New Artical

ပုန်းရည်ကြီး စားပေးသင့်တဲ့ အကြောင်းအရင်းများ

 


ပုန်းရည်ကြီးဟာ ရှေးယခင်ကနေ ခုချိန်ထိ အချိန်အတော်အကြာ တည်ရှိနေတဲ့ မြန်မာ့ရိုးရာ အစားအစာ တမျိုးဖြစ်ပါတယ် ပုန်းရည်ကြီးဟာ အချဉ်ဖောက်ထားတဲ့ ပဲအနှစ်တမျိုးဖြစ်ပြီး လူကြီးကလေး အားလုံးနီးပါး ကြိုက်နှစ်သက်ကြပါတယ်။
ပုန်းရည်ကြီးကို ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေနဲ့ သုပ်စားကြသလို ဝက်သား၊ ငါးကြီးသား စတာတွေနဲ့ ရောပြီးလည်း ချက်စားကြပါတယ်။ဒါ့အပြင် ထမင်း၊ ခေါက်ဆွဲတို့နဲ့ ရောနယ်ကာ ပုန်းရည်ကြီးထမင်းသုပ်၊ ပုန်းရည်ကြီးထမင်းကြော်၊ ပုန်းရည်ကြီးခေါက်ဆွဲသုပ်အနေနဲ့ လုပ်စားကြတာမျိုးလည်းရှိပါတယ်။

ပုန်းရည်ကြီးကို အထက်အညာ ဒေသတွေဖြစ်တဲ့ ပုဂံ၊ ညောင်ဦး၊ စလေ ၊မြင်းခြံစတဲ့ ဒေသတွေက အများဆုံး ထုတ်လုပ်ပြီး တနိုင်ငံလုံးကို တင်ပို့ရောင်းချပါတယ်။ ခုနောက်ပိုင်း နိုင်ငံခြားထိပါ တင်ပို့ရောင်းချပါတယ်။ ပုန်းရည်ကြီးကို အများအားဖြင့် ပဲပိစပ် ကနေထုတ်လုပ်ပါတယ်။ တခြားပဲအမျိုးမျိုးတွေနဲ့လည်း ပုန်းရည်ကြီး ထုတ်လုပ်နိုင်ပါတယ်။

ပုန်းရည်ကြီး ထုတ်လုပ်နည်းအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ပထမဆုံး ပဲပိစပ်တွေကို ရေနဲ့စင်ကြယ်အောင် အကြိမ်ကြိမ်ဆေးရပါတယ် ထို့နောက် အိုးကြီးကြီးတလုံးထဲကို ရေစင်အောင်ဆေးထားတဲ့ ပဲပိစပ်တဆ ရေသုံးဆ ထည့်ကာ ပြုတ်ရပါတယ်။ ပဲတွေနူးအိလာတဲ့အခါမှာဆိုရင် ပဲတွေကိုဆယ်ယူပါတယ်။ အိုးထဲကျန်ခဲ့တဲ့အရည်တွေကိုတော့ စဉ့်အိုးထဲကိုလောင်းထည့်ပြီး အချဉ်ဖောက် ပါတယ်။ အချဉ်ဖောက်ဖို့အတွက် ပုံမှန်အားဖြင့် ၅ ရက်ကနေ ၇ ရက်လောက်အထိထားလေ့ရှိပြီး အချဉ်အရသာ ပိုကြိုက်ပါက ရက်ပိုကြာကြာ ထားနိုင်ပါတယ်။ ဒီလိုအချဉ်ပေါက်လာတဲ့ ပဲရည်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်တင်ကာ ပြန်ကျိုလိုက်တဲ့အခါမှာတော့ ပုန်းရည်ကြီးကိုရပါတယ်။ အချဉ်ပေါက်တဲ့ ပဲရည်ကို ပြန်ကျိုတဲ့အခါမှာ ယောင်းမနဲ့ အဆက်မပြတ်မွှေပေးရပါတယ်။ မွှေတဲ့အခါမှာလည်း ဒယ်အနှံ့သမအောင် မွှေဖို့လိုပါတယ်။ မွှေရင်းမွှေရင်းနဲ့ သင့်တော်တဲ့အပျစ် အနေထားရောက်ပြီလို့ ခန့်မှန်းရတဲ့အခါမှာ ဒယ်အိုးကို မီးဖိုပေါ်ကချပါတယ်။ ပြီးရင် အသင့်ဆေးထားတဲ့မြူအိုး သို့မဟုတ် လေလုံတဲ့အိုး တခုခုထဲကို ခပ်ထည့်ပါတယ်။ အချဉ်ဖောက်တဲ့ ကြာချိန်ပေါ်မူတည်ပြီး အချဉ်အရသာကဲသော ပုန်းရည်ကြီးနဲ့ အဆိမ့်အရသာကဲသော ပုန်းရည်ကြီးဆိုပြီး အရသာနှစ်မျိုးနှစ်စားရှိနိုင်ပါတယ်။ စားသုံးသူအတော်များများကတော့ အဆိမ့်အရသာ ကဲတဲ့ ပုန်းရည်ကြီးကို ပိုကြိုက်ကြပါတယ်။ ပုန်းရည်ကြီးဟာ အရသာလည်းရှိ၊ အမျိုးမျိုးလည်း လုပ်စားလို့ ရတဲ့အပြင် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

