New Artical

စီးပွားရေး လုပ်နေတာလား။ အကူအညီတောင်းတတ်ဖို့ပဲ လိုတယ်။

စီးပွားရေး လုပ်နေတာလား။ အကူအညီတောင်းတတ်ဖို့ပဲ လိုတယ်။

Need Help in Your Business? Read All You Have to Do is Ask

“မင်းက ပြောမှ မပြောတာကိုး။ ပြောရင် ကူညီမှာပေါ့။” ဆိုပြီး တစ်ယောက်ယောက်က ပြောတာကို ကြားဖူးလား။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဒါမျိုးကို သင်ကြိမ်ဖန်များစွာ ကြားဖူးနေပါလိမ့်မယ်။ မှန်ပါတယ်။ သူတပါးက လိုလိုလားလား ကူညီပေးဖို့ အဆင်သင့်ရှိနေတဲ့ အချိန်မှာ အကူအညီကို အားနာလို့ပဲ ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် တွန့်ဆုတ်နေလို့ပဲ ဖြစ်ဖြစ် မတောင်းဖြစ်ခဲ့တာမျိုးတွေ သင် ခဏခဏကြုံခဲ့ဖူးမှာပါ။

အစပျိုးစ စီးပွားရေးလုပ်ငန်းမှာ အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုကတော့ အကူအညီတောင်းတတ်ခြင်းပါပဲ။  လုပ်ငန်းတစ်ခု စလုပ်တာနဲ့ သင်ဟာ ကူညီပံ့ပိုးမှုတွေကို အမြဲရှာဖွေရယူနေရမယ်။ မတောင်းတတ်ဘူးလို့ ဆင်ခြေမပေးပါနဲ့။ တောင်းတတ်အောင် တောင်းရပါလိမ့်မယ်။

သင်ဟာ ကိုယ့်ထူးကိုယ်ချွန် စွန့်ဦးတီထွင်သမားတစ်ယောက်လို့ သင့်ကိုယ်သင် ထင်ချင်ထင်နေလိမ့်မယ်။ သင့်ဟာ အနှောင်အဖွဲ့ကင်းကင်းနဲ့ ရုန်းကန်မယ်လို့ သင် သံန္နိဋ္ဌာန်ချထားပြီး ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တကယ်တမ်းအကူအညီလိုအပ်လာရင်တော့ သင် အကူအညီမတောင်းဘဲ နေလို့ မရပါဘူး။ ဒီလို အကူအညီတောင်းတတ်ခြင်းဟာ သင့်လုပ်ငန်းတိုးတက်အောင်မြင်ရေးအတွက် အရေးကြီးတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်နေလို့ပါ။

အကူအညီတောင်းတတ်ဖို့ လိုအပ်သူတွေထဲမှာ လုပ်ငန်းရှင်တွေသာ မကပါဘူး။ အခုမှ အလုပ်ဝင်စ ဝန်ထမ်းကစလို့ အထက်ပိုင်းက စီအီးအိုတွေအထိ တစ်ပါးသူဆီကနေ အကူအညီတောင်းတတ်ဖို့ လိုအပ်ပါတယ်။ အကူအညီတောင်းဖို့ ကျွန်တော်တို့ တွန့်ဆုတ်နေရတဲ့ အကြောင်းအရင်းတွေထဲမှာ အဓိက အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ လူတွေရဲ့ ကူညီချင်စိတ်ကို လျှော့တွက်တာ။

၂။ ကိုယ့်ကိုကိုယ် အားကိုးလွန်းတာ။

၃။ အကူအညီတောင်းခံတာဟာ ပျော့ညံ့ခြင်းတစ်မျိုးပဲလို့ ခံယူတာ။

၄။ အလုပ်ခွင်မှာ အဆင်မပြေတာတွေ ကြုံရမှာ ကြောက်တာ။

၅။ အကူအညီရယူဖို့ အခွင့်မသာတဲ့ အလုပ်ခွင်မျိုးမှာ ရောက်နေတာ။

၆။ ဘယ်အကူအညီကို တောင်းရမှန်း မသိတာ။

၇။ အကူအညီတောင်းခွင့်မရှိဘူးလို့ ထင်တာ။

၈။ တစ်ကိုယ်ကောင်းဆန်တယ်လို့ အထင်မခံချင်တာ၊ စသည်တို့ ဖြစ်ကြပါတယ်။

တကယ်တော့ အကူအညီတောင်းတယ်ဆိုတာ ပျော့ညံ့မှုကို ပြသတာမဟုတ်ပါဘူး။ လူရေးလူရာ ကျွမ်းကျင်တယ်ဆိုတာကို ပြသခြင်းပဲ ဖြစ်ပါတယ်။ သင့်မှာ ပြဿနာအားလုံးရဲ့ အဖြေမရှိတဲ့အတွက် အကူအညီတောင်းတာဟာ သင့်ရဲ့ထက်သန်မှုကို ပြသခြင်း တစ်မျိုးပါပဲ။ ဒီနည်းနဲ့ သင်ဟာ ပြဿနာတွေကို ဖြေရှင်းရတာ နှစ်သက်သူတစ်ယောက် ဖြစ်ကြောင်း ပေါ်လွင်လာပါတယ်။

