New Artical

ရေဖျင်းရောဂါနှင့် ဗောက်လောက်ညိုပင်အစွမ်း


ရေဖျင်း ၊ အသည်းရောင်၊ အိပ်မပျော်ခြင်း၊ လျှာအာကွဲနာ၊ ဆီးအောင့်၊ ဆီးသွားနဲ့ခြင်းတို့အတွက် ဗောက်လောက်ညိုအစွမ်း

ဤဆေးပင် အလွန်စွမ်း၏။ လက်တွေ့ကြုံဖူး၍လည်း ပြန်လည်မျှဝေခြင်းဖြစ်၏။ ရောဂါဝေဒနာတို့ သဘောသည်က စပ်ဆက်နေတတ်သည်။ အလွန်သဘောကောင်းသော ကျောင်းဆရာလေး တစ်ဦးနှင့် ခင်ဖူးသည်။ ထိုဆရာလေးမှာ နှလုံးရောဂါရှိသည်။ မကြာခဏ ဆေးရုံပြသော်လည်း မသက်သာလှ ပါ။ ထိုမှတဆင့် ပါးစပ်အတော်နံသည်ကိုသတိပြုမိသည်။ နောက်ပိုင်း ထပ်ဖြစ်လာသည်က ဗိုက်က ဖြည်းဖြည်း ပူလာခြင်းဖြစ်လေသည်။

သိရသည်မှာ ရေဖျဉ်းဆွဲခြင်း ဖြစ်လေသည်။ ရေဖျင်းစွဲသော ဆရာလေးမှာ အသက်ရှူကြပ်ပြီး လှုပ်ရှားမှုပြုတိုင်း မောလွန်းခြင်းပင်။ နောက်ပိုင်း အညစ်အကြေး စွန့်ရန်ပင် တွဲထူတွဲမ လုပ်မှရတော့သည်။ ရင်ညွန့်အောက်မှ ဗိုက်သားတစ်ပြင်လုံး တင်းရောင်ကာ အိပ်ရာထက် ဟိုဘက် ဒီဘက်လှည့်ရန်ပင် ခက်လေသည်။ ပါရဂူဖြင့် မပြဘဲ အင်္ဂလိပ်ဆေးများအား ရောဂါကို ပြော၍ ဆေးဝယ်သောက်သည်။ သို့သော် မသက်သာလှပါ။

ဆရာလေးအား ရန်ကုန်တက်ပြီး ပါရဂူဖြင့် ပြရန်တိုက်တွန်းသည်။ သို့သော်ဆရာလေးက ဝေဒနာ ကို အလူးအလဲခံကာ ခေါင်းခါသည်သာ။ အကြောင်းကား ဆရာလေးသည် လစာလေးဖြင့် အမေအိုကို လုပ်ကျွေးနေသူ။ သူ့တွင် အပိုဝင်ငွေမရှိ။ အပိုသုံးစရာငွေလည်း မရှိခြင်းပင်။ ရင်နှီးသူမို့ ဝေဒနာခံစားရင်း ပါးပြင်ထက်သို့ မျက်ရည်စများ စီးကျနေသည်ကို မြင်ရ၍ စိတ်မကောင်းပြန်။

ကျောင်းဆရာလေးအား ကယ်တင်ရှင်ပေါ်ပြီ။ တိုင်းရင်းသမားဆေးသမားတော်ကြီး ဦးကြွယ်ရောက်လာခြင်း ဖြစ်သည်။ နည်းပြသည်ကသမားတော်၊ ကယ်တင်သော ဆေးပင်က ဗောက်လောက်ညိုပင် သာ ဖြစ်တော့သည်။

ဗောက်လောက်ညို ပဉ္စ(၅)ပါးကို သုံးခွက်တစ်ခွက်တင် ပြုတ်ကျိုပြီး နံနက်၊ ည ရေနွေးကြမ်း ပန်းကန်တစ်လုံးစာ တိုက်ခြင်းသာဖြစ်သည်။ ထိုပြင် အရွက်ကိုသုပ်ပြီး အနည်းငယ်မျှ စားစေပြန်သည်။ တစ်ပတ်အတွင်း ပူဖေါင်းနေသောဗိုက် သိသိသာသာကြီး ကျဆင်းသွားသည်။ ဆီးလည်းခဏခဏ သွားလေသည်။ ထိုကျောင်းဆရာလေးသည် ဆရာကြီးဦးကြွယ်ပြသော ဗောက်လောက်ညိုပင်ဖြင့် လူကောင်းပကတိ ပြန်ဖြစ်ခဲ့သည်။ ဝမ်းသာလိုက်ကြသော တပည့်များ၊ ရွာသူရွာသားများ။ အံ့ဖွယ်အတိ ဆေးပင်ရှိခဲ့ပြီ။

