုနှစ် တန်ခူးလပြည့်ကျော် ၃-ရက်စနေနေ့၌ ကွပ်မျက်လေသည်။ ကျန်ရစ်သည့် အလောင်းကို ညီတော်တစ်ပါးဖြစ်သည့် တောင်ငူမင်းရဲကျော်ထင်က မြှုပ်နှံပေးသည်။
နတ်ရှင်နောင်သည် သူ့ထီးနန်းကို သိမ်းယူသော အနောက်ဘက်လွန်မင်းအား ပုန်ကန်ခြားနားရာတွင် ငဇင်ကာ၏ အကူအညီရစေရန်အတွက် (ဘုရားတိုင်ရတုများရေးခဲ့သော်လည်း) ဗရင်ဂျီဘာသာ သို့ ကူးပြောင်းခဲ့သည်ဟုဆိုသည်။ နောင်ပုန်ကန်မှုကို မပြုလျှင် ခွင့်လွှတ်၍ ယခင်အတိုင်း လက်အောက်ခံဘုရင်အဖြစ် ပြန်ထားမည်ဟု အနောက်ဘက်လွန်မင်းက ပြောသော်လည်း မတောင်းပန်သဖြင့် ငဇင်ကာနှင့်အတူ တံကျင်ထိုးခံရ၍ သေခဲ့ရသည်။
အထက်ပါအကြောင်းအရာများသည် အများစုသိပြီးဖြစ်သည့် နတ်သျှင်နောင်၏ အကြောင်းဖြစ်သည်။ ရတုဘုရင်ဟု ဆိုသော်လည်း သစ္စာဖောက်ဟု ကင်ပွန်းတပ်ခံရသူဖြစ်သည်။ ဒီနေရာတွင် နတ်သျှင်နောင် ဘာသာပြောင်းခဲ့မပြောင်းခဲ့သည်နှင့် ပတ်သတ်၍ ဆရာ သန်းဝင်းလှိုင်ရဲ့ ရေးသားချက်တချို့ကို ဖော်ပြလိုပါသည်။
နတ်သျှင်နောင်သည် မင်းကျင့်တရား (၁ဝ)ပါးတွင် “အဝိရောဓနံ”ဟူသော ပြည်သူပြည်သားတို့၏ အလိုနှင့် မဆန့်ကျင်တတ်သော အကျင့်သိက္ခာကောင်းရှိသူ ဖြစ်သည်။ ဤသို့ တိုင်းပြည်နှင့် မဆန့်ကျင်တတ်ရှိသူ ဘုရင်အား သစ္စာဖောက်ဘုရင်၊ စဉ်းလဲကောက်ကျစ်သောဘုရင် ဟူ၍ ဆိုနိုင်ပါမည်လော။ နတ်သျှင်နောင်သည် ဗုဒ္ဓဘာသာတရားတော်မြတ်ကို လေးစားသူ ဖြစ်သည်။ ရတနာသုံးပါးကို ဦးထိပ်ထားသူဖြစ်သည်။ သူ့အား ဘရင်ဂျီဘာသာသို့ ဝင်သည်။ နှစ်ခြင်းခံသည်။ ဗုဒ္ဓဘာသာကို မလေးစားသူဖြစ်သည်ဟု စွပ်စွဲကြသည်။ နတ်သျှင်နောင်သည် ဘရင်ဂျီဘာသာသို့ ဝင်သည် ဆိုသည်မှာ ပူတကေ (ပေါ်တူဂီ) ရာဇဝင်က တစ်ဖက်သတ် ရေးထားခြင်းမျှသာ ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ငဇင်ကာ၏ လုပ်ဇာတ်မျှသာဖြစ်သည်။ နတ်သျှင်နောင်၏ တရားပြည့်ဝ နှလုံးလှပုံနှင့် သံဃာတော်များအား လေးစားသမှုပြုခဲ့ပုံကို ရာဇဝင်တွင် အထင်အရှားတွေ့ရသည်။ တောင်ငူမြို့ကို အနောက်ဘက်လွန်မင်းက