အကူအညီတောင်းခံရာမှာလည်း သတိပြုစရာ အချက်တွေ ရှိပါတယ်။ သင်တောင်းတဲ့ အကူအညီဟာ ဝေဝေဝါးဝါး ဖြစ်လို့ မရပါဘူး။ အကူအညီမတောင်းခင်မှာ သင်လိုချင်တဲ့ အကူအညီဟာ ဘာလဲဆိုတာ တိတိကျကျ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ သင်တောင်းခံတဲ့ အကူအညီဟာ SMART ဆိုတဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီရပါမယ်။ SMART ဆိုတာကတော့ Specific (လိုချင်တာကို တိတိကျကျဖော်ပြခြင်း)၊ Meaningful (ဘာကြောင့်လိုချင်သလဲဆိုတဲ့ အကြောင်းအရင်းကို တိတိကျကျ ဖော်ပြခြင်း)၊ Action-oriented (လုပ်ပေးရမယ့် အလုပ်ကို ဖော်ပြခြင်း)၊ Real (စိတ်ရင်းနဲ့ တောင်းခံခြင်း၊ ဟန်ဆောင်ပန်ဆောင် မဟုတ်ခြင်း) နဲ့ Time-bound (ပြီးစီးစေချင်တဲ့ အချိန်ကို ဖော်ပြခြင်း) ဆိုတဲ့ အချက်တွေကို ဆိုလိုတာဖြစ်ပါတယ်။

ဥပမာ အားဖြင့် ပြောရရင် သင်ဟာ အချက်အလက်တစ်ခုခုကို သိချင်တယ်ဆိုပါစို့။ အဲဒီအချက်အလက်ကို သိလောက်တဲ့ တစ်ယောက်ယောက်ဆီကနေ ဒီလိုမေးခွန်းမျိုးနဲ့ အကူအညီတောင်းရမှာ ဖြစ်ပါတယ်။

“ကိုဘယ်သူရေ/ မဘယ်သူရေ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီအချက်လေးတွေကို သိချင်လို့ပါ။ (Specific)

ဒီအချက်ကိုမှ မသိရင် ဆက်လုပ်ရတာ ခက်သွားမှာ မို့ပါ။ (Meaningful) (Real)

PDF နဲ့ပဲ ဖြစ်ဖြစ်၊ ဝက်ဘ်ဆိုက်လင့်ပဲ ဖြစ်ဖြစ် ပေးလို့ ရမလား။ (Action-oriented)

ဘယ်အချိန်လောက် ရမလဲ။ နက်ဖြန်ညနေဆို အဆင်ပြေမလား။ (Time-related)”

အကူအညီတောင်းခံမှု၊ အကူအညီပေးမှုနဲ့ပတ်သက်ရင် စရိုက်(၄)မျိုးရှိပါတယ်။ သင့်ကိုယ်သင် ဘယ်စရိုက်မျိုးလဲဆိုတာ အောက်ကအချက်တွေနဲ့ ချိန်ထိုးပြီး ခန့်မှန်းကြည့်လို့ရပါတယ်။

  • အကူအညီ အလွန်အမင်းပေးချင်သူ (Overly Generous Giver) _ သူကပဲ တစ်ဖက်လူကို အမြဲတမ်း အကူအညီပေးတတ်တယ်။ သူကတော့ ဘယ်တော့မှ အကူအညီမတောင်းဘူး။
  • အယူသက်သက်သမား (Selfish Taker) _ တစ်ကိုယ်ကောင်းဆန်သူ ဖြစ်တယ်။ အကူအညီတောင်းဖို့ပဲ သိပြီး သူကတော့ သူများကို ကူညီလေ့မရှိဘူး။
  • တစ်ကိုယ်တော်သမား (The Lone Wolf) _ တစ်ကိုယ်တော်ပဲ လှုပ်ရှားတယ်။ သူများကို အကူအညီမတောင်းတတ်သလို အကူအညီလည်း မပေးတတ်ဘူး။
  • ပေးလည်းပေး၊ တောင်းလည်းတောင်း သမား (Giver-Requester) _ သူတစ်ပါးကို အကူအညီပေးပြီး သဘောမနောကောင်းသူဖြစ်ကြောင်း ပြသတယ်။ သူတပါးဆီကလည်း အကူအညီတောင်းပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွားတယ်။

အုပ်စုနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းခွင်တွေဟာလည်း အကူအညီ အပြန်အလှန်ပေးတဲ့ အလေ့အထကို မွေးမြူသင့်ပါတယ်။ စွမ်းဆောင်ရည် မြင့်တဲ့ အုပ်စုတွေမှာ အကူအညီ အပြန်အလှန်ပေးတဲ့ အလေ့အထကို တွေ့ရတယ်။ သူတို့ဟာ အုပ်စုဝင်အချင်းချင်းကြားမှာသာမက လိုအပ်ရင် ပြင်ပ အစုအဖွဲ့တွေဆီကပါ အကူအညီတောင်းခံကြတယ်။ ဒီလိုတောင်းခံဖို့ လွယ်ကူအောင်လည်း အခြားအစုအဖွဲ့တွေကို ဆက်သွယ်ပြီး ခိုင်မာတဲ့ ကွန်ရက်တွေအဖြစ် သူတို့ကိုယ်သူတို့ ချိတ်ဆက်ထားကြတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရရင် ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ လုပ်ငန်းရှင်ပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် သူတစ်ပါးရဲ့ ကူညီပံ့ပိုးမှုနဲ့ ကင်းပြီး ရပ်တည်လို့ မရပါဘူး။ အရာအားလုံးကို ကိုယ်တစ်ယောက်တည်း သိနိုင်စွမ်းလည်းမရှိ၊ တတ်မြောက်နိုင်စွမ်းလည်း မရှိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် သတိပြုရမယ့်အချက်ကတော့ အကူအညီဆိုတာ အယူရှိရင် အပေးလည်း ရှိရပါလိမ့်မယ်။ ဒီလို အပြန်အလှန်ပေးတဲ့ လုပ်ငန်းခွင်အလေ့အထမျိုးကို မွေးမြူထားနိုင်မှ သင့်တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှုအတွက်ရော၊ လုပ်ငန်းခွင် အောင်မြင်တိုးတက်မှုအတွက်ပါ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ 

BusyBook

 

No comments