ထိုအပင်အား အရှင်နာဂသိန်ကျမ်းတွင် ဖတ်ရှုကြည့်ရာ-

ထိုအပင်သည် မိုးဦးကျ၌ စိမ်းလန်းစိုပြေစွာ အလိုလျောက် ပေါက်လာတတ်၏။ မြေဆွေး အမှိုက်ပုံများရှိရာ နေရာတို့၌ အထူးသဖြင့် မြောက်များစွာ ပေါက်ရောက်တတ်၏။ မသိသောသူတို့သည် နှုတ်ပစ်ဖယ်ရှား ကျော်လွှားသွားကြကုန်၏။ သိသောသူတို့မှာ အောက်ပါဆေးနည်းများအတိုင်း ဖော်စားကြကုန်၏။

အမှိုက်ပုံမှ အလိုလျောက်ပေါက်သော ဆေးတစ်ပင်သည် လူသားတို့၏ ရောဂါအမျိုးမျိုးအတွက် ကယ်တင်ရှင် ဖြစ်သည်ကို သတိပြု၍ ဆေးအဘိဓာန်ကျမ်းကို ကျေညက်အောင် ကြည့်ရှုလေ့လာရာ၏။ ဟု မှတ်ချက်ပြုလေသည်။


ပုံသဏ္ဌန် –

၁-ပေမှ ၃-ပေအထိမြင့်၏။ အခက်အလက်များ ကောက်ကွေး၏။ အရွက် လုံး၍ရှည်၏။ အပွင့်ဖြူ၏။ အသီးနုသောအခါ စိမ်း၍ ရင့်သောအခါ နီ၏။ ထို့နောက် မှည့်သောအခါ ညို၏။

Image result for ဗောက်လောက်ညို

ဂုဏ်နှင့်စွမ်းရည် –

ပဉ္စငါးပါးကို အသုံးပြုရသည်။ ခါးစပ်၏။ ပူ၏။ ဝိပါက၌ စပ်၏။ ပြေပြစ်၏။ အသံကို မှန်အောင် ထိန်းပေးတတ်၏။ မျက်စိကို အကျိုးပြု၏။ ဒေါသသုံးပါးကို နိုင်၏။ ရောင်တင်းခြင်း၊ နူနာ၊မြင်းသရိုက်၊ အဖျား၊ တုလာသရော၊ ကြို့ထိုး၊ နှလုံးရောဂါ စသည်ကို ပျောက်ကင်းစေ၏။

Image result for ဗောက်လောက်ညို
Photo From - Google


ရောဂါအလိုက်အသုံးပြုနည်း

အသည်းရောင်ရောဂါ –

၎င်းအပင်၏ ပဉ္စငါးပါး၏ သတ္တုရည်ကို ၁၀-ကျပ်သားမှ ၁၅-ကျပ်သားအထိ ယူ၍ မီးနွေးနွေးဖြင့် နှင်းဆီရောင် သန်းလာသည်အထိ ချက်ပါ။ ၎င်းချက်ထားသော အရည်ကို အသည်းရောင်သောသူအား တိုက်ကျွေးပါလျှင် အလွန်နှစ်ကာလရှည်စွာ ဖြစ်နေသောရောဂါပင် ဖြစ်စေကာမူ လျှင်မြန်စွာ ပျောက်ကင်းသည်။

ဝမ်းမီးနုံ့သောရောဂါ –

၎င်းဗောက်လောက်ညိုကို ၄-ဖို့ ၁-ဖို့ကြွင်း ပြုတ်၍ ပိတ်ချင်းသီးမှုန့် အနည်းငယ်မျှ ထည့်၍သောက်က ဝမ်းမီးနုံရောဂါ ပျောက်ကင်း၏။

အပူဖျားရောဂါ –

ဗောက်လောက်ညို ၄ – ဖို့ ၁ – ဖို့ကြွင်းပြုတ်၍ သင့်တော်ရုံသောက်ပါက အပူဖျားများ သက်သာရာ ရ၏။