ဝိုင်းဝန်းထားသည့်အခါ နတ်သျှင်နောင်သည် အညံ့မခံလို၍ ထွက်တိုက်မည်ပြုရာ ပြာသာဒ်ကျောင်းဆရာတော်က သတ္တဝါတို့၏ ဆင်းရဲအကြောင်းကို တရားဟောသည်နှင့် နတ်သျှင်နောင်သည် တရားနှင့်ယှဉ်ကာ စိတ်ကိုထိန်းတော်မူခဲ့သည်။ သူသည် သံဃာတော် ဆရာတော်ကြီးများ၏ စကားကို နားထောင်၍သာ သူ၏အလိုနှင့်ဆန့်ကျင်၍ အနောက်ဘက်လွန်မင်းကို အညံ့ခံခဲ့ခြင်းဖြစ်သည်။ ဤအချက်ကိုထောက်လျှင် သူ့အား ဒိဋ္ဌိဟူ၍ ဆိုရမည်လော။
အနောက်ဘက်လွန်မင်းက သန်လျင်ကို အောင်နိုင်ပြီးသည့်အခါတွင် ငဇင်ကာက ‘နတ်သျှင်နောင်’က ‘ခေါ်ပါလှည့်’ ဟူ၍ ဆိုသောကြောင့် တောင်ငူကို တိုက်ခိုက်သိမ်းယူပြီး နတ်သျှင်နောင်ကို သန်လျင်သို့ ခေါ်ဆောင်လာခဲ့ပါသည်ဟူ၍ အစစ်ခံခဲ့သည်။ နတ်သျှင်နောင်ကမူ ‘ခေါ်ပါလှည့်’ဟူ၍ မစေရကြောင်းကို ဆိုသည်။ နတ်သျှင်နောင်သည် ငဇင်ကာကဲ့သို့ လုပ်ကြံပြောတတ်သူ မဟုတ်ပါ။ ‘ခေါ်ပါလှည့်’ ဟူသော စကားမှာ ငဇင်ကာက ဆင်ထားသော လုပ်ဇာတ်ဖြစ်သည်။ နတ်သျှင်နောင်သည် လုပ်ရဲလျှင် သေရဲသူဖြစ်သည်။ သေရမည်ကို ကြောက်သူမဟုတ်ကြောင်း အနောက်ဘက်လွန်မင်းအား ပြန်လှန်၍ ချေပပြောဆိုသည့်အချက်ကို ထောက်၍ အလွန်သိသာသည်။ ထို့ကြောင့် သူက ငဇင်ကာအား ခေါ်ပါလှည့်ဟူ၍မှာမိလျှင် သူမှာသည့်အတိုင်း ဘွင်းဘွင်းပြောမည့်သူပင် ဖြစ်သည်။ ယခုမှာမူ နတ်သျှင်နောင်က ခေါ်ပါလှည့်ဟူ၍ သူမစေရကြောင်း ငြင်းဆိုသည်။
ငဇင်ကာက “ကြက်ရိုးပင်စားကိုသာလျှင် မေးကြည့်ပါတော့”ဟု ထပ်မံဖြေရှင်းသည်။ ကြက်ရိုးပင်စားကမူ နတ်သျှင်နောင်က သူ့အား ငဇင်ကာထံ စေလွှတ်သည်မှာ မှန်ပါသည်။ သို့သော် တပူတွင် သက္ကလတ်ဖြင့် ပိတ်၍ထားသော သဝဏ်လွှာစာဖြစ်၍ မည်သည့်အကြောင်းအချက်များ ပါရှိသည်ကိုမူ သူမသိရပါကြောင်း ဖြေသည်။ သေအတူ ရှင်မကွာနေပါမည်ဆိုသော ငဇင်ကာသည် နတ်သျှင်နောင်အပေါ်တွင်သာ အပြစ်ကို လုံးလုံးဖို့နေပေပြီ။ ‘ခေါ်ပါလှည့်’ ဟူ၍ အကယ်၍ နတ်သျှင်နောင်က မှာခဲ့သည့်တိုင် ဤအချိန် ဤနေရာတွင် သူ၏ မဟာမိတ်က ‘ခေါ်ပါလှည့်’ဆို၍ ခေါ်ရပါသည်ဟု ငဇင်ကာက