ပဲပိစပ်ကနေထုတ်လုပ်ထားတဲ့ ပုန်းရည်ကြီးဟာ အရသာလည်းရှိ၊ အမျိုးမျိုးလည်း လုပ်စားလို့ရတဲ့အပြင် ပရိုတင်းဓါတ်(Protein)၊ လက်စီတင်ဓါတ်(Lecithin)၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

ကြက်သွန်နီ။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ငရုတ်သီး အလှော်မှုန့်၊ ဆီ၊ ဆား စတာတွေနဲ့ ရောသုပ်ရင် ထမင်းမြိန်သလို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးကို ဆီသတ်ပြီး ထည့်ကြော်စားရင်လည်း အရသာရှိပြီး ထမင်းမြိန်စေတဲ့ အညာ အရသာ စစ်စစ် ပုန်းရည်ကြီးကို ကြိုက်ကြလား။သတ်သက်လွတ်ပဲ စားစား၊ ဝက်သား၊ ကြက်သားစတဲ့ အသားတွေနဲ့ပဲ ရောချက်ချက် ခံတွင်းတွေ့စေတဲ့ ပုန်းရည်ကြီးလေးက ထမင်းမြိန်စေတာ အပြင် ကျန်းမာရေးအတွက် အကျိုးပြု သလို အာဟာရလည်း ဖြည့်ပေးပါသေးတယ်။

ဒီတော့ ပရိုတင်း၊ ကယ်လ်လိုရီ၊ အဆီ၊ ဆိုဒီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ သကြားဓာတ်၊ ကယ်လ်ဆီယမ် နဲ့ သံဓာတ်တို့ ပါဝင်နေတဲ့ ပုန်းရည်ကြီးလေးက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူပြုပေးလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

အချဉ်ဖောက်ထားတဲ့ အစားအစာတွေက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးပါတယ်။ မြန်မာ့ရိုးရာ စားစရာတစ်ခုဖြစ်တဲ့ ပဲပိစပ်ကို အချဉ်ဖောက်ပြီး သေချာလေး ပြုပြင်ထားတဲ့ ပုန်းရည်ကြီးက

သွေးတွင်းသကြားဓာတ် ကျစေတယ်
ပဲပိစပ်က သူကိုယ်တိုင်ကိုက ဆေးဖက်ဝင်တာပါ။ ပဲပိစပ်ကို အချဉ်ဖောက်ထားတဲ့ ပုန်းရည်ကြီးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချို ရှိသူတွေနဲ့ သင့်တော်တဲ့ စားစရာ တစ်မျိုးပါ။ ကိုယ်တွင်းမှာ အင်ဆူလင် ထွက်ရှိစေဖို့ လုပ်ဆောင်ပေးသလို အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ လှုံ့ဆော်ပေးပြီး ဆီးချိုကို သက်သာစေသလို ကာကွယ်ပေးတဲ့ တာဝန်ကိုပါ ယူပေးပါသေးတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်
သွေးတိုးက ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည် ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတိုးတဲ့အခါ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အမြင်အာရုံ ပြဿနာတွေ ခံစားရတာ၊ အသက်ရှူရ ခက်တာ၊ ရင်ဘတ် အောင့်တာ၊ ဆီးထဲ သွေးပါတာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ပုန်းရည်ကြီးက ဆိုဒီယမ် ပါဝင်နေတယ်ဆိုပေမယ့် အတန်အသင့် စားသုံးပေးမယ်ဆိုရင် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး နှလုံး ကျန်းမာစေဖို့ အထောက်အကူ ပြုပေးပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်
ပုန်းရည်ကြီးရဲ့ များပြားလှတဲ့ ကျန်းမာရေး အာနိသင်တွေထဲမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝမှုလည်း ပါဝင်နေပါတယ်။ ဓာတ်တိုး ပစ္စည်း ကြွယ်ဝမှုက ပင်ပန်း နွမ်းနယ်မှုကို သက်သာစေသလို စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

