New Artical

ကော်ဖီနဲ့ ကဖိန်းဓာတ်အကြောင်း ယုံတမ်းအမှားများ

 


ကဖိန်းဓာတ် (Caffeine) လို့ ဆိုလိုက်ရင် ကော်ဖီကို အရင်ဆုံးပြေးမြင်ကြမယ်ထင်တယ်။ ကဖိန်းဓာတ်က ကော်ဖီမှာတင်မကပါဘူး။ ဆိုဒါ၊ ချောကလက်၊ အားဖြည့်အချိုရည်တွေနဲ့ လက်ဖက်ရည်တွေမှာလည်း ပါရှိပါတယ်။
ပြောရမယ်ဆိုရင် ကဖိန်းဓာတ်ပါဝင်နေတဲ့ အစားအစာတွေနဲ့ အဖျော်တွေဟာ လူကြိုက်များတဲ့ အစားအစာတွေဖြစ်နေတတ်တာများပါတယ်။ ဒါကြောင့်လည်း ကဖိန်းဓာတ်ဟာ “စွဲလန်းစေတတ်တယ်” ဆိုတာမျိုး ယူဆခံရလေ့ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဒီလိုယူဆချက်တွေကို လက်မခံချင်တတ်ကြပါဘူး။ ကြိုက်တာကိုး။
ဒါဆိုရင် ဒီယုံတမ်းတွေ တကယ်မှန်ကန်မှုရှိရဲ့လား? မှားနေတာများလား? ဆိုတာကို သိနားလည်ဖို့တော့ လိုလာပါပြီ။ အမှန်၊ အမှားကို လေ့လာကြည့်ရအောင်။

Myth No. 1 : ကဖိန်းဓာတ်က စွဲလမ်းစေတယ်
ကဖိန်းဓာတ်က အာရုံကြောစနစ်ကို တက်ကြွစေပြီးတော့ ကော်ဖီလိုအရာတွေကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ အပြုအမူတွေကို အတန်ငယ် ပေါ့ပါးလွတ်လပ်စေပါတယ်။ ဒါပေမယ့် ကော်ဖီတွေ အများကြီးသောက်လို့ မူးယစ်ဆေးဝါးလို မသုံးရမနေနိုင် စွဲလမ်းရူးသွပ်သွားတာမျိုးတော့ မဖြစ်နိုင်ပါဘူး။

Myth No. 2 : ကဖိန်းဓာတ်က အိပ်မပျော်တဲ့ရောဂါရစေတယ်
တစ်နေ့ကို ကော်ဖီ ၂ ခွက်လောက်သောက်သုံးရုံနဲ့ သင့်ရဲ့ညအိပ်ချိန်ကို နှောင့်ယှက်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ သတိထားရမှာက ကော်ဖီ ဒါမှမဟုတ် ကဖင်းဓာတ်ပါဝင်တာတွေကို အိပ်ယာဝင်ချိန်နဲ့ ၆ နာရီဝန်းကျင်ခွာပြီး မှီဝဲဖို့ပါ။

Myth No. 3 : ကဖိန်းဓာတ်က အရိုးပွရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်စေနိုင်တယ်
နေ့စဉ်လိုအပ်ချက်ပမာဏဖြစ်တဲ့ ကဖိန်းဓာတ် ၃၀၀ မီလီဂရမ် (ကော်ဖီ ၃ ခွက်) သောက်သုံးတာဟာ ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်ပါဘူး။ ဒီထက်ပိုပြီး များပြားတဲ့ပမာဏမျိုးကို အသုံးပြုနေမယ်ဆိုရင်တော့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားမျိုး လုံးဝမရှိပါဘူး။

Myth No. 4 : ကိုယ်ဝန်ဆောင် မိခင်တွေ ကော်ဖီသောက်လို့မရဘူး
ကော်ဖီနဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ထိခိုက်နိုင်ခြေက ဆက်စပ်မှုမရှိပါဘူး။ တစ်နေ့ကို ကော်ဖီတစ်ခွက်လောက်ပဲ မှီဝဲသင့်တယ်လို့တော့ လမ်းညွှန်ထားကြပါတယ်။

Myth No. 5 : ကဖိန်းဓာတ်က ရေဓာတ်ကုန်ဆုံးစေတယ်
ကဖိန်းဓာတ်က ဆီးသွားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ရေဓာတ်ဆုံးရှုံးမှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတော့ မဟုတ်ဘူးလို့ လေ့လာချက်တွေက ဆိုပါတယ်။

Myth No. 6 : ကဖိန်းဓာတ်က လူကြီးထက် ကလေးတွေကို ပိုထိခိုက်စေတယ်
၂၀၀၄ ခုနှစ်က လေ့လာချက်တစ်ခုအရဆိုရင် အသက် ၆ နှစ်ကနေ ၉ နှစ်ကြား ကလေးတွေဟာ တစ်နေ့ကို ကဖိန်းဓာတ် ၂၂ မီလီဂရမ်ဝန်းကျင်သာ မှီဝဲစေသင့်ပါတယ်တဲ့။ ကဖိန်းဓာတ်က ကလေးတွေအတွက် မသင့်လျော်တဲ့ ဓာတ်တစ်မျိုးပါ။

Myth No. 7 : ကော်ဖီနဲ့ အရက်ရောရင် အိန္ဒြေရရလေးမူးတယ်
ကော်ဖီနဲ့ အရက်ကိုရောပြီးမှီဝဲရင် အထာကျကျနဲ့ တည်တည်ငြိမ်ငြိမ်လေးမူးစေတယ်လို့ လူငယ်တွေကြားမှာ အဆိုရှိကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီနှစ်ခုရောရင်ဖြစ်နိုင်ခြေအရှိဆုံးအချက်က ယာဉ်မတော်တဆမှုလို့ ဆိုပါတယ်။

Myth No. 8 : ကဖိန်းဓာတ်က ကျန်းမာရေးကို လုံးဝ အထောက်အကူမဖြစ်စေဘူး
ဒီလိုလဲ မဟုတ်ပါဘူး။ ကဖိန်းဓာတ်က ကျန်းမာရေးကို အနည်းငယ်အကျိုးပြုပါတယ်။ ဥပမာ- ကော်ဖီကို နေ့စဉ်လိုအပ်တဲ့ ပမာဏနဲ့ ကိုက်ညီရုံ မှန်မှန်လေးမှီဝဲမယ်ဆိုရင် တက်ကြွလန်းဆန်းတာ၊ သတိမူတတ်တာ၊ ခေါင်းကြည်တာ၊ အာရုံစူးစိုက်မှုကောင်းတာလိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

No comments