New Artical

မြတ်စွာဘုရားရှင်၏ အရိုးကွင်းဆက်တော်များ


 မြတ်စွာဘုရားရှင်၏ အရိုးကွင်းဆက်တော်များ

" မြတ်စွာဘုရားရှင်၊ ရဟန္တာများ နှင့် အရိုးကွင်းဆက်များ " လူသားတွေရဲ့ အရိုး တစ်ခုနဲ့တစ်ခုဆက်ပုံက "ကွင်းဆက် | ချိတ်ဆက် | တေ့ဆက်" လို့  သုံးမျိုးရှိပါတယ်။  အမြင့်မြတ်ဆုံး လူသားတွေရဲ့ အရိုးက "ကွင်းဆက်" ဖြစ်ပြီးအလယ်အလတ်မြင့်မြတ်သူတွေရဲ့ အရိုးက " ချိတ်ဆက် " ဖြစ်ပါတယ်။  

သာမန် မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေရဲ့ အရိုးကတော့ "တေ့ဆက် "  တွေချည်းပါ။ အမြင့်မြတ်ဆုံး လူသားတွေဆိုတာသစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်လဲသိ ကျွတ်ထိုက်သမျှ ဝေနေယျတွေကိုလည်း သိအောင်ဟောပြောညွှန်ပြတော်မူနိုင်တဲ့  "သမ္မာ သမ္ဗုဒ္ဓ ဘုရားရှင်" တွေပါ။

သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်အားလုံးရဲ့ အရိုး တော်တွေဟာ တစ်ခုနဲ့တစ်ခု " ကွင်းဆက် " ဆက်နေကြပါတယ်။ သံကွင်း တစ်ကွင်းနဲ့ တစ်ကွင်းကို ဂဟေဆော်ပြီး တွဲဆက်ထားသလို တစ်လုံးတစ်ခဲတည်း | တစ်ဆက်တစ်စပ်တည်း  ဆက်နေကြပါတယ်။

အလယ်အလတ်မြင့်မြတ်သူတွေ ဆိုတာကတော့ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်သာ သိမြင်ပြီး သတ္တဝါ ဝေနေယတွေကို သိအောင်  ဟောပြတော်မမူနိုင်တဲ့"ပစ္စေက ဗုဒ္ဓါ ဘုရားရှင်"  တွေပါ။  ပစ္စေကဗုဒ္ဓါ ဘုရားရှင် အားလုံးရဲ့ အရိုးတော် တွေဟာ တစ်ခုနဲ့တစ်ခု  "ချိတ်ဆက်" ဆက်နေ ကြပါတယ်။  ချွန်းချိတ်တွေ အချင်းချင်း ငြိကပ်နေသလိုမျိုး  အရိုးကွေးကွေး တစ်ခုပေါ် အရိုးကောက်ကောက် တစ်ခုက ချိတ်တွယ် ငြိကပ်ဆက်စပ်နေကြပါတယ်။

သာမန်မြင့်မြတ်သူတွေဆိုတာကတော့ သစ္စာလေးပါးအမှန်တရားကို ကိုယ်တိုင် မသိမြင်နိုင်ပဲ၊ ဘုရားဟော တဲ့တရားကို ဘုရားထံက တိုက်ရိုက်ဖြစ်စေ | သာဝက (  ဘုရားတပည့် )  ထံက ထပ်ဆင့်ဖြစ်စေ နာယူရမှ သိမြင်နိုင်တဲ့ သောတပန် | သကဒါဂါမ် |  အနာဂါမ် | ရဟန္တာ | အရိယာ ပုဂ္ဂိုလ်ကြီးတွေပါ။ 

ရိုးရိုးလူသားတွေဆိုတာကတော့ ကံနဲ့ ကံရဲ့ အကျိုးကို နှစ်နှစ်ကာကာယုံကြည်ပြီး   ရုပ်နာမ်ဖြစ်ပျက်ကို မြင်နိုင်စွမ်းတဲ့ ကလျာဏ  ပုထုဇဉ် ( ပုထုဇဉ်အကောင်း)ပုဂ္ဂိုလ်တွေနဲ့  ကံ ကံရဲ့ အကျိုးကို မယုံကြည်ဘဲ  ဗေဒင် / ယတြာ / ဓာတ်ရိုက်ဓာတ်ဆင် စတဲ့ လောကီမင်္ဂလာတွေကို ယုံကြည်တဲ့ရုပ်နာမ်ဖြစ်ပျက်ကိုမမြင်ဘဲ ပုဂ္ဂိုလ်သတ္တဝါ ပညတ်တွေမှာ အစွဲအလန်းကြီးနေတဲ့  အန္ဓပုထုဇဉ် ( ပုထုဇဉ်အကန်း ) ပုဂ္ဂိုလ်တွေပါ။ ရဟန္တာပုဂ္ဂိုလ်ကြီးမျးအပါအဝင် သာမန်မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေ အားလုံးရဲ့ အရိုးတွေဟာ တစ်ခုနဲ့တစ်ခု  "တေ့ဆက်" ဆက်နေကြပါတယ်။  အရိုးတစ်ခုနဲ့တစ်ခုရဲ့ ထိပ်နဲ့ တစ်ခြားအရိုး တစ်ခုရဲ့ထိပ် | ထိပ် ထိပ်ချင်းထိစပ်ပြီး  တေ့တွဲ တွဲပူးကပ်ဆက်စပ်နေကြပါတယ်။

