New Artical

မြတ်စွာဗုဒ္ဓ ၏ အံ့သြဖွယ် မိန့်ခွန်းတော်


 “ ဗုဒ္ဓ ”
သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော “ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်” ကို ရဲဝံ့ပြတ်သားစွာ ဟောကြား ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမလူမျိုးတို့ကို ဟောကြား သော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင်လမ်း ညွှန်ချက် ” တရားတို့ပင် ဖြစ်သည်။
ဤ သုတ္တန်တရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ ” ဖြစ်ပါသည်။ ဘာသာရေး ထုံးတမ်းစဉ်လာကြားတွင် တွေဝေ ငေးမောနေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင် အောင် လမ်းဖွင့်ပေး လိုက်သော ကြည်လင်ချိုမြသည့် “ဓမ္မခေါင်းလောင်းသံ” လည်းဖြစ်ပေသည်။

ဗုဒ္ဓ၏ ထို မိန့်ဆိုချက်မှာ…


အို… ကာလာမလူမျိုး အမျိုးကောင်းသားတို့… သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ် အားထုတ် ကြကုန်လော့…။


( ၁ ) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြား သိမှတ်လာခဲ့တာပဲလို့ “ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။

( ၂ ) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ” ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။

( ၃ ) လူအများက ပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည်ကျော်ကြားရုံ” နဲ့မစုံစမ်း မဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။

( ၄ ) “ ရှေးဟောင်းစာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။

( ၅ ) မိမိဉာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ” ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ် လိုက်ပါနဲ့ဦး။

( ၆ ) အဲဒီတရား အယူအဆဟာဖြင့် ထောက်ပံ့အမှီပြုအပ်တဲ့ “နည်းနာနိဿယ” တွေ၊အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။

( ၇ ) မိမိဘာသာ“ တွေးခေါ်ကြံစည်ဆင်ခြင်ပြီး ” ဟုတ်လှပြီ လို့ သဘောကျနှစ်ခြိုက်ရုံနဲ့လဲမှန်လှပြီ လို့ မယူဆလိုက်ပါနဲ့ဦး။

( ၈ ) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစား တွေးတောထားတာတွေနဲ့ “တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက်ပါနဲ့ဦး။

( ၉ ) အများက“လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့စကားပဲ ဆိုပြီးတော့လည်း မဆင်မခြင် ပဲ မယုံကြည်လိုက်ပါနဲ့ဦး။

( ၁၀ ) ငါတို့ ရင်းနှီးကျွမ်းဝင်ချစ်ခင်တဲ့ “ငါတို့ဆရာသမား” ပြောကြားတဲ့ စကားပဲ ဆိုပြီတော့လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။

“ ကာလာမ လူမျိုးတို့…

သင်၏ကိုယ်ပိုင်ဉာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ…

ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။

ဤတရားတို့ကား…အကျိုးမဲ့အပြစ်ကိုသာ ဖြစ်စေသောတရားတို့တည်း။

ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။

ဤတရားတို့ကား.. ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း မဟုတ်သော တရားတို့ပေတည်း… ဟုရှောင်ရှားပယ် စွန့်သင့်သည်တို့ကို စွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူး အမှန်တကယ်ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ…ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။


“ ဘာသာအယူဝါဒဂိုဏ်းဂဏ ထူထောင်သူတို့သည်…

ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။

ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။

ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲ သို့ ကျရောက်စေရမည် “ဟု ခြိမ်းခြောက် ဟောပြော၍ လူစုနေချိန်တွင်…

“ဗုဒ္ဓ” က…“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။ ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ …သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး တရားဓမ္မကို ဦးစွာကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့သဘာဝကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ ” ဟုဟောကြားရဲခြင်းသည်။ဓမ္မ၏မြင့်မြတ်မှန်ကန်သော ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဘာသာအယူဝါဒ မျိုးစုံတို့အတွက် “ အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော် တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။


ကျမ်းကိုး- I.D.F မှထုတ်ဝေသည့်“ဓမ္မရသ စာစုများ” အမှတ်( ၂ )၊( စာ-၁၄ )

No comments