အပြစ်ကိုပုံ၍ ပြောရက်ပါလျှင် ငဇင်ကာသည်သာလျှင် သူ၏ မဟာမိတ် နတ်သျှင်နောင်အပေါ် အဆင်းတွန်း၍ ချောက်ချတတ်သော သစ္စာဖောက်ကြီး ဖြစ်နေပါတော့သည်။ နတ်သျှင်နောင်သည် ညီတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာကို လွန်စွာချစ်ခင်သည်။ ဤသို့ဖြစ်လျှင် ငဇင်ကာအား ‘ခေါ်ပါလှည့်’ဟူ၍ မှာထားပါငြားအံ့။ သူ၏အကြံကို ညီတော် မင်းရဲကျော်စွာအား ကြိုတင်အသိပေးထားရပေလိမ့်မည်။ ယခုသော်ကား ညီတော်ပင် မသိရ။ ငဇင်ကာ လွှတ်လိုက်သော ဇွင်ဒေကရီးသီးယား၏ တပ်သည် တောင်ငူသို့တက်လာ၍ မင်းရဲကျော်စွာသည် ကျောက်မော်အရပ်က ခုခံရာတွင် ရန်သူ၏ ကျည်သင့်၍ ဆင်ထက်က ကျဆုံးခဲ့ရှာသည်။
ထို့နောက် ရှုပါဦး …… ‘ခေါ်ပါလှည့်’ ဟူသောကြောင့် လာခေါ်ရပါသည်ဆိုသောတပ်သည် တောင်ငူကို မီးရှို့ဖျက်ဆီးလိုက်သည်။ ဘုရားပုထိုးများကို ဖောက်၍ ဌာပနာများကိုပင် ယူကြသည်။ မြို့သူမြို့သားတို့ သတ်ဖြတ်၍ ရွှေငွေရတနာများ အတင်းလုယူခဲ့သည်။ ‘ခေါ်ပါလှည့်’ဆို၍ လာခေါ်ရသူ၏ စည်းကမ်းနှင့် ကိုက်ညီပါ၏လော။
တောင်ငူတွင် ငဇင်ကာ လွှတ်လိုက်သော တပ်သည် (၁ဝ)ရက်ခန့်နေ၍ နန်းတော်ကို မီးတိုက်ခဲ့သည်။ ကျောင်းကန်ဘုရားများကိုလည်း ဖျက်ဆီးခဲ့သည်။ ဆင်၊ မြင်း၊ လူသူ၊ ရွှေ၊ ငွေများကို အတင်းလုယူပြီးမှ သန်လျင်သို့ နတ်သျှင်နောင်အား ခေါ်ဆောင်သွားသည်။ ပူတကေရာဇဝင်က နတ်သျှင်နောင်သည် သန်လျင်သို့ လူ (၃၀၀၀)၊ လက်နက် အစုံအလင်ဖြင့် ဝင်ရောက်လာသည်ဟု ဆိုသည်။ ထိုအချက် မမှန်ကန်ချေ။ မြန်မာရာဇဝင်များက နတ်သျှင်နောင်အား သန်လျင်သို့ ခေါ်ဆောင်ရာတွင် ကိုယ်လုပ်တော် နှစ်ယောက်၊ အလုပ်အကျွေး (၁ဝ)ယောက်သာ ပါကြောင်း တညီတညွတ်တည်း အတိအလင်း ရေးသားထားပါသည်။ ‘ခေါ်ပါလှည့်’ ဟူ၍သာ လာရောက်ခေါ်ခြင်း ဖြစ်ပါလျှင် နတ်သျှင်နောင်အား ဤမျှလောက် ကိုယ်လုပ်တော် အခြံအရံ အနည်းငယ်မျှလောက်ကိုသာ ငဇင်ကာက ခွင့်ပြုပါသလော။ မဟာမိတ်အဖြစ်ဖြင့် ခေါ်သွားခြင်းလော။ ကြက်ဖမ်း ငှက်ဖမ်းသကဲ့သို့ပင် ခေါ်သွားခြင်းပေလော။ စဉ်းစားစရာပင် ဖြစ်သည်။ စင်စစ် ငဇင်ကာသည် နတ်သျှင်နောင်က ‘ခေါ်ပါလှည့်’ဟူသောကြောင့် ခေါ်လာခဲ့ရပါသည်ဟူ၍ အသံကောင်းဟစ်ခြင်းမျှသာ ဖြစ်သည်။ နယ်ချဲ့သမားတို့သည် ဤကဲ့သို့ပင် သမာရိုးကျ အသံကောင်းဟစ်တတ်ကြပါသည်။