အိပ်မပျော်သောရောဂါ –

၎င်းဗောက်လောက်ညို၏ အမြစ်ကို သန့်ရှင်းစွာယူပြီးလျှင် ပြုတ်ရည်ပြု၍ ၎င်းတွင် ထန်းလျက်သင့်တော်ရုံ ထည့်၍ သောက်ခဲ့သော် ကြာမြင့်စွာ အိပ်မပျော်သူများ အိပ်ပျော်လာပါလိမ့်မည်။

ကျောက်ကလေး –

၎င်းဗောက်လောက်ညို ပဉ္စငါးပါးကို ပြုတ်ပြီးလျှင် ၎င်းအရည်ကို သောက်စေသော် ငုပ်နေသော ကျောက်ကလေးများ အပြင်သို့ ထွက်လာပါလိမ့်မည်။

ရေဖျင်းနှင့် နှလုံးရောဂါ –

ဗောက်လောက်ညို၏ အရွက်၊ အသီး၊ အကိုင်းအခက်များကို သတ္တုရည်ထုတ်၍ ၂-ပဲသားမှ ၈-ပဲသားအထိ တနေ့ တကြိမ် သို့မဟုတ် နှစ်ကြိမ် အခြေအနေကြည့်၍ တိုက်ခဲ့သော် ရေဖျင်းရောဂါနှင့်နှလုံးရောဂါ အမျိုးမျိုးကို ပျောက်ကင်းပေနိုင်၏။

လျှာအာကွဲနာ –

ဗောက်လောက်ညိုရွက်ကို ဝါးပေးလျှင် စောလျှင်စွာ လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း ပျောက်ကင်းပါလိမ့်မည်။

ဆီအောင့်ရောဂါ (မုတ္တကိစ်) –

ဗောက်လောက်ညို၏ သတ္တုရည်တွင် သကြားခဲ ခပ်၍သောက်ပါလျှင် ဆီးအောင့်ရောဂါများ လျှင်မြန်စွာပျောက်ကင်းပါလိမ့်မည်။ (ကျင်ငယ်ဆင်းသောအခါ အနံ့မခံနိုင်အောင်ဆိုးသော ကျင်ပုပ်ရောဂါ၌ အထက်ဖော်ပြပါအတိုင်း အသုံးပြုရ၏။)

သွားနဲ့ရောဂါ –

သွားမခိုင်ဘဲ ကျိုးတော့မည့်အခါတွင် လွန်စွာနာကျင်သဖြင့် ဒုက္ခဝေဒနာခံစားရသော် ၎င်းအပင်၏ သတ္တုရည်နှင့် ဆီ (သို့) ထောပတ်စစ်စစ် တို့ကိုရော၍ သွားရင်း၌ သိပ်ပေးခဲ့သော် နာကျင်ခြင်းကင်းလျှက် အလိုလို သွားထွက်သွားပါလိမ့်မည်။

ပျို့အန်သောရောဂါ –

၎င်းအပင်၏ သတ္တုရည်ကို လက်ချားအစိမ်းရော၍ တိုက်ခဲ့သော် ပျို့အန်သောရောဂါများ ပျောက်ကင်းပါလိမ့်မည်။

အဖုအပိမ့်အနီထရောဂါ –

၎င်းသတ္တုရည်ကို ရောဂါအခြေအနေအရ တိုက်ကျွေးခဲ့သော် တကိုယ်လုံး အနှံ့အပြား အနီရောင် အဖုအပိန့်များ ဆောလျင်စွာ ပျောက်ကင်းပါလိမ့်မည်။

ထိုအရှင်နာဂသိန်ဆေးကျမ်းကို ဖတ်မိပြီး တိုက်ဆိုင်စွာပင် ကျောင်းဆရာလေးတွင် ရှိနေသောနှလုံးရောဂါနှင့် ဖြစ်ပေါ်လာသော ရေဖျင်းရောဂါအတွက် ဆေးဆရာကြီး ပြပေးသော ဗောက်လောက်ညိုပင် ကျောင်းဆရာလေးအတွက် ကံစပ်စွာ တိုက်ဆိုင်ခြင်းနှင့်အတူ အသေအချာ ယုံကြည်မိသည်က ရေဖျင်းရောဂါအတွက် လွန်စွာဆေးစွမ်းထက်လှသည်ဟု။

 ရဲမျိုးသူ(ဗောဓိမြိုင်)

No comments