တရားရိပ်သာနဲ့ ဆေးခန်းပိုစတာတွေမှာ ပြသထားတဲ့ အဲဒီအရိုးတွေအားလုံးဟာ ဘုရား  ပစ္စေက ဗုဒ္ဓါမဟုတ်တဲ့ လူသားတွေရဲ့  အရိုးတွေချည်းဖြစ်လို့ အရိုးအားလုံးဟာ   "တေ့ဆက်" ဆက်နေကြတာချည်းပါ။ 

အနှစ်ချုပ်ပြန်ပြောရရင် သမ္မာ သမ္ဗုဒ္ဓ  ဘုရားရှင်တို့ရဲ့ အရိုးဟာ " ကွင်းဆက် "|  ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ရဲ့ အရိုးဟာ"ချိတ်ဆက်"| ရဟန္တာအပါအဝင် ကျန်လူသားအားလုံးရဲ့ အရိုးဟာ " တေ့ဆက် " ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အရိုးတော်တွေဟာ  အဆက်ကြီး တစ်ဆယ့်နှစ်ဆက်နဲ့  လက်ချောင်းတော် အဆစ်နေရာတွေ ကလွဲရင် တစ်ကိုယ်တော်လုံး အရိုးဆက်တွေအားလုံး  သံကွင်းတွေလို တစ်လုံးတစ်ခဲတည်း တွဲဆက် နေကြပါတယ်။

 အဆက်ကြီး တစ်ဆယ့်နှစ်ဆက်ဆိုတာက
လက်ဝဲ  / လက်ယာ / လက်ကောက်ဝတ်နှစ်ခုနဲ့ လက်ဆက်တဲ့အဆက်နှစ်ခု /  လက်ကောက်ဝတ် ကနေ တံတောင်ဆစ်အထိ လက်နဲ့ လက်မောင်း ဆက်တဲ့ အဆက်နှစ်ခု ( လက်ဝဲ / လက်ယာ ) |  လက်မောင်းနဲ့ လက်ပြင်ရိုး ( ညှပ်ရိုး ) ဆက်တဲ့အဆက်နှစ်ခု ( ဝဲ / ယာ ) |  ခြေဖမိုးတော်နဲ့ ခြေသလုံးတော် ဆက်တဲ့ အဆက်နှစ်ခု ( ဝဲ | ယာ ) | ခြေသလုံးရိုးနဲ့ ပေါင်ရိုးဆက်တဲ့ အဆက်နှစ်ခု  ( ဝဲ / ယာ) ပေါင်ရိုးနဲ့ တင်ပါးဆုံရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ / ယာ ) တို့ပါ။

မြတ်စွာဘုရားရှင်ရဲ့ လည်ပင်းအရိုးတော်တွေဟာ သံကွင်းဆက်တွေ ဂဟေဆော်ထားသလို  တစ်လုံး တစ်ခဲတည်း တွဲဆက်နေတဲ့အတွက်  တစ်နေရာရာကို နောက်ပြန်လှည့်ကြည့်တော့ မယ်ဆိုရင် လည်ပင်းတော်ချည်း သက်သက်လှည့် ကြည့်လို့ မရပါဘူး ။ တစ်ကိုယ်တော်လုံး လှည့်ကြည့်မှရပါတယ်။ "အရိုးကွင်းဆက်" ဆိုတာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တွေနဲ့သာ သက်ဆိုင် တဲ့ သီးခြားဂုဏ်ထူးတစ်ခုဖြစ်သလို "အရိုးချိတ်ဆက်" ဆိုတာလည်း ပစ္စေက ဗုဒ္ဓါ ဘုရားရှင်တို့နဲ့သာ သက်ဆိုင်တဲ့  သီးခြားဝိသေသတစ်ခု ဖြစ်ပါတယ်။

ရဟန္တာဆိုတာ ဘုရား | ပစ္စေကဗုဒ္ဓါတို့နဲ့ နှိုင်းယှဉ်ရင် ပါရမီချင်းရော အသိဉာဏ်ချင်းရော အဆင့်အတန်း အများကြီး နိမ့်တာမို့ သာမန်လူတွေလို  " အရိုးတေ့ဆက် " လို့ပဲ ပိဋကတ်တော်နဲ့ အညီ သံသယမရှိ  မှတ်သားထားသင့်ပါတယ်။


 

အရှင်ဆန္ဒာဓိက (နို့နှစ်လုံးဖိုးလုံးကျေပါတယ် စာအုပ်မှ)

No comments