အင်္ဂလိပ်နယ်ချဲ့သမားတို့ကလည်း ဤကဲ့သို့ပင် မလိမ့်တပတ်ပြုလုပ်၍ သီပေါမင်းတရားနှင့် မိဖုရားတို့ကို ကြက်ငှက်ဖမ်းသကဲ့သို့ပင် ဖမ်းခဲ့ဖူးပါသည်။ “စာချုပ်ရုံမျှသာ သူရိယသဘောၤပေါ်သို့ ကြွတော်မူပါ”ဟူ၍ မလိမ့်တပတ်လုပ်ပြီး ရတနာဂီရိသို့ သီပေါမင်းအား ပို့ဆောင်ခဲ့ဖူးပါသည်။ ငဇင်ကာကလည်း ထိုနည်းတူပင် နတ်သျှင်နောင်အား သန်လျင်သို့ ခေတ္တလိုက်ခဲ့ပါ။ အင်းဝဘုရင်ကိုနိုင်အောင် ကူညီတိုက်ပေးပါမည်။ တောင်ငူပြည်သားများက သူ့အပေါ် အထင်မသေးရအောင် နတ်သျှင်နောင်က ‘ခေါ်ပါလှည့်’ဆို၍ လာခေါ်ရခြင်း ဖြစ်ကြောင်း အသံကောင်းဟစ်၍ သူအယုံသွင်းသဖြင့် ရိုးသားသော အနုပညာရှင် နတ်သျှင်နောင်သည် ယုံမိရှာသည်။ သန်လျင်သို့ လိုက်သွားရကောင်းနိုးနိုး ထင်လာသည်။
ထိုအချိန်က သူ၏ အလွန်ချစ်လှစွာသော ညီတော် မင်းရဲကျော်စွာလည်း ကျောက်မော်တိုက်ပွဲတွင် ကျဆုံးခဲ့ရလေပြီ။ ချစ်သူ ရာဇဓာတုကလျာနှင့်လည်း (၇)လမျှသာ ပေါင်းရ၍ ကွေကွင်းခဲ့ရသည်။ အနောက်ဘက်လွန်မင်းက သူ့အား အနိုင်ကျင့်ကာ တောင်ငူကို တိုက်ခိုက်သိမ်းယူရုံမျှမက သူ၏ အလွန်ကြည်ညိုစွာ ကိုးကွယ်ထားသော မြသပိတ်နှင့် စွယ်တော်မြတ်ကို ပင့်ဆောင်သွားခဲ့သည်။ သူသည်ပင်လျှင် တောင်ငူတွင် အထီးကျန်ညှိုးစွာ စံပယ်တော်မူခဲ့ရသည်။ ယခု ငဇင်ကာ လွှတ်လိုက်သော ဇွင်ဒေကရီသီးယားတပ်က သူ့အား ကိုယ်လုပ်တော် နှစ်ယောက်၊ အလုပ်အကျွေး (၁ဝ)ယောက်မျှသာ ခွင့်ပြုပြီး သန်လျင်သို့ ခေါ်ဆောင်ခဲ့သည်။