အစာခြေစနစ်ကို ကျန်းမာစေတယ်
အမျှင်ဓာတ်က အစာခြေစနစ်ကို အထိရောက်ဆုံး သန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓာတ် ​ကြွယ်ဝတဲ့ အစားအစာတွေက အစာအိမ်ထဲက ချေဖျက်ဖို့ ခက်တဲ့ အရာတွေကို ဖယ်ရှားစွန့်ထုတ်ပေးသလို အူလမ်းကြောင်းနံရံတွေကိူ အာဟာရ စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။အစာကြေ စေပြီး ဝမ်းမှန်စေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။ အူလမ်းကြောင်းကိုလည်း သန့်စင် ကျန်းမာစေပါသေးတယ်။

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်
အချဉ်ဖောက်ထားတဲ့ အစားအစာတွေက အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝစွာ ပါဝင်နေပြီး ကိုယ်တွင်းက အဆီပိုတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အချဉ်ဖာက်ထားတဲ့ ပုန်းရည်ကြီးက ခန္ဓညကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းကို ဖြည့်ပေးနိုင်သလို အမျှင်ဓာတ်လည်း ပြည့်ဝစေပါတယ်။ကာဗိုဟိုက်ဒရိတ် နဲ့ သကြား ပါဝင်မှုနည်းတာကြောင့် ခန္ဓာကိုယ်က အဆီတွေကို လျှော့ချပေးနိုင်ပါတယ်။ အစား စားချင်စိတ်ကို အကောင်းဆုံး ထိန်းပေးပြီး ဝိတ်ကျစေဖို့ အထောက်အကူ ပြုပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်
ပုန်းရည်ကြီးမှာ အအေးမိတာ၊ နာမကျန်းဖြစ်တာတွေကို တိုက်ဖျက်ပေးနေတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အာဟာရ ပြည့်ဝစေမှုက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။

ပုန်းရည်ကြီးရဲ့ နောက်ထပ် ကျန်းမာရေးကောင်းကျိုးတွေကတော့ 

ပုန်းရည်ကြီးမှာပါတဲ့ ပရိုတင်းဓါတ်ဟာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူပေးပါတယ်။

လက်စီတင်ဓါတ်ကတော့ ဦးနှောက်ရဲ့ မှတ်ဉာဏ်၊ စဉ်းစားဉာဏ်တွေကို ကောင်းစေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်တွင်းက မကောင်းတဲ့အဆီဓါတ် (ကိုလက်စထရောဓါတ်) ကိုလည်း ကျစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။

ပုန်းရည်ကြီးစားခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်း ကင်းဝေးပြီး ဝမ်းပျော့ပျော့သွားစေနိုင်တဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။

ပုန်းရည်ကြီးမှာပါတဲ့ အန်တီအောက်ဆီးဒန့်ဓာတ် တမျိုးဟာ ကင်ဆာဆဲလ်တွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပြီး ပုန်းရည်ကြီး မကြာခဏစားပေးခြင်းဖြင့် သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

ယောအတွင်းဦးဘိုလှိုင်ရေးသားပြုစုတဲ့ ဥတုဘောဇနကျမ်းမှာဆိုရင် ပုန်းရည်သည် ဝမ်းကိုပျော့စေတတ်၏။ နှုတ်ကိုမြိန်စေတတ်၏။ အစာကိုကြေစေတတ်၏။ လေသလိပ်တို့ကို ငြိမ်းစေတတ်၏။ ဆိုပြီး ပုန်းရည်ကြီးရဲ့ အကျိုးကျေးဇူးတွေကိုရေးသားဖော်ပြထားပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့အကြံပေးလိုတာက စားလို့လည်းကောင်း၊ ကျန်းမာရေးအတွက်လည်း အကျိုးများတဲ့ ပုန်းရည်ကြီးကို မကြာမကြာဝယ်ပြီး အမျိုးမျိုးလုပ်စားကြပါလို့ အကြံပေးချင်ပါတယ်။

ကဲ….. ပုန်းရည်ကြီးသုပ်လေးနဲ့ ထမင်းမြိန်မြိန် စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရယူလိုက်စို့နော်။

 

 

No comments