သန်လျင်တွင်ကား ပရိယာယ်မာယာများလှသော ငဇင်ကာသည် စောင့်မျှော်လျက်ရှိနေသည်။ နတ်သျှင်နောင်သည် အသာတကြည်မှ ပါလာလိမ့်မည်လော။ တောင်ငူတွင်ပင် အသက်အသေခံ၍ သန်လျင်သို့ လိုက်ပါရန် ငြင်းဆန်နေပေလိမ့်မည်လော။ အကယ်၍ သန်လျင်သို့ ပါလာသည်ရှိသော် မည်သို့ပြုမည်နည်း။ နတ်သျှင်နောင် သန်လျင်သို့ ပါလာသည်ကို သိသည်နှင့် တစ်ပြိုင်နက် ငဇင်ကာသည် ပရိယာယ်တစ်မျိုး ပြောင်းလိုက်သည်။ နတ်သျှင်နောင်၏ အကျိုးကို လိုလားဟန်၊ နတ်သျှင်နောင်၏ မဟာမိတ်ဖြစ်လေဟန် နတ်သျှင်နောင်အား အယုံသွင်း၍ မျက်နှာချိုသွေးခဲ့သည်။ နတ်သျှင်နောင်လည်း ယုံမိသည့်အလျောက် သူနှင့်တကွပါလာသော ရတနာကျောက်ကောင်းအပြည့် ထည့်ထားသည့် ကွမ်းအစ်တော်ကို ငဇင်ကာအား ပေးသနားတော်မူသည်။ ငဇင်ကာသည် မူလိုက်သေးသည်။
“အရှင့်အမှုတော်ကို ကုန်ငအောင် ထမ်းဆောင်ပြီးဆုံးသည့်အခါမှ သနားသမျှကို လက်ခံပါမည်” ဟူ၍လည်း ဆိုလိုက်သေးသည်။
နတ်သျှင်နောင်သည် ငဇင်ကာအပေါ်တွင် ရှေးကထက်ပို၍ လေးစားယုံကြည်သွားရှာသည်။ စင်စစ်မှာ သန်လျင်သို့ပါလာသော ပစ္စည်းမှန်သမျှသည် ငဇင်ကာ၏ လက်တွင်းသို့ ရောက်နေသည်နှင့် အတူတူပင်ဖြစ်သည်။
နတ်သျှင်နောင်၏ ရွှေငွေဘဏ္ဍာမှန်သမျှကို တကယ်ပင် ငဇင်ကာ မသိမ်းပိုက်ပါလော။ အထက်ဖော်ပြပါတို့သည် ပူတကေရာဇဝင်တွင် ပါရှိသည့်အချက်တို့ပင် ဖြစ်သည်။ ပူတကေရာဇဝင်သည် ငဇင်ကာကိုသာ အသားပေး၍ ရေးထားခြင်းမျှသာဖြစ်သည်။ စင်စစ် နတ်သျှင်နောင်၏ ပါသမျှ ရတနာဘဏ္ဍာများကို ငဇင်ကာသည် အတင်းသိမ်းယူထားပြီး ဖြစ်သည်။ ထိုအချက်နှင့် ပတ်သက်၍ ခိုင်လုံသော အထောက်အထားတစ်ခုမှာ ထိုအချိန်အခါက ခရစ်နှစ် ၁၆၀၀ပြည့်နှစ်တွင် အနောက်နိုင်ငံသာ သနာပြုပုဂ္ဂိုလ် မစ္စတာဗိုဗစ် (Mr.Bovis) ဟံသာဝတီသို့ ရောက်ရှိခဲ့ပြီးနောက် သူရေးသားခဲ့သော “မြန်မာပြည်ရောက်မှတ်တမ်းများ” စာအုပ်၌ ငဇင်ကာအကြောင်းကို ဤသို့ အသေးစိတ် တင်ပြထားခဲ့လေသည်။
ရခိုင်ဘုရင်သည် စစ်ပွဲကို အောင်နိုင်ပြီးသည့်အခါတွင် သန်လျင်မြို့ကို ပူတကေစစ်တပ်ခွဲမှူးဖြစ်သူ ဇွင်ကာကူ (ငဇင်ကာ)လက်သို့ ပေးအပ်လိုက်လေတော့သည်။ သို့သော် များမကြာမီမှာပင် ငဇင်ကာသည် ရခိုင်ဘုရင်နှင့် မသင့်မတင့်ရှိကြပြီးလျှင် ဂိုးအား (Goa) ဘုရင်ခံထံသို့ သွားရောက်၍ စစ်ကူတောင်းလေသည်။ သူ မရှိသည့်အခိုက်တွင် သူ၏ နောက်လိုက်များက သူ့အား ဟံသာဝတီဘုရင်အဖြစ် ကြေညာကြသည်။ နှစ်ပေါင်းကြာမြင့်စွာလျှင် သူသည် ဇက်ရဲလက်ရဲနှင့် လူစွာလုပ်ခဲ့သည်။ သူ၏ ကျေးဇူးရှင် ရခိုင်ဘုရင်၏ သားတော်တစ်ဦးကို ဖမ်းဆီးပြီးလျှင် ရခိုင်ဘုရင်အား ငွေငါးသောင်းနှင့် ရွေးယူစေလေသည်။ ထိုမျှမက သူသည် သူနှင့် မဟာမိတ်ဖြစ်သော တောင်ငူဘုရင်၏ ဘဏ္ဍာတော်များကို အကျင့်တန် သစ္စာမဲ့စွာသိမ်းယူ၍ တောင်ငူဘုရင်ကိုလည်း သန်လျင်သို့ ဖမ်းယူခေါ်ဆောင်သွားခဲ့လေသည်။ သူ၏သား “ဆိုင်မွန်” (Simon) ကို မုတ္တမဘုရင်၏ သမီးတော်တစ်ပါးနှင့် ထိမ်းမြားခြင်းလည်း ပြုလေသည်။ ထိုအခါ မုတ္တမပြည်နယ်သည် ဟံသာဝတီမင်းဆက် ပြတ်ပြီးသည့်နောက်တွင် လွတ်လပ်သော ပြည်နယ်အဖြစ် တစ်ရှိန်ထိုးတက်လာသော ပြည်နယ် ဖြစ်လေသည်။
အထက်ပါ ဖော်ပြချက်ကို ကြည့်ပါက ငဇင်ကာသည် တောင်ငူဘုရင် နတ်သျှင်နောင်ကို မဟာမိတ်ဖွဲ့ပြီးမှ သစ္စာမဲ့စွာ တောင်ငူကို တိုက်ခိုက်သိမ်းယူခဲ့၍ နတ်သျှင်နောင်ကို ဖမ်းဆီးခေါ်ဆောင်လာပြီးလျှင် ရွှေငွေရတနာများကိုလည်း သိမ်းယူကြောင်း မျက်မြင်ကိုယ်တွေ့အားဖြင့် အဂတိမလိုက်စားဘဲ ပွင့်လင်းစွာ ရေးသားထားသည်ကို တွေ့ရပါသည်။ ထိုနည်းတူစွာ ‘ပီတာဝီလျံဆန်ဖလောရစ်’ (Peter Williamson Floris) ဆိုသူက Relations of Strange Occurance စာအုပ်တွင် –
“ငဇင်ကာသည် အာဂနယ်ချဲ့သမားကြီး ဖြစ်သည်။ သူသည် အကောက်ကြံလိုလျှင် သူ့ကျေးဇူး ကိုယ့်ကျေးဇူး ရှိသည်၊ မရှိသည်ကို မကြည့်။ မည်သည်ကိုမျှ အရေးမစိုက်ဘဲ အလွန်အကျင့်တန်သည့် သတ္တဝါကြီးဖြစ်သည်”ဟူ၍ ရေးသားထားလေသည်။
ဤသည်ကိုထောက်၍ ပူတကေရာဇဝင်တွင် ဖော်ပြထားသမျှကို အမှန်ချည်းဟူ၍ မယူဆသင့်ပါ။ မြန်မာနိုင်ငံသို့ ခရစ်နှစ် ၁၅၄၅တွင် ရောက်ရှိလာသော ပေါ်တူဂီလူမျိုး “ဖာဒီနင်မင်းဒတ်စ်ပင်တို” (Ferdin Mendez Pinto) သည် မြန်မာပြည်အကြောင်း မှိုချိုးမျှစ်ချိုး မဟုတ်မမှန် လုပ်ကြံရေးသားထားသော မှတ်တမ်းများ ရှိသည်။ မြန်မာရာဇဝင်တွင်လည်း နတ်သျှင်နောင်အကြောင်းကို အမှန်ရေးသည်ဟု တထစ်ချ မဆိုနိုင်ပါ။ မြန်မာရာဇဝင်၌ ငဇင်ကာအကြောင်း၊ နတ်သျှင်နောင် အကြောင်းကို ရှာဖွေရေးသားရာ၌ ပူတကေရာဇဝင်ကိုသာ ကိုးကားရေးကြသည် များသည်။ အနောက်ဘက်လွန်မင်းလက်ထက်က ရေးသားသော ရာဇဝင်များ၌ မိမိတို့၏ အရှင်သခင်ကိုသာ အသားပေး၍ ရေးကြပေလိမ့်မည်။ နတ်သျှင်နောင်အပေါ်တွင် အနောက်ဘက်လွန်မင်း၏ အနိုင်ကျင့်ပုံကိုကား ရေးသားကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရာဇဝင်အဆိုအရ နတ်သျှင်နောင် သစ္စာဖောက်သည်ဟူသော အချက်သည် မြန်မာမင်းကို ပုန်ကန်သူတစ်ယောက်အနေဖြင့် အနောက်ဘက်လွန်မင်းကို အသာပေးပြီး ရေးထားခြင်းမျှသာ ဖြစ်ပေလိမ့်မည်။
စင်စစ်ဆိုသော် ငဇင်ကာသည် နတ်သျှင်နောင်ကို အကောက်ကြံ၍ သန်လျင်သို့ ခေါ်ဆောင်လာခြင်းမျှသာ ဖြစ်သည်။ နတ်သျှင်နောင်က ‘ခေါ်ပါလှည့်’ ဟူသောကြောင့် ခေါ်ရပါသည်ဟူသော အချက်သည် လုံးဝမှန်နိုင်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဟူမူ သက္ကရာဇ် ၉၆၅ခုတွင် ရခိုင်ဘုရင်နှင့် နတ်သျှင်နောင်၏ ခမည်းတော် တောင်ငူရွှေနန်းတည်မင်းတို့ ပူးပေါင်း၍ ငဇင်ကာကို တိုက်ခိုက်ကြရာတွင် ရခိုင်ဘုရင်၏ သားတော်ကို ငဇင်ကာက ဖမ်းဆီးလေသည်။ ထိုအချိန်က သန်လျင်ကိုတိုက်စဉ်က တောင်ငူတပ်ကို ကွပ်ကဲအုပ်ချုပ်သူမှာ အိမ်ရှေ့စံ နတ်သျှင်နောင်ပင် ဖြစ်လေသည်။ ထိုစဉ်ကပင် ငဇင်ကာသည် နတ်သျှင်နောင်အပေါ် အငြိုးထားခဲ့လေသည်။ ငဇင်ကာသည် ထိုစဉ်က မည်မျှစိတ်ကြီးဝင်နေသနည်းဟူမူ ရခိုင်ဘုရင်၏ သားတော်ကို ဖမ်းဆီးထားသဖြင့် ရခိုင်ဘုရင်က သားတော် လွတ်မြောက်ရေးအတွက် အရေးဆိုသော စကားကမ်းလှမ်းချက်တွင် ငဇင်ကာအား “ငါ့ကျွန်“ ဟူသော စကားကို ခေါ်ဆိုခဲ့သည်။ “ငါ့ကျွန်ဟူ၍ မခေါ်ပါလင့်၊ သို့မဟုတ်လျှင် အရေးမဆိုပါနှင့်တော့” ဟူ၍ စာပြန်ကြောင်း ရာဇဝင်တွင် ပါရှိလေသည်။
နတ်သျှင်နောင်သည် ဘရင်ဂျီဘာသာသို့ ဝင်သည်ဟူ၍ လည်းကောင်း၊ ဘရင်ဂျီဘုန်းကြီးနှစ်ပါးက သူ့အား ဘရင်ဂျီဘာသာသို့ သွတ်သွင်းပေးသည် ဟူ၍ လည်းကောင်း ပူတကေရာဇဝင်က ဖော်ပြခဲ့သည်။ ဤအချက်တို့မှာ ပူတကေရာဇဝင်၏ အဆိုမျှသာဖြစ်ပါသည်။ သူ့လက်အောက် သူ့ပြည်သူ့ရွာတွင် သူ့သဘောကို လိုက်လျောညီထွေ ကျင့်တတ်စေဟူ၍ ပညာရှိတို့ ဆုံးမချက်အရသာလျှင် နတ်သျှင်နောင်သည် ဘရင်ဂျီဘာသာကို အရေးပေးပေလိမ့်မည်။ ဤဘာသာကို မယုံကြည်သော်လည်း မဆန့်ကျင်အောင် သူနေပေလိမ့်မည်။
နတ်သျှင်နောင် ဗုဒ္ဓဘာသာကို စွန့်ပယ်၍ ဘရင်ဂျီဘာသာသို့ ဝင်သည်ဟူ၍ ပူတကေရာဇဝင်က ရေးသားထားသည့်တိုင်အောင် မဟုတ်မမှန်ကြောင်းကို –
“ဘဝဂ်ရပ်သူ၊ နတ်လူဝှန်ချောက်၊ ညွတ်ရောက်သည်၊ ကျိုက်ခေါက်ကောင်းကင့် ထွက်ချာသော်ဝ်”ဟူသော သန်လျင်ရောက်မှ ဖွဲ့ဆိုသည့် ကျိုက်ခေါက်ဘုရားတိုင်ရတုက သက်သေခံလျက်ရှိသည်။
“ရှင့်ပင့်စတေ၊ ခုနှစ်နေတိ၊ မီး ရေ လေဆုံး၊ ခြောက်ဘုံလုံးက၊ ရွက်ကျုံးရှစ်ဦး၊ တေဘုန်းထူးကို၊ မဖူးကြားကာ၊ သည်သာစက်၌ ကြုံကြိုက်တွေ့ရ၊ ဆယ်ဆဆယ်ပြန်၊ ကျူးလွန်စုံမက်၊ ရှေးထက်ဝမ်းမြောက်၊ ပြည်ဆူလျှောက်သည်”ဟူ၍လည်း သူရှိခိုးဆုတောင်းခဲ့သေးကြောင်း အထင်အရှား ရေးသားဖော်ပြ ထားပါသေးသည်။
သူ့အား သစ္စာဖောက်ကြီး၊ လူဆိုးဘုရင်ကြီး၊ လူ့စဉ်းလဲကြီး စသည်ဖြင့် ရာဇဝင်က ရေးခဲ့သော်လည်း သူသစ္စာမဖောက်ကြောင်း နိုင်ငံခြားစာဆိုတို့၏ ရေးသားမှတ်တမ်းတင်ချက်များက သက်သေခံလျက် ရှိသည်။ နတ်သျှင်နောင်သည် သာသနာဖျက်ကြီးတစ်ယောက် မဟုတ်ကြောင်းကို သူနတ်ရွာစံလျှင်စံချင်း သူ၏ကျေးကျွန်များက တည်ဆောက်ခဲ့သော သူ၏ အရိုးအိုးစေတီကလည်း ယခုတိုင် သက်သေခံလျက် ရှိသည်။ သူ သန်လျင်ရောက်မှ စပ်ဆိုသော ကျိုက်ခေါက်ဘုရားတိုင်ရတုကလည်း သက်သေခံလျက် ရှိပါသည်။ တိုင်းသူပြည်သားနှင့် မဆန့်ကျင်သော အဝိရောဓနံတရားနှင့်ယှဉ်လျက် အနောက်လွန်မင်းကို အညံ့ခံခဲ့ဲခြင်း၊ ဆရာတော် သံဃာတော်တို့၏စကားကို မပယ်ရှားခြင်းတို့က သက်သေခံနေသဖြင့် နတ်သျှင်နောင်သည် သစ္စာမဖောက်ကြောင်း သမိုင်းက သက်သေခံလျက် ရှိနေပါတော့သည်။
Lee Bae
ReplyDelete